Uber အငှားယာဉ် ဝန်ဆောင်မှုကို ရန်ကုန်တွင် တရားဝင်စတင်

ရန်ကုန်၊ မေ ၁၁

စမတ်ဖုန်း အပလီကေးရှင်းမှတဆင့် တက္ကစီ ငှားရမ်းအသုံးပြုနိုင်သည့် Uber ဝန်ဆောင်မှုကို ရန်ကုန်တွင် ယနေ့မှစတင်ကာ တရားဝင် မိတ်ဆက်လိုက်သည်။

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် အမေရိကန်အခြေစိုက် Uber သည် ကမ္ဘာ့မြို့ပေါင်း ၄၅၀ ကျော်တွင် အငှားယာဉ်ဝန်ဆောင်မှုစနစ်ကို တည်ထောင်ထားပြီးနောက် ဈေးကွက်သစ်အဖြစ် ရန်ကုန်တွင် ဝန်ဆောင်မှုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

Uber ၏ဝန်ဆောင်မှုတွင် အငှားယာဉ်မောင်းနှင်သူများ၏ ကိုယ်ရေးအချက်အလက်ကို စီးနင်းသူများသိရှိနိုင်ပြီး အပြန်အလှန်အားဖြင့် စီးနင်းသူများ၏ ကိုယ်ရေးအချက်အလက်ကို အငှားယာဉ်မောင်းများ သိရှိနိုင်သည့်အတွက် ၎င်းတို့နှစ်ဘက်အကြား လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်ကြောင်း Uber ၏ အာရှပစိဖိတ်ဒေသတွင်း အထွေထွေမန်နေဂျာ မစ္စတာ မိုက်ကယ်ဘရောင်းက ယနေ့ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

Uber အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီက မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးမည်ဟု ပြီးခဲ့သည့် မတ်လက ကြေညာခဲ့ပြီးနောက် ဧပြီ ၂၆ ရက်နေ့က စတင်ကာ ၎င်း၏ ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် စတင်စမ်းသပ်ခဲ့သည်။

အဆိုပါစမ်းသပ်မှုတွင် ၎င်း၏ မိုဘိုင်းအက်ပ်လီကေးရှင်းအား ဒေါင်းလော့ဆွဲထားသည့် မြန်မာပြည်မှ သုံးစွဲသူများထံသို့ အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ငါးရက်အတွင်း တစ်ကြိမ်လျှင် အများဆုံးတစ်သောင်းဖိုးအထိ ၁၀ ကြိမ်တိတိ အခမဲ့ စီးနင်းခွင့် ပေးခဲ့သည်။

လက်ရှိတွင်မြန်မာနိုင်ငံတွင်း၌ Oway Ride နှင့် Hello Cab ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများကလည်း Uber နှင့် ပုံစံဆင်တူသော ဝန်ဆောင်မှုများကို ပြီးခဲ့သည့်နှစ်က စတင်၍ ဆောင်ရွက်လျှက်ရှိသည်။ ထို့ပြင် စင်ကာပူအခြေစိုက် နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုသည့် Grab Taxi ကလည်း ၎င်း၏ ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် မတ် ၂၂ ရက်နေ့က စတင်စမ်းသပ်နေသည်။

Uber ၏ တာဝန်ရှိသူများက ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလများအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်မည်ဟု Uber ၏ ကြေညာချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar