နည်းပညာအခြေပြု အငှားယာဉ်များအတွက် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများ ရေးဆွဲသွားမည်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် နည်းပညာအခြေပြု အငှားယာဉ်များအား မျှတသည့် ယှဉ်ပြိုင်မှု ဖြစ်စေရန်အတွက် စည်းမျဉ်း စည်းကမ်များနှင့် နည်းဥပဒေများ ရေးဆွဲသွားရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မိုဘိုင်းအပလီကေးရှင်းသုံး အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာပြီး မြန်မာ့ အငှားယာဉ်လောက တစ်ခေတ်ဆန်းစေရေးအတွက် လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းများ၊ နည်းဥပဒေများ ရှိလာစေရေး မည်သို့မည်ပုံ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့မှုကို ၎င်းက ထိုသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

“အငှားယာဉ်လုပ်ငန်းနှင့်ပတ်သက်သော ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြိုဆိုပါသော်လည်း ယှဉ်ပြိုင် ပြေးဆွဲနေကြသည့် ကုမ္ပဏီများအနေနှင့် တရားမျှတသော ယှဉ်ပြိုင်မှုကွင်းပြင်(Leveled Playing Field) ရှိရန်နှင့် စနစ်ကျသော အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများအနေနှင့် ခရီးသွားပြည်သူများကို အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေများရှိရန် အရေးတကြီး လိုအပ်လှပါသည်” ဟု ဦးနေဘုန်းလတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဒေါ်နီလာကျော်က ရန်ကုန်မြို့ အငှားယာဉ်လောကတွင် Oway၊ Hello Cab၊ Uber၊ Grab နည်းပညာ အခြေပြု မိုဘိုင်းအပလီကေးရှင်းနှင့် အွန်လိုင်းအသုံးပြု ဝန်ဆောင်မှုများက ခရီးသည်များအတွက် အဆင်ပြေမှုနှင့် လုံခြုံမှုပေးနိုင်မှုကြောင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာသည်ဟု ပြောကြားသည်။

သို့သော် “တစ်ဘက်တွင်လည်း တစ်ဦးချင်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီလေးခုအား ခေါ်ယူညှိနှိုင်းဆောင်ရွက်မှု သုံးကြိမ်ရှိပြီဖြစ်ပါကြောင်း၊ အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် နည်းဥပဒေများကို ပြည်ထောင်စုဝန်ကြီးဌာနမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA တို့ ပေါင်းစပ်ပြီး ရေးဆွဲ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း” ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တက္ကစီ အငှားယာဉ် ၆၇,၀၀၀ ကျော်ရှိပြီး အများစုမှာ ပုဂ္ဂလိကပိုင် တက္ကစီယာဉ်အများစုဖြစ်ပြီး ကုမ္ပဏီပိုင် တက္ကစီယာဉ် အနည်းငယ်သာရှိသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ဆူးလေ-အောင်မင်္ဂလာလိုင်းများကို YBS လိုင်းကားများ ပြေးဆွဲနေသည့် လမ်းကြောင်းများအတိုင်း အငှားယာဉ် မှတ်ပုံတင်များဖြင့် ပြေးဆွဲနေသည့် မော်တော်ယာဉ်များမှာ လုပ်ထုံးလုပ်နည်းအရ ညီညွတ်မှုမရှိသဖြင့် ယာယီရပ်တန့်ထားပြီး လုပ်ထုံးလုပ်နည်းများအရ ညီညွတ်အောင် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဒေါ်နီလာကျော်က အခြားကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar