ရန်ကုန်၊ သြဂုတ် ၁၁
မြန်မာနိုင်ငံအတွင်းရှိ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်များအား ပညာသင်ကြားပေးနေသည့် NGO တစ်ခုဖြစ်သည့် Myanmar Mobile Education Project (myME) အတွက် သင်ထောက်ကူပစ္စည်းများနှင့် တတိယမြောက် ဘတ်စ်ကားကို လှူဒါန်းခဲ့သည်ဟု Samsung Myanmar က ပြောကြားသည်။
“လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ပုံဖော်နိုင်အောင် ပံ့ပိုးပေးနေတဲ့ myME နဲ့ အတူ လက်တွဲလာတာ အခုဆိုရင် သုံးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်” ဟု Samsung Myanmar မှ Head of Marketing ဖြစ်သူ Mr. Richard See က ပြောကြားသည်။
“အခုလို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကလေးတွေ ရဲ့ တိုးတက်မှုတွေကို တွေ့ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း myME ကို အနာဂတ်မှာ ဆက်လက်ပံ့ပိုးကူညီနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ အခုလို myME မှာ ပညာသင်ကြားနေတဲ့ ကလေးတွေကလည်း နောင်တစ်ချိန်မှာ တိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ အဖြစ် ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ကျောင်းပြင်ပရောက် လူငယ်များ ပညာသင်ကြားရေးအတွက် ရွေ့လျားစာသင်ခန်းကားများနှင့် သင်ထောက်ကူပစ္စည်းများကို နှစ်နှစ်ဆက်တိုက် ပံ့ပိုးပေးခဲ့သည့် Samsung Myanmar က သုံးကြိမ်မြောက် ဆက်လက်လှူဒါန်းခြင်းဖြစ်သည်ဟု သြဂုတ် ၁၀ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမနှစ်တွင် လှုဒါန်းခဲ့သည့် ဘက်စ်ကားအား ရန်ကုန်မြို့အတွင်း ကျောင်းပြင်ပရောက် သင်ခန်းစာများ သင်ကြားမှုကို အားဖြည့်ရာတွင် အသုံးပြုခဲ့ပြီး ဒုတိယမြောက် ဘက်စ်ကားအား မန္တလေးမြို့ရှိ လူငယ်များအား စာသင်ကြားရန် အသုံးပြုခဲ့သည်။ ယခုနှစ်တွင် လှုဒါန်းသည့် ဘက်စ်ကားအား ကျောင်းပြင်ပရောက် သင်ခန်းစာများ သင်ကြားရန်သာမက အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ သင်ကြားပို့ချ ပေးအပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက Samsung Myanmar နဲ့ ပူးပေါင်းမှုက တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာလည်း နောက်ထပ် ဘက်စ်ကားတစ်စီး လှူဒါန်းတဲ့အတွက် အရမ်းကို ဝမ်းသာရပြီး အားတက်ရပါတယ်။ ဒီထပ်မံ လှူဒါန်းထားတဲ့ ဘက်စ်ကားကို သာမန် ကျောင်းပြင်ပ သင်ခန်းစာတွေသာမက အချက်အပြုတ်ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာရပ်တွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ သန့်ရှင်းတဲ့အစားအသောက်များအကြောင်းကို သင်ကြားနိုင်ရန်အောင် မီးဖိုချောင် အသေးစားမျိုး ထည့်သွင်းပြုလုပ်သွားမှာပါ” ဟု myME ၏ စီမံကိန်းဒါရိုက်တာ ကိုတင်မောင်မောင်အေးက ပြောကြားသည်။
သင်တန်းအား ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း အစရှိသော မြို့နယ်များသို့ သွားရောက် သင်ကြားပေးမည်ဖြစ်သည်။
myME Project ကို ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ စာရေးဆရာများနှင့် အနုပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ myME က လက်ဖက်ရည်ဆိုင်မှ ကလေးသူငယ်များကို ဘတ်စ်ကားစာသင်ကျောင်းများမှတဆင့် ပညာသင်ကြားပေးခြင်းနှင့် အကူအညီများကို ထောက်ပံ့ပေးနေသည်။