ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် လျှို့ဝှက်လွန်းတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ စမတ်ဖုန်းဈေးကွက်လုပွဲ

မြန်မာပြည်ဈေးကွက်မှာ တရုတ်ကုမ္ပဏီတွေရဲ့ စမတ်ဖုန်းဈေးကွက်လုပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် လျှို့ဝှက်လွန်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

“မြန်မာနိုင်ငံဟာ ထွန်းသစ်စ ဈေးကွက်အသစ်ဖြစ်ပြီး ဝယ်လိုအားလဲများတဲ့ နေရာတစ်ခုလို့ ကျွန်တော်တို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စမတ်ဖုန်းတွေကို လူတွေ ပိုပို သုံးလာကြတယ်လေ” လို့ မြန်မာ့စမတ်ဖုန်းဈေးကွက်ထဲ ဘာကြောင့် ဝင်လာတာလဲဆိုတဲ့ Frontier ရဲ့ မေးခွန်းကို Mr Xiao Li က ပြန်ဖြေပါတယ်။

သူကတော့ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းအခြေစိုက် Meizu ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံစမတ်ဖုန်းဈေးကွက်ထဲကို တရုတ်နိုင်ငံထုတ် အခြာေးသာ စမတ်ဖုန်းတွေထက် နှစ်အနည်းငယ် နောက်ကျပြီးမှ ဝင်လာခဲ့ပေမဲ့ Meizu ဟာ မြန်မြန်ဆန်ဆန်ပဲ လူသိများလာတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းမှာ တရားဝင်ရုံးခန်းတစ်ခု ရန်ကုန်မှာ လာဖွင့်ထားတဲ့ Meizu ဟာ လာမယ့်နှစ်နှစ်အတွင်း မြန်မာ့ စမတ်ဖုန်းဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ဖို့ ရည်မှန်ထားတယ်လို့ Mr Xiao Li က ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသမှာဆိုရင် မြန်မာနိုင်ငံဟာ အတော်နောက်ကျပြီးမှ မိုဘိုင်းဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ပြည်သူတွေ သုံးခွင့်ရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တဟုန်ထိုးဖွံ့ဖြိုးလာတဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဟန်းဆက် ဈေးကွက်ထဲကို တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်တွေ အလုအယက် ဝင်ရောက်နေရာယူနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခုနှစ်ရက်တစ်ပတ်ပြည့်တိုင်း ဖုန်းဟန်းဆက် ၅၇,၈၄၄ လုံး ရောင်းချနေရပါတယ်။ ဒါဟာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ တင်သွင်းခွင့် ထောက်ခံချက်နဲ့ ခွင့်ပြုခဲ့တဲ့ လက်ကိုင်ဖုန်းဟန်းဆက် အရေအတွက်စာရင်းကို အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

အဲဒီကာလအတွင်းမှာ လက်ကိုင်ဖုန်းဟန်းဆက် ၁၇ ဒသမ ၈ သန်းကျော်ကို မြန်မာနိုင်ငံထဲ တင်သွင်းဖို့ ခွင့်ပြုချက်ပေးခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေလအတွင်းက ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အစိုးရထံ အခွန်ပေးဆောင်ခဲ့တဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း မြန်မာနိုင်ငံထဲကို တင်သွင်းခဲ့တဲ့ လက်ကိုင်ဖုန်းဟန်းဆက်တွေဟာ ပျှမ်းမျှအားဖြင့် တစ်ခုကို ၃၁ ဒေါ်လာတန်ကြေးရှိပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနက ထောက်ခံချက်ပေးပြီး တင်သွင်းခွင့်ပြုတဲ့ လက်ကိုင်ဖုန်းဟန်းဆက် အရေအတွက်အရဆိုရင် ခြောက်နှစ်အတွင်း မြန်မာနိုင်ငံထဲကို တင်သွင်းခဲ့တဲ့ လက်ကိုင်ဖုန်းဟန်းဆက် ဈေးကွက်တစ်ခုလုံးဟာ အမေရိကန်ဒေါ်လာ ၅၅၃ ဒသမ၃ သန်းလောက် တန်ကြေးရှိနေပါတယ်။

တရားမဝင်ဈေးကွက်ထဲက အရေအတွက်ကိုပါ ထည့်သွင်းတွက်ချက်နိုင်ရင် ဒီထက်ပိုများကောင်း များနိုင်ပါတယ်။

ဆက်သွယ်ရေးကဏ္ဍ တံခါးဖွင့်ချိန်

ရန်ကုန်မြို့လယ်က အဓိကလမ်းမကြီးဖြစ်တဲ့ အနော်ရထာလမ်းမကြီးပေါ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စားသောက်ဆိုင်တွေနဲ့ အဝတ်အထည်ဆိုင်တွေရဲ့ အခန်းကဏ္ဍဟာ အဆုံးသတ်သွားခဲ့ပါပြီ။

အဲဒီနေရာတွေမှာ ဖုန်းဟန်းဆက်နဲ့ အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေက အစားထိုး နေရာယူသွားခဲ့ပါပြီ။

အခုဆိုရင် အနော်ရထာလမ်းမပေါ်လမ်းလျှောက်သွားရင် ဖုန်းနဲ့ဖုန်းအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေကို နေရာတိုင်း တွေ့နိုင်ပါတယ်။ ဒီလိုပဲ လသာလမ်းအပေါ်ဘလောက်မှာဆိုရင်လည်း တရုတ်နိုင်ငံထုတ် ဖုန်းဟန်းဆက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အရောင်းပြခန်းတွေကို အပြိုင်အဆိုင် ဖွင့်လှစ်ထားကြပါတယ်။

typeof=

ကိုလိုနီခေတ်ကတည်းကစတင်ပြီး နှစ်ပေါင်း ၁၃၀ လောက် ဆက်သွယ်ရေးကဏ္ဍကို အစိုးရတစ်ခုတည်းကသာ ထိန်းချုပ်ထားမှုဟာ ၂၀၁၄ ခုနှစ်မှာ အဆုံးသတ်သွားပြီးတဲ့နောက် အနော်ရထာလမ်းမလိုပဲ မြန်မာနိုင်ငံက မြို့တွေတိုင်းရဲ့ အချက်အချာကျတဲ့နေရာတွေက ဆိုင်ခန်းတွေဟာ ဖုန်းဟန်းဆက်နဲ့ အပိုပစ္စည်းတွေရောင်းတဲ့ဆိုင်တွေအဖြစ် ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ပြောင်းလဲသွားခဲ့ပါတယ်။

လူဦးရေ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးမူဝါဒတွေ မပြောင်းလဲမီ ၂၀၁၃ ခုနှစ်တုန်းက လူ ၁၀၀ မှာ မိုဘိုင်းဖုန်း အသုံးပြုနိုင်သူ ၇ ဦးသာရှိခဲ့ပေမယ့် မိုဘိုင်းဖုန်းဈေးကွက်ကို အစိုးရက ဖွင့်ပေးလိုက်ပြီးနောက် ဒီအခြေအနေက လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ နော်ဝေအခြေစိုက်တယ်လီနောနဲ့ ကာတာအခြေစိုက် အူရီဒူးတို့ကို မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်ဖို့ အစိုးရက ခွင့်ပြုပေးခဲ့သလို အမ်ပီတီလို့ခေါ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ဂျပန်နိုင်ငံက ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ အဲဒီနောက် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ကျပ် ၁၅၀၀ နဲ့ ဆက်သွယ်ရေးကုမ္ပဏီသုံးခုက အပြိုင်အဆိုင် ရောင်းချပါတော့တယ်။

မြန်မာအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ခြောက်နှစ်ခန့်အတွင်း တစ်ရက်ကို မိုဘိုင်းဆင်းကတ် ၄၀,၅၀၀ နှုန်း ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကနေ  ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ ကာလအတွင်း တွက်ချက်ထားတာဖြစ်ပြီး ဆင်းကတ် စုစုပေါင်း ၈၇ ဒသမ ၃၈ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်း မိုဘိုင်းဖုန်းဆင်းကတ် ဝယ်လိုအား တရှိန်ထိုးမြင့်တက်လာမှုနဲ့အတူ မိုဘိုင်းဖုန်းဟန်းဆက် ဈေးကွက်ကလည်း အလျှင်အမြန် ကြီးထွားလာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

လူကြိုက်များတဲ့ တရုတ်ဖုန်း

Nikkei Asian Review ရဲ့ အဆိုအရ အရှေ့တောင်အာရှနိုင်ငံတွေက စမတ်ဖုန်းသုံးတဲ့သူ ငါးယောက်မှာ တယောက်ဟာ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်ကို အသုံးပြုတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံထုတ် iPhone နဲ့ တောင်ကိုရီးယားက Samsung တို့ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတယ်ဆိုပေမယ့် လူဦးရေ သန်း ၆၀၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှဈေးကွက်မှာတော့ တရုတ်ထုတ်ဖုန်းတွေက နေရာယူထားတယ်လို့ ဂျပန်နိုင်ငံခြေစိုက် Nikkei Asian Review က ပြီးခဲ့တဲ့ စက်တင်ဘာလလယ်မှာ ဖော်ပြခဲ့တဲ့ “Asia foreshadows rise of Chinese smartphones as iPhone X unveiled” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အခြားသောအရှေ့တောင်အာရှနိုင်ငံတွေလိုပဲ မြန်မာ့ဈေးကွက်မှာလည်း တရုတ်အမှတ်တံဆိပ်ဖုန်းတွေက ဈေးကွက်ဝေစု အများကြီး ရယူထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျပြီးမှ ဖွံ့ဖြိုးခဲ့ပေမယ့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲကြသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ စမတ်ဖုန်းဟန်းဆက်တွေ သုံးဆွဲနေကြပါတယ်။

ရန်ကုန်မြို့က လူသိများတဲ့ စမတ်ဖုန်းအပါအဝင် အိုင်တီပစ္စည်းမျိုးစုံ လက်လီရောင်းချနေတဲ့ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ UNIQUE နဲ့ KMD တို့က သူတို့ရဲ့ ဆိုင်တွေမှာ ဝယ်ယူလို့ရတဲ့ စမတ်ဖုန်းမျိုးခွဲပေါင်း ၁၃၅ မျိုးလောက်ကို ကြေညာထားပြီး အဲဒီထဲက ၇၈ ရာခိုင်နှုန်းလောက်ဟာ တရုတ်အမှတ်တံဆိပ် ဖုန်းတွေပဲ ဖြစ်ပါတယ်။

“တရုတ်ဖုန်းတွေက ဈေးနှုန်း ကျပ်တစ်သိန်းခွဲလောက်နဲ့ Finger Print (လက်ဗွေရာလုံခြုံရေးစနစ်) လည်းပါတယ်။ ကင်မရာလည်းကောင်းတယ်ဆိုရင် လူကြိုက်များတယ်” လို့ မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးမြို့မှာလူသိများတဲ့ စမတ်ဖုန်းဟန်းဆက် အရောင်းဆိုင်တစ်ခုဖြစ်တဲ့ Super Mobile က ကြီးကြပ်ရေးမှူး ကိုအောင်မြတ်သူကပြောပါတယ်။

တရုတ်အမှတ်တံဆိပ်ဖုန်းတွေ မြန်မာနိုင်ငံဈေးကွက်မှာ အလျှင်အမြန် နေရာရခဲ့တဲ့ အကြောင်းပြချက်တစ်ခုကတော့ ဈေးနှုန်းကြောင့်ပဲ ဖြစ်ပါတယ်။ အနိမ့်ဆုံးလုပ်ခလစာ ၃,၆၀၀ ကျပ်လို့ တရားဝင်သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ အများစု လက်လှမ်းမှီတဲ့ ဈေးနှုန်းတွေကြောင့်လည်း တရုတ်ဖုန်းတွေ အရောင်းသွက်နေတာ ဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်(Screen Side) ၅ ဒသမ ၂ လက်မရှိပြီး ကင်မရာ 13MP/5MP ရှိကာ RAM 3GB၊ 1.3GHz Octa-C  တပ်ဆင်ထားတဲ့ တရုတ်ထုတ် Meizu M5S ဖုန်းတစ်လုံးကို ဈေးကွက်ထဲမှာ ကျပ် ၁၉၉,၀၀၀ ခန့်ပေးရမှာဖြစ်ပြီး အဲဒီ အရည်အသွေးတူ ဂျပန်၊ ဒါမှမဟုတ် တောင်ကိုရီးယားထုတ် ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် နောက်ထက် ကျပ်တစ်သိန်းလောက် ထပ်ပေးရမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းလက်လီအရောင်းဆိုင် ၃၀ လောက်ကို Frontier က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သုတေသန ပြုထားချက်တွေအရ မြန်မာနိုင်ငံသားတွေဟာ စမတ်ဖုန်းဟန်းဆက် တစ်လုံးအတွက် ကျပ်တစ်သိန်းခွဲကနေ ကျပ်သုံးသိန်းအတွင်းလောက်ပဲ အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ကင်မရာသည် ဦးစားပေး နံပါတ်တစ်

“စမတ်ဖုန်းတော်တော်များများဟာ Selfie ပိုင်းကို အလေးထားပြီး ထုတ်လုပ်လာတာကို တွေ့ရပါတယ်” လို့ စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ Vivo V7+ စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲမှာ Vivo Mobile Myanmar Co.,Ltd က Project Manager ဖြစ်သူ ဦးအောင်မင်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံထုတ် Vivo ဟာ မြန်မာ့ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် Selfie ရိုက်ကူးတဲ့ ဖုန်းအရှေ့ကင်မရာကောင်းမွန်တဲ့ သူတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ V7+ ကို တစ်ကမ္ဘာလုံးမှာ စတင်ဖြန့်ချိခြင်းနဲ့အတူ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Vivo V7+ ဟာ ဖုန်းမျက်နှာပြင် အရည်အသွေး၊ အသံပိုင်းနဲ့Hardware ပိုင်းဆိုင်ရာတွေမှာ အရည်အသွေး ကောင်းမွန်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့မိတ်ဆက်ပွဲမှာတော့ ကင်မရာပိုင်းကို အထူးပြု ကြော်ငြာသွားခဲ့ပါတယ်။

သူတို့ရဲ့ ကုန်ပစ္စည်းသစ် Vivo V7+ မှာ ကမ္ဘာ့ပထမဆုံး Front camera 24MP ပါဝင်ကြောင်း ပြသတဲ့အနေနဲ့ မိတ်ဆက်ပွဲမှာ Selfie ရိုက်ကူးတဲ့ သရုပ်ဆောင်မှုတွေကို မကြာခဏ ထည့်သွင်းပြသသွားခဲ့ပါတယ်။

ဒီကင်မရာဟာ မြန်မာနိုင်ငံထဲမှာ လက်ရှိလူကြိုက်များနေတဲ့ ဖုန်းဟန်းဆက်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေထက် ၂ ဆကနေ ၅ ဆအထိ ပိုမိုအစွမ်းထက်တဲ့ ကင်မရာကို တပ်ဆင်ထားတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံမှာ တရားဝင်ရုံးစိုက်ပြီး ပြည်တွင်း မိုဘိုင်းဟန်းဆက်ဈေးကွက်ထဲ ဝင်ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းအခြေစိုက်  Vivo ဟာ အရည်အသွေးကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ထားတဲ့ V7+ ကို ကျပ် ၄၂၀,၀၀၀ ခန့်နဲ့ ရောင်းချမှာဖြစ်ပြီး သူတို့နဲ့ ဆက်သွယ်ထားတဲ့ အရောင်းဆိုင် ၄,၂၀၀ ကျော်မှာ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Vivo ပစ်မှတ်ထားပြီးကြော်ငြာသလိုပဲ မြန်မာနိုင်ငံက ဖုန်းဟန်းဆက်ဝယ်ယူသူတွေဟာ ဖုန်းရဲ့ အပြင်ပိုင်း Hardware၊ အတွင်းပိုင်း software နဲ့ ဒီဇိုင်းပုံစံ၊ အရောင်စတာတွေထက် ကင်မရာအရည်အသွေးကို ဦးစားပေး ဝယ်ယူတတ်တယ်လို့ လက်လီအရောင်းဆိုင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေရဲ့ ၇၉ ဒသမ ၉ ရာခိုင်နှုန်းဟာ စမတ်ဖုန်းတစ်လုံးရဲ့ Selfie ကင်မရာနဲ့ နောက်ဘက်ကင်မရာ ကောင်းမွန်မှုကို စမတ်ဖုန်းတစ်လုံး ဝယ်ယူရာမှာ အဓိကအချက်အဖြစ် ထည့်သွင်း စဉ်စားလေ့ ရှိကြတယ်လို့ သုတေသန ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nielsen MMRD က ၂၀၁၆ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကို အခြေခံပြီး ပြည်တွင်းနည်းပညာဂျာနယ်တွေက ရေးသားခဲ့ကြပါတယ်။

လူသိများတဲ့ တရုတ်အမှတ်တံဆိပ်များ

ဈေးကွက်ဆိုင်ရာ သုတေသန ကိန်းဂဏန်းအချက်တွေ ရရှိဖို့ ခက်ခဲလှတဲ့ မြန်မာနိုင်ငံမှာ အဲဒီအမှတ်တံဆိပ်တွေထဲက ဘယ်အမှတ်တံဆိပ်ဟာ ဈေးကွက်ဝေစု အများဆုံးရထားတယ်ဆိုတာကိုတော့ အသေအချာပြောဖို့ ခက်ခဲပါတယ်။

ဒါဇင်နဲ့ချီတဲ့ တရုတ်အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံဈေးကွက်ထဲ ဝင်ရောက်နေပေမယ့် Huawei၊ Meizu၊ Xiaomi(MI)၊ OPPO နဲ့ Vivo တို့ကတော့ မြန်မာ့ဈေးကွက်မှာ လူသိအများဆုံးတရုတ် စမတ်ဖုန်းအမှတ်တံဆိပ်တွေဖြစ်တယ်လို့ Frontier က ပြုလုပ်ခဲ့တဲ့ အသေးစားစစ်တမ်းအရ တွေ့ရှိခဲ့ရပါတယ်။

အဲဒီအသေးစားစစ်တမ်းကို စက်တင်ဘာလလယ်ခန့်မှာ Frontier က စီစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်း အခြေစိုက် နည်းပညာသတင်းထောက် ၆ ယောက်နဲ့ နိုင်ငံအနှံ့က စမတ်ဖုန်းလက်လီအရောင်းဆိုင် ၃၀ ခန့်ကို  မေးမြန်းထားတာ ဖြစ်ပါတယ်။

ဒီ သုတေသနပြုချက်အရ Xiaomi(MI) ဟာ လက်ရှိအချိန်မှာ ဈေးကွက်ဝေစု အဓိက ရရှိထားတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်တယ်ပါတယ်။ သူ့နောက်မှာတော့ OPPO နဲ့ Vivo တို့ ရပ်တည်နေပါတယ်။

Meizu ရဲ့ မြန်မာနိုင်ငံတာဝန်ခံ Mr Xiao Li ကို လသာလမ်းရှိ Meizu အရောင်းပြခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Meizu ရဲ့ မြန်မာနိုင်ငံတာဝန်ခံ Mr Xiao Li ကို လသာလမ်းရှိ Meizu အရောင်းပြခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ထဲကို အစောဆုံးဝင်ရောက်လာတဲ့ နာမည်ကြီး တရုတ်အမှတ်တံဆိပ်ဖြစ်တဲ့ Huawei ကတော့ စမတ်ဖုန်းခေတ်ဦးမှာ ဈေးကွက်ကို ဦးဆောင်နိုင်ပေမဲ့ ၂၀၁၆ ခုနှစ်အစောပိုင်းကစပြီး သူ့ဈေးကွက်ဝေစုကို အခြားသော ပြိုင်ဘက်တရုတ်အမှတ်တံဆိပ်တွေကို ခွဲဝေပေးခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းမှ မြန်မာ့ဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လာတဲ့ Meizu ကတော့ အနာဂတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်ထဲမှာ အလားအလာအကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်တဲ့စစ်တမ်းတစ်ခုမဟုတ်ပေမယ့် ဆယ်စုနှစ်တစ်ခုနီးပါးကြာ နည်းပညာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ကြတဲ့ သတင်းထောက် ၃ ယောက်ကတော့ ဒီစစ်တမ်းဟာ အနီးစပ်ဆုံး မှန်ကန်မှုရှိနိုင်တယ်လို့ ထင်မြင်ချက်ပေးပါတယ်။

လျှို့ဝှက်လွန်းတဲ့ ပြိုင်ပွဲ

မြန်မာနိုင်ငံတွင်းမှာ တရုတ်ကုမ္ပဏီတွေရဲ့ စမတ်ဖုန်းဈေးကွက်လုပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် လျှို့ဝှက်လွန်းတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာ့စမတ်ဖုန်းဈေးကွက်ထဲမှာ Huawei၊ Meizu၊ Xiaomi(MI)၊ OPPO နဲ့ Vivo တို့ဟာ လူသိအများဆုံး တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်တွေဆိုတာ ဘယ်သူမှမငြင်းဆန်နိုင်ပေမယ့် တကယ်တန်းမှာ ဈေးကွက်ကို ဘယ်သူက ဦးဆောင်နေတယ်ဆိုတာ သိဖို့ ခဲယဉ်းတယ်လို့ သတင်းထောက်လုပ်သက် ၁၀ နှစ်နီးပါးရှိပြီး နည်းပညာဂျာနယ် တစ်ခုဖြစ်တဲ့ Internet ဂျာနယ်ရဲ့ အကြီးတန်းသတင်းထောက် ကိုထွန်းထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စမတ်ဖုန်းဟန်းဆက်တွေ ဘယ်လောက်ရောင်းရလဲဆိုတာ ကုမ္ပဏီတွေက ဖြေလေ့မရှိဘူး” လို့ သူက ပြောပါတယ်။

Frontier က မေးမြန်းခဲ့သူတွေ အများဆုံးညွှန်းဆိုတဲ့ Xiaomi(MI) Myanmar ကို Frontier က ခြောက်ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဈေးကွက်အခြေအနေဟာ လျှို့ဝှက် ထားရမယ့် ရုံးတွင်းကိစ္စလို့ ဖုန်းထဲကနေ အကြောင်းပြန်ခဲ့ပြီး အသေးစိတ်မေးမြန်းဖို့ ကမ်းလှမ်းမှုကိုလည်း အကြောင်းမပြန်ခဲ့ပါဘူး။

မြန်မာ့စမတ်ဖုန်းဈေးကွက်ဟာ သာမန်လူတွေသာမကဘဲ အစိုးရအတွက်ပါ သိဖို့ ခက်ခဲလှတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်း စမတ်ဖုန်းဈေးကွက်ထဲကို တရားဝင်အခွန်ဆောင်ပြီး တင်သွင်းကြသလို နယ်စပ်ဂိတ်တွေ၊ လေဆိပ်တွေ ကတဆင့် မှောင်ခိုတင်သွင်းကြတဲ့ ဈေးကွက်ကလည်း ကြီးမားလှပါတယ်။

အကောက်ခွန်ရှောင်ဖို့အတွက် ပြည်တွင်းကို ဖုန်းဟန်းဆက်တွေ နည်းမျိုးစုံနဲ့ တရားမဝင်တင်သွင်းတာကြောင့် မြန်မာအစိုးရအတွက် ရသင့်တဲ့အခွန်တွေ နစ်နာနေတယ်လို့လည်း မြန်မာအစိုးရက ဝန်ခံထားပါတယ်။

အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ကနေ သြဂုတ် ၃၁ ရက်နေ့အထိ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ကျပ် ၁၃ ဒသမ ၅ သန်းဖိုးလောက် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ကိုင်ဖုန်းများဖြစ်တဲ့အတွက် သိုဝှက်သယ်ဆောင်ရန်လည်း လွယ်ကူတဲ့အခြေအနေ ရှိပါတယ်”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေလအတွင်းမှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့လယ်က တစ်ပတ်ရစ် ဟန်းဆက်ဈေးကွက်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရန်ကုန်မြို့လယ်က တစ်ပတ်ရစ် ဟန်းဆက်ဈေးကွက်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် (မတ်လကုန်) အထိ တင်သွင်းထောက်ခံချက်နဲ့ ခွင့်ပြုခဲ့တဲ့ လက်ကိုင်ဖုန်းအရေအတွက်ဟာ အလုံးရေ ၁၇ ဒသမ ၈ သန်းကျော်ရှိပေမယ့် အကောက်ခွန်ဦးစီးဌာနက အခွန်ရရှိတဲ့စာရင်းမှာတော့ အလုံးရေ ၁ ဒသမ ၆ သန်းဖိုးပဲ စာရင်းရှိတယ်လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီစာရင်းတွေ ကွာဟနေတာဟာ အစိုးရထံကနေ ခွင့်ပြုချက် တောင်းထားတာထက် လျှော့နည်းပြီးတင်သွင်းတာဖြစ်နိုင်သလို အကောက်ခွန်ရှောင်လွဲဖို့အတွက် မှောင်ခိုတင်သွင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စမတ်ဖုန်း ဟန်းဆက်ဈေးကွက်ဟာ ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အလွန်အမင်း ဖွံ့ဖြိုးခဲ့ပြီးနောက် ဈေးကွက်က အနည်းငယ်နှေးကွေးသွားတဲ့ လက္ခဏာတွေ ပြသနေတယ်လို့ IDC က ပြောပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ တတိယလေးလပတ်အတွင်းမှာ စမတ်ဖုန်းဟန်းဆက် အလုံးရေ ၂ ဒသမ ၅ သန်း တင်သွင်းခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၂၆ ရာခိုင်နှုန်းရှိတယ်လို့ ဒီ သုတေသနကုမ္ပဏီက ပြောကြားထားပါတယ်။ ယခု ၂၀၁၇ ခုနှစ်မှာတော့ တိုးတက်မှုနှုန်းက ၉ ရာခိုင်နှုန်းရှိနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဒါက အခြားသောအရှေ့တောင်အာရှနိုင်ငံတွေရဲ့ တိုးတက်မှုနှုန်းဖြစ်တဲ့ ၆ ရာခိုင်နှုန်းထက်တော့ မြင့်မားနေပါသေးတယ်။

ဒီလို စမတ်ဖုန်းဟန်းဆက် ရောင်းချရမှုနှုန်း ကျဆင်းသွားတာကတော့ မြို့ပြနေသူအများစုမှာ စမတ်ဖုန်းတွေ ပိုင်ဆိုင်ထားပြီးဖြစ်တယ်ဆိုတဲ့ အချက်ကလည်း တစ်ခုဖြစ်ပါတယ်။ မြို့ပြက စမတ်ဖုန်းရှိပြီးသားလူတွေက ဖုန်းဟန်းဆက်အသစ် လဲကြလေ့ရှိတဲ့အတွက် ဈေးကွက်မှာ တွန်းအားတစ်ခုအဖြစ် ရှိနေဆဲပါ။

ဒါပေမယ့် ကျေးလက်ဒေသမှာတော့ စမတ်ဖုန်းဟန်းဆက်ကို ပထမဆုံးအကြိမ် ဝယ်ယူတဲ့သူတွေ ရှိနေဆဲဖြစ်ပြီး ဈေးကွက်အတွက် အဓိကတွန်းအားဖြစ်နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဒီလိုမျိုး နှေးကွေးသွားပေမယ့် ဆက်လက်ဖွံ့ဖြိုးနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့စမတ်ဖုန်းဟန်းဆက် ဈေးကွက်ထဲမှာ တရုတ်အမှတ်တံဆိပ်တွေကလည်း ဆက်လက်ကြီးစိုးနေဦးမှာပဲ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- Vivo စမတ်ဖုန်းဟန်းဆက် မိတ်ဆက်ပွဲတွင် ဖျော်ဖြေသရုပ်ပြသမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar