အကြားအာရုံချို့တဲ့သည့် ကလေးငယ်ရှစ်ဦး ရိုက်ကူးထားသည့် ဓာတ်ပုံများကို စာအုပ်ထုတ်ဝေရန် စီစဉ်

အကြားအာရုံချို့တဲ့သော ကလေးရှစ်ဦး ပူးပေါင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို စုပေါင်းကာ “Silent Yangon” အမည်ရှိ စာအုပ်ကို ထုတ်ဝေသွားရန်၊ ဓာတ်ပုံပြပွဲတစ်ခု ကျင်းပရန်နှင့် မှတ်တမ်းဗီဒီယိုအား နိုင်ငံတကာ၌ ပြသရန် Link for Aid က စီစဉ်လျက်ရှိသည်။

အဆိုပါ ကလေး ရှစ်ဦးက ရန်ကုန်မြို့၏ လူသိများသောနေရာများ၊ အလွယ်တကူ မမြင်တွေ့နိုင်သော နေရာများတွင် စမတ်ဖုန်းများဖြင့် ရက်သတ္တပတ်တစ်ပတ်ကြာ အချိန်ပေး၍ ဓာတ်ပုံများ ရိုက်ယူခဲ့ကြခြင်း ဖြစ်သည်။

“အကြားအာရုံချို့တဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေကတစ်ဆင့် ရန်ကုန်မြို့ကို မြင်တွေ့နိုင်မယ့် စာအုပ်ကို ဒီနှစ်နှောင်းပိုင်းမှာ ပုံနှိပ် ထုတ်ဝေသွားမှာပါ။ ရုပ်ရှင်ကိုလည်း အဓိက နိုင်ငံတကာ ပွဲတော်တွေမှာ ပြသသွားမှာ ဖြစ်ပြီး ကျွန်မတို့ရဲ့ “Sound of Images” စီမံကိန်းအနေနဲ့လည်း ဒီအပတ်အတွင်း ကလေးတွေ ရိုက်ယူထားတဲ့ ထောင်ပေါင်းများစွာရှိတဲ့ ပုံတွေထဲကမှ ရွေးချယ်ပြီး ဓာတ်ပုံပြပွဲ လုပ်သွားမယ့် အစီအစဉ်လည်း ရှိပါတယ်” ဟု Link for Aid အား တည်ထောင်သူ Pamela McCourt Francescone က ပြောကြားသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ Mary Chapman ဆွံ့အနားမကြား ကလေးငယ်များကျောင်းမှ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားရှိ ယောကျ်ားလေး လေးယောက်နှင့် မိန်းကလေး လေးယောက်တို့ကို အီတလီလူမျိုး ဓာတ်ပုံဆရာမ Francesca Moscheni က ပြသသင်ကြားပေးခဲ့သည်။ ထို့ပြင် အဆိုပါ စိတ်လှုပ်ရှားဖွယ်ရာများ ပြည့်နှက်နေသည့် ရက်သတ္တပတ်အတွင်း သွားရောက်ခဲ့သည့် နေရာများကိုလည်း ထုတ်လုပ်သူ Marco Armando Piccinini က မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီအကြားအာရုံချို့တဲ့ တဲ့ ယောကျ်ားလေး မိန်းကလေး ရှစ်ယောက်ကို သူတို့ရဲ့ ပါရမီနဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို ရှာဖွေတွေ့ရှိနှိင်ဖို့ အခွင့်အရေးပေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ စိတ်လှုပ်ရှားဖွယ် အနုပညာ ခရီးလမ်းကို လျေှက်လှမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု Ms. Pamela က ဆက်လက်ပြောကြားသည်။

ကျောင်းသူကျောင်းသား ၃၅၀ ရှိသော Mary Chapman ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးကို ကျောင်းအုပ် ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း၏ လက်အောက်ရှိ ကော်မတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ “ကလေးတွေက မွေးရာပါ အနုပညာပါရမီအခံရှိပြီး ဒီတစ်ပတ်လုံး သူတို့လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြဖို့ နည်းလမ်းသစ်တစ်ခု သင်ယူခဲ့ရပါတယ်။ Link for Aid က ကျွန်မတို့အတွက် တန်ဖိုးထားရတဲ့ ကူညီ ပံ့ပိုပေးသူတွေဖြစ်ပြီး ကလေးတွေအနေနဲ့ ဒီလို ထူးခြားဆန်းသစ်တဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်လဲ ကျွန်မတို့အနေနဲ့ အရမ်းကိုဝမ်းသာမိပါတယ်” ဟု ဒေါ်ညွန့်ညွန့်သိန်းက ပြောသည်။

အဆိုပါအစီအစဉ်အတွက် Samsung Myanmar၊ Sule Shangri-La၊ Asian Trails နှင့် Red Dot တို့ကလည်း ပူးပေါင်းပါဝင်ထားသည်ဟု သိရသည်။

“ကလေးတွေအတွက်သာမက ကျွန်တော်တို့အဖွဲ့အတွက်ပါ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ အစီအစဉ်မှာ ပါဝင်တဲ့သူတွေအားလုံးနဲ့ အလုပ်အတူတူ လုပ်ရတာလည်း အရမ်းကို ပျော်စရာကောင်းခဲ့ပြီး အဲ့ဒီစာအုပ်ကိုမြင်တွေ့ရဖို့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်” ဟု Sule Shangri-La ၏ အထွေထွေ မန်နေဂျာ Phillip Couvaras က ပြောကြားသည်။

ကလေးများအတွက် စမတ်ဖုန်းအသုံးပြုနည်းသင်တန်းကို Samsung Myanmar က စီစဉ်ပေးခဲ့ပြီး ကလေးငယ်များ ရန်ကုန်မြို့တွင်း ဓာတ်ပုံရိုက်ရာတွင်လည်း စမတ်ဖုန်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံံ့များကို ပံ့ပိုးပေးခဲ့သည်ဟုဆိုသည်။

“နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုအနေနဲ့ မည်သည့်နေရာမှာမဆို လိုအပ်ချက်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့အနေနဲ့ တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး သူတို့လေးတွေရဲ့ ဓာတ်ပုံတွေကို မကြာခင်စာအုပ်ထဲမှာ မြင်တွေ့ရတော့မှာကိုလည်း အရမ်းဝမ်းသာ စိတ်လှုပ်ရှားမိပါတယ်” ဟု Samsung Myanmar ၏ Public Relations and Citizenship Manager ကိုစိုးသူရက ပြောကြားသည်။

Link for Aid ကို အိုင်းရစ်ခရီးသွား သတင်းထောက် Pamela McCourt Francescone က ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အီတလီနိုင်ငံ၊ ရောမမြို့တွင် မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသော ပရဟိတအသင်း ဖြစ်သည်။ ၎င်းတို့က ပရဟိတပွဲများကျင်းပ၍ အွန်လိုင်းမှ ရန်ပုံငွေကောက်ခံပြီး မြန်မာနှိင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ချို့တဲ့နွမ်းပါး၊ နားမကြား၊ မိဘမဲ့ကလေးများကို ထောက်ပံ့ကူညီပေးနေသည်။

မြန်မာနိုင်ငံတွင်၂၀၁၃ ခုနှစ်မှစ၍ ဥရောပမှ အနုပညာရှင်များဖိတ်ခေါ်ပြီး ရန်ကုန်မြို့တွင် Music for Myanmar ဖျော်ဖြေပွဲများကို Link for Aid က နှစ်စဉ်ကျင်းပခဲ့သည်။ ထို ပရဟိတပွဲများမှရသည့် ရန်ပုံငွေများကို ရန်ကုန်မြို့၏ ဆင်းရဲသောမြို့နယ်များရှိ ချို့တဲ့နွမ်းပါးသော ကလေးရာပေါင်းများစွာကို သင်တန်းများ ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်တွင် ထောက်ပံ့ပေးခြင်းတို့အတွက် အသုံးပြုခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar