အခြေခံပညာကဏ္ဍ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ဝန်နှင့်အားမျှတအောင် ချင့်ချိန်ဆောင်ရွက်နေ

မြန်မာနိုင်ငံ၏ အခြေခံပညာကဏ္ဍတွင် ပြုပြင်ပြောင်းလဲရမည့်အချက်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း အားလုံးပြီးစီးအောင် ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေသေးသောကြောင့် ဝန်နှင့်အား မျှတမှုကို ချင့်ချိန်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဘောင်အတွင်းမှ အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ်၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်သူ ၎င်းက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ အဓိကကျကျ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကတော့ KG+ 12 ပညာရေးစနစ်အဖြစ်ပြောင်းလဲဖို့၊ ကျောင်းထွက်နှုန်း မြှင့်မားနေရတဲ့ အခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊ အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီကို ပြောင်းလဲရေးအတွက် ဆရာ၊ ဆရာမများရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့၊ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေးတို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်များရဲ့ အရည်အသွေး မြှင့်တင်ဖို့နဲ့ ပညာရေးဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေဖို့တို့ကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမြစ်တွယ်နေသည့် အလွတ်ကျက်မှတ်ရသော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာတွင် “ဆရာနဲ့ကျောင်းသား အများစု အရိုးစွဲနေတဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာအတိုင်း အမြန်ပြီးစီးအောင် သင်ကြားခြင်း၊ အတန်းအောင်ချက် မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင်ဖို့အတွက်သာ သင်ကြားပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တစ်သွေမတိမ်းဖြေဆိုနိုင်မှသာ ရလဒ်ကောင်းမွန်ခြင်းစတဲ့ အချက်တွေကိုလည်း မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“အဓိကအားဖြင့် သင်ရိုးညွှန်းတမ်း အကြောင်းအရာများဟာ ကလေးတစ်ဦးချင်းစီရဲ့ စဉ်းစားဉာဏ်ကို ထက်သန်စေရပါမယ်။ စိတ်ကူးဉာဏ်ကို ပံ့ပိုးနိုင်စေရပါမယ်။ ကောင်းသော အလေ့အကျင့်နဲ့ စာရိတ္တကို ဖြည့်ဆည်း ပေးနိုင်စေရပါမယ်။ ကျန်းမာသော ခန္ဓာကိုယ်မှာ ကြံ့ခိုင်သော စိတ်ဓာတ်ကို ရှင်သန်စေရပါမယ်။ ဒီလိုသင်ရိုးညွှန်းတမ်း ရည်ရွယ်ချက်များ ပေါက်မြောက်စေရေးအတွက် ဆရာအတတ်ပညာ ပြည့်ဝမှုက အဓိက အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရေရှည်ရင်းနှီးမြှပ်နံှမှုဖြစ်သည့် ပညာရေးဖြင့် ယခု ကြုံတွေ့ရင်ဆိုင်နေရသော ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် မျှော်လင့်နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် “ပညာရေးဖြင့် မညီမျှမှုများ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံသားများ အားလုံး ရယူခံစားနိုင်ဖို့ မျှော်လင့်နိုင်ပါမယ်” ဟုလည်း ၎င်းက ပြောကြားသွားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar