ရန်ကုန်၊ မတ် ၈
ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အထက်မြန်မာပြည်(မန်း၊ မဘသ) ၏ အဖွဲ့ဝင်တစ်ဦးက မန္တလေးမြို့တွင် မတ် ၇ ရက်နေ့ညတွင် အမှုဖွင့်တိုင်ကြားလိုက်သည်။
Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့အား ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးဝီရသူ၏ တပည့်အရင်းဟုဆိုသူ ဦးကျော်မျိုးရွှေက လာရောက်တိုင်ကြားသောကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲ စခန်းမှ တာဝန်ကျအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
“အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး”ဆိုသည့် Myanmar Now က ရေးသားထားသော သတင်းကို Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း က လူမှုကွန်ယက်တွင် မျှဝေခဲ့ခြင်းနှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်ကြားချက်တွင်ပါဝင်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။
“ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” ဟု ဦးဝီရသူက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Facebook ပေါ်၌ ရေးသားချက်ကို ပြန်လည်ကိုးကား ရေးသားခဲ့သည့် အဆိုပါသတင်းကို ကိုဆွေဝင်းက “ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး”ဟု ထပ်ဆင့်ရေးသား မျှဝေခဲ့ခြင်းကို တရားစွဲဆိုသူများက ထည့်သွင်းတိုင်ကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် တရားလိုအမျိုးသားက ကိုဆွေဝင်း၏ လူမှုကွန်ယက်တွင် ရေးသားထားမှုများကို ဦးဝီရသူထံ သွားရောက်လျောက်ထားရာ ခုနစ်ရက်အတွင်း လာရောက်မတောင်းပန်ပါက အမှုဖွင့်မည်ဟု ဦးဝီရသူက ၎င်း၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပြီးနောက် လာရောက် မတောင်းပန်သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု Frontier က ဖတ်ခွင့်ရခဲ့သော တိုင်ကြားစာတွင် ရေးသားထားသည်။
၎င်းအား တိုင်ကြားမှုနှင့်ပတ်သတ်ပြီး “ဝီရသူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ၆၆ (ဃ)နဲ့ အရေးယူမယ်ဆို ယူလို့ရတဲ့ ရေးသားချက်တွေရှိတာကြောင့် သူ့ကို တန်ပြန် တရားစွဲလို့ရကြောင်း၊ မဘသအဖွဲ့ကြီးကို တရားမဝင် အဖွဲ့အစည်း ဖြစ်တာကြောင့် တရားမဝင်အဖွဲ့အစည်း ဖွဲ့စည်းမှှုနဲ့ အရေးယူဖို့ တန်ပြန်တရားစွဲလို့ရကြောင်း အကြံပေးလာတွေ ရှိပါတယ်။ ဝီရသူကို စွဲတာထက် ပင်မရေသောက်မြစ်ကြီးကို ကိုင်တွယ်လိုတဲ့ ဆန္ဒရှိပါတယ်။ သို့သော် ကျွန်တော့ ပင်ကိုယ်စိတ်အရ သူ့ကကိုယ့်ကိုလုပ်လို့ ကိုယ်က တန်ပြန်ဆောင်ရွက်တယ်ဆိုတာ သဘောမကျတာမို့ ဒါကိုတော့ လုပ်ချင်တဲ့ဆန္ဒမရှိပါ”ဟု ကိုဆွေဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းသည် ရန်ကုန်မြို့လယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လစ်လျှူရှုနေမှု၊ ရဲဘက်စခန်းများတွင် အကျဉ်းသားများအား ညှန်းပန်း နှိပ်စက်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေပညာရှင် ဦးကိုနီ လုပ်ကြံခံရမှုတို့ကို ဖော်ထုတ်ရေးသားခဲ့ပြီးနောက် ထင်ရှားလာသော သတင်းသမားတစ်ဦးဖြစ်သည်။
အင်းဝအပ်ချုပ်ဆိုင်အမှုအား ဖော်ထုတ်ရေးသားခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းအား သမ္မတဦးထင်ကျော်ကပင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဂုဏ်ပြု ချီးကျူးခဲ့သည်။
ကိုဆွေဝင်းဦးဆောင်သည့် Myanmar Now သတင်းဌာနသည် မူဆလင်မုန်းတီးရေး ဟောပြောချက်များ အပါအဝင် အကဲဆတ်သည့် ဝေဖန်မှုများ မကြာခဏ ဟောပြောလေ့ရှိသည့် ဦးဝီရသူ အပါအဝင် ရဟန်းတစ်ချို့၏ ဟောပြောချက်များကို မကြာခဏ သတိပေး ဖော်ထုတ် သတင်းရေးသားလေ့ရှိသည်။
“Myanmar Now သည် လွတ်လပ်သည့် သတင်းဌာနတစ်ခုဖြစ်ပြီး လွတ်လပ်၊ တိကျပြီး ဘက်လိုက်မှုမရှိသော သတင်းများကို မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် မြန်မာပြည်သူများအတွက် ဖော်ပြပေးလျှက်ရှိသည်”ဟု ၎င်းသတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
သတင်း-ထွန်းခိုင်