အစိုးရကိုဖယ်ရှားဖို့ လှုံ့ဆော်တဲ့အဖွဲ့ကို တပ်မတော်က ထောက်ခံသင့်သလား

စည်သူအောင်မြင့် ရေးသားသည်။

အရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၆ ကာလ အတွင်း ရခိုင်ပြည်နယ်နဲ့ နေရာအတော်များများမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ တချို့နေရပ်ကနေ စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရတာတွေ ရှိခဲ့ပါတယ်။

အဲဒီအချိန် အဲဒီကာလတုန်းက မဘသ လို့ခေါ်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး အင်အားကောင်းခဲ့ပါတယ်။ အဲဒီအဖွဲ့ကြီးထဲမှာ တကယ့်ကိုပဲ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစား စောင့်ရှောက်လိုတဲ့ ဘုန်းတော်ကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါသလို၊ ဘာသာခြားမုန်းတီးရေး လှုံ့ဆော်တဲ့ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေ၊ နောက်ကွယ်ကနေ နိုင်ငံရေးရည်မှန်းချက် တစုံတရာရှိသူတွေ ရောနှောပါဝင်နေတာ တွေ့ကြရပါတယ်။

အင်န်အယ်လ်ဒီအစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံမှာ သံဃာတွေရဲ့ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်တဲ့ “ မဟန” ခေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးကနေ အဲဒီမဘသအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းတစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာလိုက်တဲ့အခါ မဘသအဖွဲ့ ဦးဆောင်ဘုန်းတော်ကြီးတွေဟာ သူတို့အဖွဲ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးလို့ နာမည်ပြောင်းလိုက်ပြီး ဆိုင်းဘုတ်တွေ ပြောင်းချိတ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဦးဆောင်သူတွေရော၊ ဌာနချုပ်လုပ်ရာ ကျောင်းတိုက်ပါ အရင် မဘသ အဖွဲ့ကြီး ရုံးစိုက်ရာနေရာမှာပဲ ဆက်ထားခဲ့ပါတယ်။ အဲဒီလို နာမည်ပြောင်းလိုက်တဲ့ အဖွဲ့ကြီးကိုလည်း မဟန အဖွဲ့ကြီးက တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အကြောင်း ကြေညာထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်တုန်းကတော့ မဘသအဖွဲ့ဌာနချုပ်လုပ်ခဲ့ရာ ရန်ကုန်မြို့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာ အဲဒီအဖွဲ့ကြီးရဲ့ အစည်းအဝေး တစ်ရပ်ကျင်းပ၊ ကြေညာချက်တွေ ထုတ်ပြန်ပြီး တည်ဆဲရွေးကောက်ခံအစိုးရကို တွန်းလှန်ဖယ်ရှားဖို့ တိုက်တွန်းလှုံ့ဆော်သည်အထိ လုပ်ဆောင်လာပါတယ်။ ထူးခြားတာကတော့ အဲဒီပွဲကို ရန်ကုန်တိုင်း စစ်တိုင်းမှူးကိုယ်တိုင် သွားရောက်ပြီး ကျပ်ငွေ သိန်း ၃၀၀ နဲ့လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အပြင် နောက်ပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း တပ်မတော် ပြန်ကြားရေး တာဝန်ရှိသူတွေက တပ်မတော်အနေနဲ့ ဒါဟာ လုပ်သင့်လုပ်ထိုက်လို့ လုပ်ခဲ့တာဖြစ်ကြောင်း ခုခံ ပြောဆိုခဲ့ပြန်ပါတယ်။

ဘုန်းတော်ကြီးတွေရဲ့ အဲဒီဖောင်ဒေးရှင်း အစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဘာတွေပါသလဲ၊ ဒီဘုန်းတော်ကြီးတွေကို တပ်မတော်က ထောက်ခံပြလိုက်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေး အခြေအနေ ရှေ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

အစည်းအဝေးက ထုတ်ပြန်တဲ့ကြေညာချက်မှာ အချက် ခုနစ်ချက်ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်ဝေဖန် တိုက်ခိုက်ထားတာ၊ ဝရမ်းပြေးဖြစ်နေတဲ့ ဘုန်းတော်ကြီး ဦးဝီရသူကို ကာကွယ်တာ၊ အစိုးရနဲ့ လွှတ်တော်ရဲ့လုပ်ရပ်တွေကို မမှန်မကန်စွပ်စွဲပြောဆိုပြီး ရဟန်းရှင်လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာ၊ နောက်ဆုံး အစိုးရကို တွန်းလှန်ဖယ်ရှားဖို့ လှုံ့ဆော်တာမျိုးအထိ ပါဝင်ပါတယ်။

ကြေငြာချက် နံပတ် (၄)မှာ  “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ မှာပါတဲ့ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းကို မွေးဖွားခြင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမယ်” ဆိုတဲ့ စာပိုဒ်ကို ထောက်ပြပြီး လူမျိုးခြားတွေ၊ တနည်းအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက အစ္စလာမ် ဘာသာဝင်တွေကပဲ နိုင်ငံသားတွေဖြစ်ကုန်ပြီး လူမျိုးရေးဝါးမျိုမှု ဖြစ်လာနိုင်တယ်လို့ မမှန်မကန် လုပ်ကြံ စွပ်စွဲ ပြောဆိုထားပြန်ပါတယ်။ ဒါဟာ တစ်ဖက်မှာ အစိုးရလုပ်ရပ်ကို ပုံပျက်ပန်းပျက် ဖြစ်အောင်လုပ်သလို၊ အခြားတစ်ဖက်မှာလည်း လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ မုန်းတီးမှုလှုံ့ဆော်ရာ ရောက်နေပါတယ်။

ထုတ်ပြန်ချက် နံပတ် ၆ မှာတော့ “ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ မစိုးရိမ်) ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပတ်သက်၍ ပြောဆိုချက်များသည် အပြုသဘောဖြင့် အမှန်တရားကို ဝေဖန်ထောက်ပြခြင်းသာဖြစ်သည်။ အကယ်၍ ဖရုဿဝါစာ သဘောဖြစ်ခဲ့သော် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှ ရှေးဦးစွာ ဓမ္မစက်ဖြင့် ဆုံးမရမည် ဖြစ်သည်။

ယင်းလုပ်ထုံးလုပ်နည်းကို ကျော်လွန်၍ တစ်သက်တစ်ကျွန်းထိ ချနိုင်သော ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခြင်းသည် လက်ရှိဒီမိုကရေစီအစိုးရ၏ ဥပဒေမဲ့ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့ကြီးက သံဃာထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။” လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဒီဖော်ပြချက်လည်း မှန်ကန်မှုမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး သံဃာ့အဖွဲ့အစည်းဖြစ်တဲ့ မဟနအဖွဲ့ အစည်းအဝေးမှာ ဦးဝီရသူကိစ္စကို ညွှန်ကြားလွှာအမှတ် ၁၅ လို့ခေါ်တဲ့ သံဃာတွေအတွက် ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီမှာ ဖော်ပြထားတာကတော့ နိုင်ငံတော်က တရားလိုပြုလုပ်ပြီး တရားစွဲထားတဲ့ကိစ္စဆိုရင် တရားရုံးတွေမှာ စစ်ဆေးဆောင်ရွက်မှု ပြီးပြတ်ကာမှ သံဃာ့ခုံရုံးလို့ခေါ်တဲ့ သံဃဝိနိစ္ဆယအဖွဲ့နဲ့ ထပ်ပြီးစစ်ဆေးဆုံးဖြတ်ရမယ်လို့ ဆိုထားပါတယ်။ အဓိပ္ပာယ်ကတော့ မဟနအဖွဲ့ကြီးကနေ ရှောင်တိမ်းနေတဲ့ ဘုန်းတော်ကြီး ဦးဝီရသူအနေနဲ့ တရားရုံးမှာ အလျင်ဦးဆုံး တရားရင်ဆိုင်ရမယ်လို့ ဆုံးဖြတ်ချက်ပေးလိုက်တာပါပဲ။

ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်မှာတော့ “အထက်ဖော်ပြပါ တိုင်းပြည်နှင့် လူမျိုး ဘာသာသာသနာကို ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့် ပါဝင်လုပ်ဆောင်နေသူများကို ဆန္ဒမဲမပေးခြင်း အပါအဝင် တရားနှင့်အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြပါဟု ရဟန်းရှင်လူပြည်သူများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းလိုက်သည်။” လို့ ဖော်ပြထားပါတယ်။

အဓိပ္ပာယ်ကတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ တည်ဆဲအစိုးရကို တွန်းလှန်ဖယ်ရှားဖို့ အတိအလင်း နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ မဘသ ကို နာမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဘာသာရေး အဖွဲ့အစည်းကြီး တစ်ခုရဲ့ ထုတ်ပြန်ပုံမျိုးနဲ့မတူဘဲ နိုင်ငံရေးပါတီ တစ်ခု၊ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုရဲ့ ပြုမူလှုပ်ရှား ကြေညာတဲ့ပုံမျိုး တွေ့ရမှာပါ။ ထုတ်ပြန်ချက်ထဲမှာ မမှန်မကန် စွပ်စွဲရေးသားထားတာတွေတင်မက တည်ဆဲအစိုးရကို တွန်းလှန်ဖို့ ဥပဒေနဲ့မညီတဲ့ ဗြောင်ကျတဲ့ လှုံ့ဆော်မှုမျိုး လုပ်လာတဲ့အထိ ရဲတင်းလာတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးကတော့ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ်ကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပါလို့ တိုက်တွန်း လှုံ့ဆော်တာဟာ ရာဇသတ်ကြီး ဥပဒေ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ ပါ ပြဋ္ဌာန်းချက်တွေနဲ့ တိတိကျကျကြီး ငြိစွန်းနေတယ်၊ အစိုးရကို အကြည်ညိုပျက်စေအောင်လုပ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ နဲ့လည်း ငြိစွန်းနိုင်တယ်လို့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

ဒါဆိုရင် ဒီအဖွဲ့ကြီးကို အစိုးရဘက်က ဥပဒေနဲ့အညီ တစုံတရာ အရေးယူဖို့ ရှိလာမလားလို့ မေးစရာ ရှိလာပါတယ်။ အဲဒီမှာ အဓိကပြဿနာကတော့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး နဲ့ အဲဒီအဖွဲ့အစည်းရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း တပ်မတော်ဘက်က အတိအလင်း ထုတ်ဖော်ပြောဆိုထားလို့ပါပဲ။ ဒီအဖွဲ့အစည်း၊ ဒါမှမဟုတ် ဦးဆောင်သူ တစ်ဦးဦးကို အစိုးရဘက်က အရေးယူခဲ့မယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဟာ လက်ရှိအခြေအနေထက် ပိုပြီး ထိပ်တိုက်ရင်ဆိုင်ရမယ့် အနေအထား ဖြစ်လာနိုင်ပါတယ်။

သိပ်မကြာခင် ဇူလိုင်လ ၁၅ ရက်မှာ လွှတ်တော်အစည်းအဝေးတွေ ပြန်ကျင်းပဖို့ ရှိနေပြီး အဲဒီအစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို အင်န်အယ်လ်ဒီနဲ့ တပ်မတော် အကြိတ်အနယ် ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်က အေအေအဖွဲ့နဲ့ တိုက်ပွဲပြဿနာ၊ ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်တွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအား၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး စတာတွေဟာ အစိုးရနှစ်ရပ်လို ဖြစ်နေတဲ့ အင်န်အယ်လ်ဒီနဲ့ တပ်မတော် ဒီအဖွဲ့အစည်း နှစ်ရပ်ရဲ့ ဆက်ဆံရေးကောင်းမှု၊ ညီညွတ်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့အစည်းကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ အတိအလင်း တိုက်တွန်းနေတဲ့ အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းပုံကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ တပ်မတော်ဘက်ကနေ ပေါ်ပေါ်တင်တင် ရပ်တည်၊ ထောက်ခံပြလိုက်တာဟာ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အလားအလာ မကောင်းနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.