JF-17 တိုက်လေယာဉ်များကို ပြည်တွင်း၌ တည်ဆောက်ရန် ပါကစ္စတန်နှင့် ဆွေးနွေးနေ

ပါကစ္စတန်နိုင်ငံထုတ် တိုက်လေယာဉ်များဖြစ်သည့် JF-17 များကို မြန်မာနိုင်ငံတွင် လိုင်စင်ယူ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် မြန်မာအစိုးရက ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးနေသည်ဟု နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် UPI သတင်းဌာနက ရေးသားထားသည်။

အဆိုပါလေယာဉ် အမျိုးအစား ၁၆ စီးကို မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ဝယ်ယူထားပြီးဖြစ်ကာ ယခုနှစ်နှောင်းပိုင်းတွင် တပ်မတော်(လေ) ၌ စတင်အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါဝယ်ယူထားသည့် လေယာဉ်များသည် Block II မျိုးကွဲများဖြစ်ပြီး လေပေါ်တွင် လောင်စာဆီဖြည့်တင်းနိုင်ခြင်းနှင့် ယခင်လေယာဉ်များထက် ပိုမိုကောင်းမွန်သည့် လေယာဉ်ပျံသန်းမှု နည်းပညာများ ပါဝင်သည်ဟု စစ်လက်နက်ဆိုင်ရာ သတင်းများ ဖော်ပြလေ့ရှိသည့် IHS Janes က ရေးသားထားသည်။

အဆိုပါ လေယာဉ်များကို ပြည်တွင်းတွင် ထုတ်လုပ်ရန် ပါကစ္စတန်နှင့်ဆွေးနွေးမှု အောင်မြင်ပါက လေသူရဲတစ်ဦး လိုက်ပါနိုင်သည့် တိုက်လေယာဉ်များကို မြန်မာနိုင်ငံက ထုတ်လုပ်လာနိုင်မည်ဖြစ်သည်ဟု UPI က ရေးသားထားသည်။ သို့သော် လေယာဉ်များ ထုတ်လုပ်ခွင့် သဘောတူညီချက်ရရှိခဲ့ပါက ၂၀၁၅ ခုနှစ်က ဝယ်ယူထားပြီး လေယာဉ်များကို ထုတ်လုပ်မည်၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သည့် လေယာဉ်များကို ထပ်မံဝယ်ယူကာ ထုတ်လုပ်မည်ကိုမူ မသိရှိရသေးပေ။

၁၉၉၀ ပြည့်နှစ်များအတွင်း တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ပြီး ယခုအခါ အိုမင်းဟောင်းနွမ်းနေပြီဖြစ်သည့် F-7M Airguard နှင့် A-5C Fantan လေယာဉ်များနေရာတွင် အစားထိုးရန်အတွက် မြန်မာနိုင်ငံက ရှာဖွေနေသည်ဟုလည်း UPI က ရေးသားထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ F-7M Airguard လေယာဉ် ၂၄ စင်းနှင့် နှင့် A-5C ၁၆ စင်းရှိသည်ဟု ဆိုသည်။

JF-17 တိုက်လေယာဉ်များကို အစောပိုင်းတွင် Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံပိုင် Chengdu Aerospace Corporation တို့ ပူးပေါင်း သုတေသနပြု ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အပေါ့စား PAC JF-17 တိုက်လေယာဉ်များသည် လေသူရဲတစ်ဦးလိုက်ပါနိုင်သည့် အပေါ့စား စွယ်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များဖြစ်သည်။ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်များနှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျဉ်များအပြင် အခြားသော လက်နက်မျိုးစုံကိုလည်း တပ်ဆင်နိုင်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar