Earth Hour အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီ၌ ဆီမီးတစ်သောင်း ယနေ့ည ထွန်းညှိမည်

ရန်ကုန်၊ မတ် ၂၅

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် Earth Hour ပွဲအား ရွှေတိဂုံစေတီတော်တွင် ဆီမီး ၁၀,၀၀၀ ထွန်းညှိကာ အထူးခြားဆုံးနှင့် သမိုင်းဝင်အစီအစဉ်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ (MCCA) နှင့် ပူးပေါင်းကာ ယနေ့ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

Earth Hour အစီအစဉ်သည် ကမ္ဘာပေါ်တွင် မတူညီသည့် အဖွဲ့အစည်းအသီးသီးမှ လူများ ပေါင်းစည်းပြီး ပြုလုပ်သည့် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ဆစ်ဒနီမြို့၌ ခေတ္တမီး အမှောင်ချပြီး စတင်ဆင်နွဲှခဲ့သည့် Earth Hour လှုပ်ရှားမှုသည် နိုင်ငံပေါင်း ၁၇၀ မှ မြို့ပေါင်း ၇,၀၀၀ ကျော်တွင် တစ်ဦး တစ်ယောက်ချင်း၊ စီးပွားရေးအဖွဲ့အစည်းများနှင့် အခြားသော အဖွဲ့အစည်းများအလိုက် ကျင်းပသော အချိန်တစ်နာရီမှသည့် ထို့ထက်ပိုသော လှုပ်ရှားမှုအဖြစ် တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။

“ရာသီဥတု ပြောင်းလဲလာမှုဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပါတယ်။ Earth Hour ဟာ ကျွန်တော်တို့ရဲ့ အိမ်ရာကို ကာကွယ်ဖို့ ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်ကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ မတ်လ ၂၅ ရက်မှာ ရွှေတိဂုံစေတီမှာ ဆီမီးထွန်းဖို့နဲ့ နေအိမ်တွေမှာ မီးပိတ်ထားဖို့၊ ဒါမှမဟုတ် ကိုယ်ပိုင် Earth Hour အစီအစဉ်ကို အစပျိုးကြည့်ပြီး ရာသီဥတုပြောင်းလဲလာမှုကို ပြောင်းလဲဖို့ တောင်းဆိုနေကြတဲ့ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာနဲ့အတူတူ ယှဉ်တွဲကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု WWF-မြန်မာ၏ ဌာနေ ညွှန်ကြားရေးမှူး ဖြစ်သူ Christy Williams က ပြောကြားသည်။

ရွှေတိဂုံစေတီတော်တွင် Earth Hour အထိမ်းအမှတ် ဆီမီးထွန်းခြင်းသည် မြန်မာဗုဒ္ဓဘာသာလူမျိုးတို့၏ ဘုရား ကျောင်းကန်များတွင် ညနေခင်း ဆီမီးပူဇော်သည့် ဓလေ့ကို မှီငြမ်းလုပ်ဆောင်ခြင်း ဖြစ်သလို ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးရသူများကို အောက်မေ့ဖွယ် ကျင်းပခြင်းလည်း ဖြစ်ကာ လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် သက်ရောက်မှုများစွာ ဖြစ်လာစေနိုင်ကြောင်း ပြသရန်လည်း ရည်ရွယ်သည်ဟု WWF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ၁၀ နှစ်မြောက် ကျင်းပမည့် Earth Hour အခမ်းအနားတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် အတူလက်တွဲကာ နိုင်ငံသားများနှင့် အဖွဲ့အစည်းများအား ရာသီဥတု ပြောင်းလဲလာခြင်းကို သတိပြုမိလာရန်နှင့် အလျင်အမြန် ကိုင်တွယ်လှုပ်ရှားမှုများ လုပ်ဆောင်ရန် အသိပညာပေးသွားမည်လည်း ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာမြေ၏ အနာဂတ်အတွက် တာဝန်ရှိသော လူသန်းပေါင်းများစွာတို့၏ စည်းလုံးမှုကို ပြသရန် ရန်ကုန်မြို့ရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို တူညီသောအချိန် တစ်နာရီအတွင်း မလိုအပ်သော မီးများအား ပိတ်ပေးကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

“မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ခံစားရတဲ့ တိုင်းပြည်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် နိုင်ငံကို တိုးတက်ပြီး စည်ပင် ဝပြောစေချင်တယ်ဆိုရင် လူတစ်ဦးချင်းစီနဲ့ အစိုးရပိုင်းတို့က မူဝါဒတွေချမှတ်ပြီး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍတွေမှာ တာဝန်ယူ လုပ်ဆောင်သွားဖို့လိုပါတယ်” ဟု MCCA (UN Habitat နှင့် UN Environment) မှ နည်းပညာဆိုင်ရာ အကြံပေး အရာရှိချုပ် Pasquale Capizzi က ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ထိခိုက်ခံစားရနိုင်ချေ အညွှန်းကိန်း ၂၀၁၇ အရ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းတွင် မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများနှင့် အပူချိန်မြင့်တက်မှုများ စသော ဆိုးရွားသည့် ရာသီဥတုပြဿနာများ ခံစားရသည့် နိုင်ငံများထဲတွင် ဒုတိယလိုက်လျက် ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar