ဖရိုဖရဲစီမံအုပ်ချုပ်မှုတွေနဲ့ အင်းလေးကန်

အင်းလေးကန်နှင့်ပတ်သက်သော စီမံခန့်ခွဲမှုအမှားများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအောက် လုပ်ပိုင်ခွင့်အာဏာ လက်ဆင့်ကမ်းမှု ကမောက်ကမဖြစ်စဉ်နှင့် တိုင်းရင်းသားတို့ လက်မဲ့ ဖြစ်ကြရပုံကို ဖော်ပြနေသည်။

ဘန် ဒူးနန့် ရေးသားသည်။

ထိုနေ့က ရှိသမျှစက်လှေတွေအားလုံး ငှားထားပြီးသားဖြစ်နေသည်။ အောက်တိုဘာ ၂၇ ရက်နေ့၊ ၁၈ ရက်ကြာ ဖောင်တော်ဦးဘုရားလှည့်ပွဲ၏ အထွဋ်အထိပ် အစည်ကားဆုံးနေ့၊ ဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်လာသော ရွှေချထားသည့် ကရဝိတ်ဖောင်တော်ကြီးက အင်းလေးကန်ကို ဝန်းရံနေသော ရွာစဉ်တလျှောက် အပူဇော်ခံ လှည့်လည်လာသည်မှာ ၁၈ ရက်ကြာမြင့်ခဲ့သည်။ ဖောင်တော်ကြီးကို ထီးဖြူများဆောင်းထားပြီး အင်းသားတို့ခြေဖြင့်လှော်သော လှေများက ဝန်းရံလိုက်ပါလာသည်။

Frontier သတင်းထောက်က အင်းလေးကန်မြောက်ဘက်စွန်းရှိ ညောင်ရွှေမြို့မှ ရွာမအထိ စက်ဘီးနင်းသွားခဲ့သည်။ ခြေတန်ရှည်အိမ်များနှင့် ရွာမရွာသည် အင်းလေးကန်၏ အနောက်တောင်စွန်းတွင် တည်ရှိသည်။ အင်းလေးကန်သည် ရှမ်းပြည်တောင်ပိုင်း ထုံးကျောက်တောင်များပေါ်တွင် ပင်လယ်ရေပြင်အထက် မီတာ ၉၀၀ (ပေ ၂,၇၀၀) ခန့်တွင်ရှိပြီး၊ တောင် မြောက် ၁၇ ကီလိုမီတာ၊ အရှေ့အနောက် ၅ ကီလိုမီတာခန့် ကျယ်ဝန်းသည်။ ရွာမသို့ ၃၀ ကီလိုမီတာခရီးကတော့ မိုက်ရူးရဲဆန်လွန်းသည်။ အင်းတိမ်ဘုရားရောက်ခါနီး ခွဲထွက်သွားသောလမ်းသည် ညစ်ပတ်နေပြီး လယ်ကွင်းများထဲ နိမ့်ဆင်းသွားသည်။ နောက်ဆုံး ၂ ကီလိုမီတာတွင် လှေတစ်စင်းကို လက်ပြတားကား ဆက်စီးသွားရတော့သည်။ ရွာမအဝင်တွင် ခြေတံရှည်သစ်သားအိမ်များကို ဖြတ်သွားပြီး အေးချမ်းသော ကျေးရွာတစ်ခု၏ အငွေ့အသက်ခံစားလိုက်ရသည်။ ကောင်းကင်ပြာပြာနှင့် တိမ်စိုင်ဖြူဖြူကြီးများသည် ကန်ရေပြင်တွင် ရောင်ပြန်ထင်ဟပ်နေသည်။ ထိုမြင်ကွင်းသည် စိမ်းညို့ရောင်တောင်တန်းများ ဖုံးအုပ်နေသော တောင်ကုန်းခင်တန်းတွင် အနားသတ်ထားသည်။ ကျောင်းသားကလေးငယ်များ၊ အမျိုးသမီးများနှင့် ဟင်းသီးဟင်းရွက်တောင်းများအပြည့် တင်ဆောင်ထားသော စက်တပ်လှေများသည် ရွာများဆက်သွယ်ထားသည့် ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းသွားလာနေကြသည်။ ကန်၏အလယ်ဗဟိုရှိ ဖောင်တော်ဦးဘုရားမှ ရွှေရောင်တဝင်းဝင်းနှင့် ထီးတော်ကြီးကို အိမ်ခေါင်မိုးများပေါ်တွင် ဖူးမြင်နေရသည်။

သို့သော် Frontier က တွေ့ဆုံခဲ့ရသော အင်းသားတစ်ဦး၏ ပြောစကားအရဆိုသော် အင်းလေးကန်ကြီးအတွင်းနှင့် ကန်ကြီးတဝိုက်တွင် အစဉ်တစိုက် နေထိုင်လာခဲ့ကြသော အင်းသူအင်းသားများနှင့် အင်းလေးကန်ကြီးကိုယ်တိုင် အတိဒုက္ခ တွေ့ကြုံနေကြရသည်ဟု ဆိုသည်။

၂၀၀၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲပချုပ် (NLD) ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အရွေးခံခဲ့ရပြီး ရှမ်းပြည်နယ်အင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဒေါက်တာထွန်းလှိုင်နှင့် Frontier က တွေ့ဆုံခွင့်ရခဲ့သည်။ သူကြီးကြပ်နေသော ဒေသန္တရဆေးရုံလေးနှင့် ဘေးချင်းကပ်လျက် ခြင်များ ပေါများလှသည့် အစည်းအဝေးခန်းထဲတွင် ဒေါက်တာထွန်းလှိုင်နှင့် စကားပြောခဲ့ရခြင်းဖြစ်သည်။ NLD ပါတီဝင် တက်ကြွလှုပ်ရှားသူ၊ ဆရာဝန်ဒေါက်တာထွန်းလှိုင်က နားကြပ်ကို လည်ပင်းတွင် ချိတ်ထားပြီး တခေါင်းလုံးဖြူဖွေးနေသည်။ သူ၏နောက်ကျောနံရံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့၏ ရုပ်ပုံကြီးကို ချိတ်ဆွဲထားသည်။

၂၀၁၇ ခုနှစ်၊ စောစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခါနီးအချိန်က ဒေါ်အောင်ဆန်းစုကြည် ညောင်ရွှေသို့ လာခဲ့ရာတွင် သူ့ရွာသို့လည်း ဝင်လာခဲ့ကြောင်း၊ အင်းလေးကန်ကြီး ကန်ရေလျှော့နည်းလာခြင်းနှင့် ကန်ရေ၏အရည်အသွေး ထိခိုက်ကျဆင်းလာသည်ကို ရပ်တန့်အောင်လုပ်ဆောင်ရန် သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားသွားကြောင်း ဒေါက်တာထွန်းလှိုင်က ပြောသည်။

ဒေါက်တာထွန်းလှိုင်က ဒေါ်စု၏ ညွှန်ကြားချက်ကို သူ့နှလုံးသားထဲ စွဲမြဲထားပုံတော့ရသည်။ သို့သော် ဤတာဝန်ကြီးသည် သူတစ်ဦးတည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မည့်ကိစ္စ မဟုတ်ချေ။ ဤတာဝန်သည် ဝန်ကြီးဌာနတစ်ခုတည်းသော်လည်းကောင်း၊ အစိုးရတဖွဲ့တည်းသော်လည်းကောင်း အောင်မြင်အောင် လုပ်ဆောင်၍ မရနိုင်ကြောင်း မကြာသေးမီက အင်းလေးကန်သမိုင်းတွင် ပြနေခဲ့ပြီဖြစ်သည်။ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ မြန်မာနိုင်ငံ၏ လွန်ကျူးလှသော ဗဟိုဦးစီးစနစ်အောက်တွင် နှေးကွေးလေးလံသော ဗျူရိုကရေစီယဉ်ကျေးမှု၊ အစိုးရဌာနများအချင်းချင်းအကြား တာဝန်ယူမှုနှင့် သတင်းအချက်အလက် ကျဉ်းမြောင်းသေးသိမ်စွာ ထိန်းချုပ်ထားမှုတို့အောက်တွင် တပိုင်းတစစီ ပျက်စီးနေခဲ့လေသည်။

ဆယ်စုနှစ်များစွာ ယိုယွင်းလာသည့် အင်းလေးကန်၏ကျန်းမာရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချခြင်း၊ အုပ်ချုပ်စီမံမှုနှင့် စီးပွားရေးအရင်းအမြစ်များကို ဒေသခံတိုင်းရင်းသား လူ့အသိုက်အဝန်းထံ ပိုမိုမျှဝေပေးမှုတို့ ပြုလုပ်လာမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အင်းလေးကန်နှင့်ပတ်သက်သော စီမံခန့်ခွဲ လုပ်ကိုင်မှုအမှားများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအောက်တွင် အာဏာခွဲဝေချထားမှု ကန့်သတ်ချက်များနှင့် ဒေသခံလူထု သက်သာချောင်ချိရေးကို ထည့်သွင်းစဉ်းစားမှုမရှိခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်နေစေခဲ့သည်။

ဓာတ်ပုံ-ဘန်ဒူးနန့်

ဓာတ်ပုံ-ဘန်ဒူးနန့်

ခန်းခြောက်လာနေသော အင်းလေးကန်

ရေမျက်နှာပြင် လျော့နည်းသွားသည့် အတိုင်းအတာပမာဏနှင့် ပတ်သက်၍ အယူအဆကွဲပြားမှုများရှိသော်လည်း အင်းလေးကန်ကြီးမှရေများ တဖြည်းဖြည်း လျော့နည်းလာနေသည်ဆိုသည့် အချက်ကိုမူ အားလုံးက သိရှိလက်ခံထားကြသည်။ Land Degradation & Development ဂျာနယ်အတွက် မြန်မာနှင့် ပြင်သစ်သုတေသန ပညာရှင်တစ်စုက အင်းလေးကန် အလျင်အမြန် ပျက်စီးယိုယွင်းလာမှုကို သုတေသနပြုလုပ်လျက်ရှိသော်လည်း ၎င်းတို့၏ သုတေသနစာတမ်းမှာ ထွက်ရှိမလာသေးပေ။ ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော အဆိုပါ သုတေသနစာတမ်းကို Frontier အား မျှဝေပေးဖတ်သဖြင့် လေ့လာကြည့်ရာတွင် အင်းလေးကန်၏ရေမျက်နှာပြင် ဧရိယာအကြီးအကျယ် ယုတ်လျော့သွားသည်ဟု ယခင်က ပြောဆိုချက်များမှာ မှားယွင်းသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ ကောင်းကင်ဓာတ်ပုံများ၊ ဂြိုဟ်တုပုံရိပ်များနှင့် ဗြိတိသျှကိုလိုနီခေတ် အစိုးရမြေတိုင်းမြေပုံများကို နှိုင်းယှဉ်လေ့လာကြည့်ရာ ၁၉၃၈ နှင့် ၂၀၁၄ ခုနှစ်များအတွင်း အင်းလေးကန်၏ တောင်-မြောက်အလျားမှာ ယေဘုယအားဖြင့် တည်ငြိမ်စွာပင် ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကန်၏ အရှေ့အနောက်အနံမှာ မူလ ၆ ကီလိုမီတာမှ ၅ ကီလိုမီတာအထိ လျော့ကျသွားခဲ့သည်။ ဤသည်မှာ ရေမျှောစိုက်ခင်းများ တိုးချဲ့လာမှုကြောင့်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်နှစ် အစောပိုင်းအထိ နှစ်များတွင် အင်းလေးကန်ထဲ၌ ကျွန်းမျောများ တိုးချဲ့ပြီး ခရမ်းချဉ်သီး အကြီးအကျယ်စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ခဲ့ကြသည်။

ပြင်သစ်သုတေသနပညာရှင် Mr. Martin Michalon သည် ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်များအတွင်း ရေအနက်တိုင်း ဝါးလုံးများ၊ လက်ကိုင် GPS ကိရိယာများအသုံးပြုကာ အင်းလေးကန်ကို စက်တပ်လှေတစ်စီးဖြင့် ဖြတ်၍ တိုင်းတာမှုပြုလုပ်ခဲ့သည်။ အင်းလေးကန်၏ ရေအနက်မှာ ပထမဆုံးတိုင်းတာမှု ပြုလုပ်ခဲ့သည့် မှတ်တမ်းအရ ၁၉၁၈ ခုနှစ်က ကန်ရေအနက်၏ ထက်ဝက်ခန့်သာရှိတော့ပြီး အနက်ဆုံးနေရာတွင် (၃ ဒသမ ၁၈ မီတာ) သာရှိကြောင်း တွေ့ရှိရသည်။ မေလ ရေအနည်းဆုံးရာသီတွင် တိုင်းတာမှု ပြုလုပ်သောနေရာအားလုံး၏ ၂ဝ ရာခိုင်နှုန်းသာလျှင် တစ်မီတာထက် ပို၍နက်ကြောင်း၊ တနည်းအားဖြင့် ကန်တစ်ခုလုံး ၃ ပေ ထက်ပိုနက်သည့် နေရာမှာ ၂ဝ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုရာသီတွင် အရပ်ရှည်ရှည် သန်သန်မာမာ လူတစ်ယောက် အင်းလေးကန်ထဲ ခြေလျင် ဖြတ်လျှောက်နိုင်သည့် သဘောပင်ဖြစ်သည်။ ရေအနက်အတော်များများမှာ ကျွန်းမျောစိုက်ခင်းတိုးချဲ့ရန် အထောက်အပံ့ဖြစ်သည့် အနေအထားသာလျှင် ရှိနေသည်။ ကျွန်းမျောစိုက်ပျိုးရေးမှာ အင်းသားများ၏ ပင်မအသက်မွေးမှု အလုပ်အကိုင်ပင်ဖြစ်သည်။

အင်းလေးကန်ရေနည်းလာခြင်းကို ဖြစ်စေသော အကြောင်းတရားများနှင့် ပတ်သက်၍ ငြင်းခုန်မှုများရှိနေသည်။ မိုးရွာသွန်းမှုမှာ အများအားဖြင့် တည်ငြိမ်မှုရှိသော်လည်း ရေဝေကုန်းတန်းဒေသတွင် မိုးရေစုပ်ယူသော သစ်တောနှင့် မြေဆီလွှာ တိုက်စားပြုန်းတီးမှုကြောင့် နုံးအနည်ချခြင်းများလည်း ပါဝင်သည်။ စီးပွားဖြစ်စိုက်ခင်းများနှင့် သစ်တောပြုန်းတီးမှုများသည် မြေဆီလွှာတိုက်စားမှုနှင့် ချောင်းမြောင်းစိမ့်စမ်းရေများအပေါ် မည်မျှ သက်ရောက်မှုရှိသည်မှာလည်း သေချာမသိရချေ။ အင်းလေးကန်ကြီးနှင့် အင်းလေးကန်အပေါ် မှီခို အသက်ရှင်နေကြရသော အင်းသားများ၏ဘဝကို ခြိမ်းခြောက်နေသောအရာများတွင် ကန်ရေ၏ အရည်အသွေး ကျဆင်းလာမှုလည်း ပါဝင်သည်။ ကန်ရေ အရည်အသွေးကျဆင်းရခြင်းမှာ ကျွန်းပေါ်တွင် နေထိုင်သူများမှ စွန့်ပစ်သော အညစ်အကြေးများနှင့် ကျွန်းမျောစိုက်ခင်းတွင် အသုံးပြုသော ဓာတ်မြေသြဇာများကြောင့်ဖြစ်သည်။ ဓာတ်မြေသြဇာ အလွန်အကျွံ အသုံးပြုမှုကြောင့် ကျွန်းပေါ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ဆောင်ရန် မဖြစ်နိုင်တော့သလောက်ပင် ဖြစ်သည်။ ဓာတ်မြေသြဇာကြောင့် ဗေဒါပင်များ အလွန်ထူထပ် ပေါများထူထပ်လာရာ ကန်၏ ဇီဝမျိုးကွဲစံနစ်ကို ထိခိုက်လျက်ရှိပြီး၊ စက်လှေတွေသွားလာရာ ရေကြောင်းကိုပင် ဗေဒါပင်များ ပိတ်ဆို့ကုန်သည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုပြဿနာက ကြီးထွားလာခဲ့သည်။ အချို့ကမူ ခရီးသွားလုပ်ငန်းကြောင့်ဟု ဆိုကြသည်။ ခရီးသွားလုပ်ငန်းသည် ဝင်ငွေရရာအကြောင်းဖြစ်သည်ထက် ပတ်ဝန်းကျင်ကို ပျက်စီးစေသည်က ပိုသည်ဟု လက်ညိုးထိုးနေသူတွေလည်း ရှိသည်။ ဦးထွန်းလှိုင်ကို ဒေါ်အောင်ဆန်းစုကြည် မညွှန်ကြားမီ၊ ၂ဝဝဝ ပြည့်နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အင်းလေးသို့ အလည်လာစဉ် သစ်တောဌာနနှင့် စိုက်ပျိုးရေးဌာနတို့ ပူးတွဲကော်မီတီဖွဲ့ကာ အင်းလေးကန်ထိန်းသိမ်းရေးကို တာဝန်ယူလုပ်ကြရေးအတွက် လမ်းညွှန်မှုပေးခဲ့ဖူးသည်။

နှစ်ပေါင်းများစွာကြာအောင် ကော်မီတီအဆင့်ဆင့်ကို ဖွဲ့လိုက်၊ ပြန်ဖွဲ့လိုက် လုပ်ခဲ့ကြသည်။ ကုလသမဂ္ဂအေဂျင်စီများ၊ ပုဂ္ဂလိကအတိုင်ပင်ခံ ကျွမ်းကျင်သူများ၏ လုပ်ဆောင်ရေးအစီအစဉ် (Action plan) များမှာ အဆုံးအဖြတ်ပေးမည့်အစိုးရ ဝန်ကြီးများ၏ စားပွဲပေါ်တွင် အပုံလိုက် ရှိနေခဲ့ကြသည်။ မြေပြင်ပေါ်တွင်လည်း မှိုတက်နေသော အစိုးရရုံးဌာနများတွင် ထိုင်နေကြသော အစိုးရအရာရှိအသီးသီးတို့ကိုသာ တွေ့ခဲ့ရသည်။ သူတို့ထံတွင် လုပ်စရာ ရံပုံငွေ ဘတ်ဂျက်ကမရှိ၊ ကန်ထဲလျှောက်ကြည့် စစ်ဆေးရန်အတွက် စက်တပ်မော်တော်ဘုတ်တွင်း ထည့်မောင်းရန် ဓာတ်ဆီပင် အလုံအလောက် မရှိချေ။ သူတို့ဘေးတွင်မူ NGO အဖွဲ့အစည်း အမျိုးမျိုးတို့က တဖွဲ့နှင့်တဖွဲ့ ဆက်စပ်ညှိနှိုင်းမှုမရှိဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ လုပ်ကိုင်နေကြသည်။ ဒီလိုနှင့် အင်းလေးကန်ကြီး၏ ပြဿနာများမှာ ထိုအတိုင်းပင် ဖြေရှင်းသူမရှိ ကြီးထွားလာခဲ့တော့သည်။

အင်းသားများ

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ်လွှတ်တော်တို့အား အင်းလေးကန်နှင့် ၎င်း၏ ရေဝေကုန်းတန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပုံဖော်လုပ်ဆောင်ရန် အာဏာအပြည့်အဝ အပ်နှင်းထားသ်ည။ ပြည်နယ်အစိုးရသည် နိုင်ငံခြားသားများထံမှ အင်းလေးကန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ၁ဝ ဒေါ်လာ ကောက်ခံခွင့်ကို တင်ဒါချပေးလိုက်သည်။ အစိုးရဋ္ဌာနများနှင့် NGO များအကြား ညှိနှိုင်း ပူးပေါင်းကာ စီမံချက်ရေးဆွဲရေး မအောင်မမြင်ဖြစ်နေသဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်နှင့် နော်ဝေနိုင်ငံအစိုးရတို့၏ အထောက်အပံ့ဖြင့် အင်းလေးကန် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကို အသစ်ဖွဲ့စည်းကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာ တောင်ကြီးမြို့မှာ ညောင်ရွှေမြို့နှင့် ကားလမ်းအားဖြင့် ၃ဝ ကီလိုမီတာသာ ကွာဝေးပါသည်။ သို့သော် အင်းသားများအတွက်မူ တောင်ကြီးမှလှမ်း၍ အုပ်ချုပ်နေခြင်းသည် အင်းလေးအား တိုးရစ်များအတွက် ဆွဲဆောင်ရာနေရာတစ်ခုအဖြစ်သာမက အင်းပေါ်တွင် မွေးဖွားနေထိုင် စားသောက်ကြီးပြင်းကြရသော အင်းသားတို့၏ဘဝကို နားမလည်၊ စာနာမှုမရှိသော တိုင်းရင်းသားလူမျိုးစုတစ်စုက အုပ်ချုပ်သည်ဟုပင် ယူဆကြသည်။ မြန်မာတနိုင်ငံလုံး ထိုသို့သဘောထားမျိုးကိုပင် တွေ့ရပြီး ဖက်ဒရယ်လုပ်ပိုင်ခွင့်အာဏာကို ကာလကြာရှည်ကပင် တောင်းဆိုနေခဲ့ကြခြင်းပင် ဖြစ်သည်။ တောင်ပိုင်းရှမ်းပြည်တွင်မူ အံ့သြစရာ ကောင်းလောက်အောင် တိုင်းရင်းသားလူမျိုး အမျိုးမျိုး ရှိနေပြီး လွှမ်းမိုးကြီးစိုးမှုကလည်း အထပ်ထပ်ဖြင့် ရှုပ်ထွေးလှသည်။ ရာစုနှစ်များစွာကြာအောင် အင်းသားများက အခြားတိုင်းရင်းသား လူမျိုးစုများ၏ ဝန်းရံပိတ်ဆို့ခြင်းခံနေခဲ့ရသည်။ တောင်ကုန်းများပေါ်တွင် နေထိုင်ကြသော ပအို့လူမျိုးစုတို့တွင် ပအို့အမျိုးသားလွတ်မြောက်ရေးတပ်ရှိသဖြင့် နိုင်ငံရေးအင်အားစုတခုဖြစ်လာပြီး ၁၉၉၁ အပစ်ရပ်ချိန်မှစ၍ ဝင်ငွေကောင်းသော စီးပွားရေးအခွင့်အလမ်းများ ရရှိနေခဲ့ကြသည်။ ရှမ်းလူမျိုး ပဒေသရာဇ် စော်ဘွားများက ညောင်ရွှေနယ်တစ်နယ်လုံးကို အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ ဗမာများ အဓိက လွှမ်းမိုးပါဝင်သော တပ်မတော်သည် ၁၉၆၂ အာဏာသိမ်းချိန်မှစ၍ ရှမ်းစော်ဘွားများ၏ အာဏာကိုလုယူသွားခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ်များမှစ၍ အင်းလေးသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များထံမှ ဝင်ငွေအားလုံးကို ဗဟိုအစိုးရ ဘဏ္ဍာတိုက်ထဲသို့သာ သွတ်သွင်းခဲ့သည်။ တောင်ရိုးလူမျိုးစုများသည် လူနည်းစုသာဖြစ်ပြီး ပအို့များနည်းတူ တောင်ကုန်းများပေါ်တွင် အလှည့်ကျတောင်ယာစိုက်ပျိုးရေးကိုသာ မိရိုးဖလာလုပ်ကိုင်ခဲ့ကြရာမှ နောက်ပိုင်းတွင် ငွေရလွယ်သော သီးနှံများ ပြောင်းလဲစိုက်လာခဲ့ကြသည်။ ဓနုလူမျိုးစုသည်လည်း ပအို့များနည်းတူ ၂ဝဝ၈ ဖွဲ့စည်းပုံအရ အင်းလေးကန်အနီးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိခဲ့သည်။ အင်းသားများအတွက်မူ မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျှ မရရှိခဲ့ကြချေ။

အင်းလေးကန်အနီးတောင်တန်းများပေါ်တွင် ပအို့နှင့် တောင်ရိုး တိုင်းရင်းသားများ ရှိကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

အင်းလေးကန်အနီးတောင်တန်းများပေါ်တွင် ပအို့နှင့် တောင်ရိုး တိုင်းရင်းသားများ ရှိကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသည် ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ် (Visit Myanmar Year) တွင် အင်းလေးဒေသအား ဧည့်သည်ဆွဲဆောင်ရာ အဓိကနေရာအဖြစ် ဖော်ဆောင်ခဲ့သည်။ နိုင်ငံတကာ၏ အသိအမှတ်ပြုလည်း မခံခဲ့ရသလို နိုင်ငံခြားဝင်ငွေလည်း မျှော်မှန်းသလောက် မရခဲ့သဖြင့် စစ်အစိုးရဆန့်ကျင်သူများက ပြက်ရယ်ပြုခဲ့ကြသော်လည်း အင်းလေးကန်သို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုက နှစ်စဉ်တိုးတက်လာခဲ့သည်။ ယခင် ၃,ဝဝဝ ခန့်မှ ၂၁,ဝဝဝ အထိ တိုးလာခဲ့သည်။ ၂ဝ၁၁ တိုင်အောင် ဤကိန်းဂဏန်းအတိုင်း ရှိခဲ့ရာမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်လာသောအခါ နိုင်ငံခြားဧည့်သည်အဝင်မှာ ဆပွားတိုးလာခဲ့ရာ ၂ဝ၁၆ တွင် အင်းလေးသို့ ဧည့်အဝင်မှာ (ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ) (၁၈ဝ,ဝဝဝ) နီးပါး ရောက်ရှိလာသည်။

ခရီးသွားလုပ်ငန်းမှ ထွက်ပေါ်လာသော အကျိုးစီးပွားအားလုံးကို စစ်တပ်က မောင်ပိုင်စီးရန် ကြိုးပမ်းခဲ့ကြသော်ငြားလည်း ခရီးသွားလုပ်ငန်းကြောင့် စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်းကာ အင်းသားများ၏ ဘဝလည်း တိုးတက် ကောင်းမွန်လာခဲ့သည်။ ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို စီးပွားအင်အားအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သဖြင့် နိုင်ငံရေးအရှိန်အဝါ ရရှိလာခဲ့ကြသူများလည်းရှိလာသည်။ ဤသို့သော ယဉ်ကျေးမှု ရိုးရာအရင်းအမြစ်များအား နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အလွယ်တကူပင် မြင်တွေ့နိုင်ကြသည်။ လှော်တက်ကို ခြေတစ်ဘက်ဖြင့် လိမ်ပတ်ကာ ခြေဖြင့် လှေလှော်ကြသော ထူးခြားလှသည့် အင်းသားရိုးရာ လှေလှော်နည်း၊ ရေတိမ်ကန်ပေါ်တွင် ခြေတံရှည်အိမ်များ ဆောက်လုပ်နေထိုင်ကြပုံ၊ ကန်ရေမျက်နှာပြင်ပေါ်တွင် ဆွေးမြေ့ပျက်စီးသွားသော သစ်ပင်သစ်ရွက်များမှ ဖြစ်ပေါ်လာသော ရေပေါ်ကျွန်းမျောများပေါ်တွင် စိုက်ပျိုးထားသော ရေပေါ်ခရမ်းချည်စိုက်ခင်းတန်းများ၊ အိမ်တွင်းငွေထည်နှင့် ငွေပန်းထိမ်လုပ်ငန်းများ၊ ဒေသထွက်ကုန်များကို ရေပေါ်ခြေတံရှည်အိမ်လေးများပေါ်မှ နိုင်ငံခြားခရီးသွားများကို ရောင်းချ၍ စီးပွားရေးအမြတ်အစွန်းများလည်း ရရှိလာကြသည်။ ထိုရောင်းရငွေထဲမှ ငွေအချို့ကို ကော်မရှင်အဖြစ် တိုးရစ်များအား ခေါ်လာသော လှေသမားများကို ဝေစုခွဲပေးရသည်။ ၁၉၉ဝ ခုလွန်နှစ်များတွင် ခရီးသွားလုပ်ငန်း ကြီးထွားလာရာ အင်းသားတွေထဲမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်လူတန်းစားတစ်ရပ် ပေါ်ထွက်လာသည်။ သူတို့က အင်းလေးတွင် လူသိအများဆုံး ဟိုတယ်နှင့် အပန်းဖြေစခန်းများကို တည်ဆောက်ခဲ့ကြသည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းခြေတွင် Inle Princess Resort ကို တည်ထောင်ခဲ့သူ ဦးအုန်းမောင်ကို ၂ဝ၁၆ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ရာ အင်းသားတို့ ကျေနပ်အားရ စိတ်လှုပ်ရှားသွားကြသည်။ ညောင်ရွှေမြို့ Viewpoint Lodge ပိုင်ရှင် ဦးမျိုးမင်းဇော်သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၏ ရှမ်းပြည်တောင်ပိုင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။

၂ဝ၁၁ နောက်ပိုင်းတွင် နိုင်ငံခြားခရီးသည်များ လှိမ့်ဝင်လာရာ အင်းလေးဒေသ ပြင်ပမှ ရင်းနှီးငွေများလည်း လှိမ့်ဝင်လာခဲ့သည်။ ရှမ်းပြည်တွင် တရားမဝင်စီးပွားရေးမှာ အလွန်အရေးပါသည်ဖြစ်ရာ ပြင်ပမှဝင်လာသော ငွေများသည် အမည်းမှ အဖြူအထိ အရောင်အသွေးမျိုးစုံ ပါလိမ့်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ညောင်ရွှေမြို့နှင့် အင်းလေးကန်ဒေသသို့ ငွေများလှိမ့်ဝင်လာရာ အင်းသားများနှင့် ဒေသခံများ၏ ဈေးကွက်ဝေစုမှာ ကျဉ်းမြောင်းသွားလေတော့သည်။

မကြာမီနှစ်များအတွင်း ညောင်ရွှေမြို့လေးတွင် အထပ်များစွာရှိသော ဟိုတယ်ကြီးများ တည်ဆောက်လာကြသည်။ နိုဝင်ဘာမှ ဖေဖော်ဝါရီအထိ ခရီးသွားရာသီတွင် အဝေးပြေးခရီးသည်တင်ကားကြီးများ မြို့ထဲ၌ ဥဒဟို နေ့စဉ်ဖြတ်သန်း သွားလာနေရာ တချိန်က အေးချမ်းတိတ်ဆိတ်သော ဈေးမြို့လေးမှာ ချိုင့်တွေခွက်တွေနှင့် လမ်းပေါ်တွင် ကားသံ၊ လူသံများ၊ ဆောက်လုပ်ရေးမှ ဆူညံသံများ၊ အမှိုက်ပုံများဖြင့် ရှုပ်ယှက်ခတ်နေလေပြီဖြစ်သည်။

ယခုအခါ အင်းလေးဒေသတွင် ဟိုတယ်အလုံးပေါင်း ၁ဝဝ ကျော်၌ ဟိုတယ်ခန်းပေါင်း ၃,၅ဝဝ ခန့်ရှိလာသည်။ ခရီးသွားဝန်ကြီးဌာနမှ စာရင်းအရ ၂ဝ၁၇ တွင် ပြည်ပခရီးသည် ၂၂၅,၂၂၄ သာ အင်းလေးသို့လာခဲ့ရာ ဟိုတယ်ခန်းများမှာ လိုသည်ထက်များစွာ ပိုနေသဖြင့် အပြိုင်အဆိုင်ဈေးချကာ ဧည့်သည်ခေါ်နေကြရသည်။ ရခိုင်မှ အခြေအနေများကြောင့် အနောက်တိုင်းမှ ဧည့်သည်အဝင် ကျဆင်းနေရာ အခြေအနေမှာ ပိုဆိုးလာဖွယ်ရှိသည်။ ယခုနှစ် အောက်တိုဘာအထိ ၁ဝ လအတွင်း ပြည်ပခရီးသည် ၁၂၁,၄၁ဝ သာ ရောက်ရှိလာသေးသည်။ ပြည်တွင်းခရီးသည် အဝင်ကမူ တိုးတက်လာသည်။ သို့သော် ၎င်းတို့က ပြည်ပခရီးသည်များကဲ့သို့ ဟိုတယ်ခများများ မသုံးစွဲနိုင်ကြသဖြင့် ရေတိုအတွင်း ဝင်ငွေတိုးလာဖွယ် မမြင်သေးချေ။

အမှောင်ထဲမှ အင်းသားများ

ခရီးသွားလုပ်ငန်းမှ အင်းသားများ ရရှိသည့် ဝင်ငွေကလည်း ယခုအချိန်တွင် လျော့ကျလာနေသည်။ အင်းထဲသို့ နိုင်ငံခြားသားဝင်ခ ၁ဝ ဒေါ်လာစီ ကောက်ခံသည့် ဝင်ငွေထဲမှ ခွဲတမ်းချနေရပုံကိုလည်း အင်းသားရပ်ရွာခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များက ထောက်ပြကြသည်။ စစ်အစိုးရသည် ၁၉၉ဝ ခုလွန်နှစ်များတွင် အင်းလေးကန် ဝင်ခကို ၃ ဒေါ်လာ စတင်သတ်မှတ် ကောက်ခံခဲ့သည်။ တင်ဒါအများဆုံးတင်သော ပုဂ္ဂလိကကုမ္ပဏီအား ကောက်ခံခွင့် နှစ်စဉ်ချထားပေးခဲ့သည်။ ဟိုတယ်ကဏ္ဍနှင့် အကျိုးစီးပွားဆက်စပ်နေပြီး ပွင့်လင်းမြင်သာမှုမရှိသော ကုမ္ပဏီများသာ တင်ဒါကို နှစ်စဉ်အောင်ခဲ့ကြသည်။ ကုမ္ပဏီများအနေငြဖ့် ၎င်းတို့အဆိုပြုသော ငွေပမာဏကို ပေးချေပြီးနောက် အင်းလေးထဲ ဝင်ခွင့်လက်မှတ် ရောင်းခအားလုံးကို ရရှိခဲ့ကြသည်။

အင်းသားများသည် အင်းလေးကန်အတွင်း ခြေတံရှည်အိမ်များဖြင့် နေထိုင်ကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

အင်းသားများသည် အင်းလေးကန်အတွင်း ခြေတံရှည်အိမ်များဖြင့် နေထိုင်ကြသည်။ ဓာတ်ပုံ-ဘန်ဒူးနန့်

သို့သော် အများအားဖြင့် တင်ဒါအောင်ကုမ္ပဏီက အဆိုပြုပေးအပ်ရသော ငွေပမာဏသည် အမှန်တကယ် လက်မှတ်ရောင်းရငွေထက် များစွာ သာလွန်များပြားသော နှစ်များသာဖြစ်ရာ တင်ဒါဆွဲသည့် ကုမ္ပဏီများ မည်သို့အမြတ်အစွန်းရရှိနေကြသည်ဆိုသည်ကို တွေးစရာဖြစ်လာသည်။ အင်းလေးတွင် ဟိုတယ်များပိုင်ဆိုသည့် ဟူပင် ဟူသည့် ကုမ္ပဏီသည် အမေရိကန်ဒေါ်လာတစ်သိန်း ညီမျှသောငွေဖြင့် ၂ဝဝ၉ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သည်။ ထိုနှစ်တွင် အင်းလေးသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားအရေအတွက်မှာ အစိုးရစာရင်းများအရ ၂၃,ဝဝဝ ပင် မပြည့်ခဲ့ရာ သူတို့ထံမှရသော ဝင်ကြေးမှာ စုစုပေါင်း ဒေါ်လာ ၆၉,ဝဝဝ ပင်မပြည့်ခဲ့ပေ။  

၂ဝ၁၁ နောက်ပိုင်း ဧည့်သည်အဝင်များပြားလာရာ ဝင်ကြေးကိုလည်းတိုး၍ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒေါ်လာ နှင့် ၂ဝ၁၃ တွင် ၁ဝ ဒေါ်လာအထိ ကောက်ခံလာသည်။ လေလံကုမ္ပဏီများကလည်း တိုး၍ပေးကြရသည်။ ခရီးသွားဧည့်သည် ထူးထူးကဲကဲများပြားခဲ့သော ၂ဝ၁၄-၁၆ ခုနှစ်များမှလွဲ၍ ဤတင်ဒါလုပ်ငန်းမှ အမြတ်ရသည်မှာ အလွန်ရှားလှသည်။  ပြီးခဲ့သည့်နှစ်က တင်ဒါအောင်၍ လုပ်ကိုင်နေသော တောင်ကြီးမြို့အခြေစိုက် K-Kan ကုမ္ပဏီသည် ယခုနှစ်အတွက် ကျပ် ၂ ဒသမ ၇၉ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၇ သန်း) ကို ရှမ်းပြည်နယ်အစိုးရအားပေးရန် ကတိပြုထားသည်ဟု ကုမ္ပဏီပိုင်ရှင် ဦးအောင်ကျော်နိုင်က Frontier ကို တယ်လီဖုန်းမှတဆင့် အတည်ပြုပြောကြားသည်။ ဝင်ကြေးလက်မှတ်ရောင်းရငွေ ချည်းသာဆိုလျှင် K-Kan ကုမ္ပဏီ အရှုံးပေါ်ရန် သေချာသလောက်ပင်ဖြစ်သည်။

ကုမ္ပဏီနှင့် ပတ်သက်ပြီး မည်သည့်အရာမှ အများပြည်သူမသိရှိရသော K-Kan ကုမ္ပဏီက တင်ဒါကို ထိန်းချုပ်ထားခြင်းသည် ဒေသတွင်းပိုင်ဆိုင်မှုနှင့် ပွင့်လင်းမြင်သာမရှိမှုတွင် အတိတ်ကို နောက်ပြန်သွားနေခြင်းပင် ဖြစ်သည်။

ထိုနှစ် မေလတွင် ပြည်နယ်အစိုးရက တင်ဒါစနစ်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ပြီး အင်းလေးကန်စီမံလုပ်ကိုင်ခွင့်ကို ညောင်ရွှေအခြေစိုက် ပညာရှင်အသင်းနှင့် အရပ်ဖက်အဖွဲ့အစည်း ကုမ္ပဏီအုပ်စုအား ပေးအပ်လိုက်သည်။ ထိုကုမ္ပဏီစုကို View-Point Lodge ဟိုတယ်ပိုင်ရှင် ဦးမျိုးမင်းဇော်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ တင်ဒါကြေး အမြောက်အမြား ပေးမည့်အစား နေ့စဉ်လက်မှတ်ရောင်းရငွေကို ပြည်နယ်အစိုးရက ကိုင်ထားသည့် ဘဏ်စာရင်းတွင် နေ့စဉ်အပ်နှံရသည်။ ပြည်နယ်အစိုးရကလည်း ဧည့်အဝင်စာရင်းကို လစဉ်ထုတ်ပြန်ပေးသည်။ အစိုးရ၏ ဤသို့လုပ်ဆောင်ချက်ကို ဒေသခံတို့က သဘောကျထောက်ခံကြသည်။ သို့သော် စက်တင်ဘာလရောက်သည့်အချိန်တွင် တင်ဒါစနစ်ဟောင်းသို့ ပြန်ပြောင်းရန် ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ပြန်သည်။ နေ့စဉ် လက်မှတ်ရောင်းခမှရသော ဝင်ငွေမှာ မျှော်လင့်ထားသည်ထက်ပင် နည်းပါးသောကြောင့် ဖြစ်ဟန်ရှိသည်။ ပြည်နယ်အစိုးရက ဘဏ္ဍာငွေများများရရန် ဆန္ဒစောနေပုံရသည်ဟု ဦးမျိုးမင်းဇော်က Frontier ကိုပြောသည်။ အောက်တိုဘာလတွင် အင်းလေးကန်လုပ်ကိုင်ခွင့် ပြန်လည်ရယူခဲ့သော K-Kan ကုမ္ပဏီသည် ၎င်း၏လုပ်ငန်းများကိုလည်းကောင်း၊ ကိန်းဂဏန်းများကိုလည်းကောင်း၊ ကုမ္ပဏီပိုင်ဆိုင်မှု၊ ဖွဲ့စည်းမှု အကြောင်းအရာများကိုလည်းကောင်း၊ အများပြည်သူသိရှိအောင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးရာ ဒေသခံအင်းသားများမှာ ဟိုတခေတ်ကကဲ့သို့ မသိမှုအမှောင်ထဲတွင် တဖန်ပြန်၍ နေကြရတော့သည်။

သို့သော် ပို၍ပြောစရာဖြစ်နေရသည်မှာ ရသည့်ငွေများကို ပြည်နယ်အစိုးရက မည်သည့်နေရာတွင် သုံးနေသနည်းဟူသည့် အချက်ပင်ဖြစ်သည်။ လောလောဆယ်တွင် ၄၅ ရာခိုင်နှှုန်းက ပြည်နယ်အစိုးရအိပ်ထဲ တခါတည်း တန်းဝင်သွားသည်။ ရှမ်းပြည်နယ်အတွင်း တခြားနေရာများ ဖွံ့ဖြိုးရေးတွင် အသုံးပြုရန်ဖြစ်သည်။ နောက် ၄၅ ရာခိုင်နှုန်းမှာ အင်းသားရေးရာဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အင်းလေးကန်ထိန်းသိမ်းရေး ရံပုံငွေအတွက် အသုံးပြုနေသည်။ ၂ ရာခိုင်နှုန်းကို အင်းလေးဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ နောက်ထပ် ၂ ရာခိုင်နှုန်းကို ဒေသတွင်း NGO များအား ပေးအပ်ပြီး ကျန် ၆ ရာခိုင်နှုန်းမှာ တင်ဒါအောင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်ဖြစ်သည်။

အင်းလေးကန်မှ ဝင်ငွေတစ်ဝက်ခန့်က အင်းလေးကို စွန့်ခွာထွက်သွားရသဖြင့် မတရားဟု ဦးမျိုးမင်းဇော်က ယူဆထားသည်။

“ကျွန်တော်တို့ အင်းလေးကန်က ဝင်ငွေရာနှုန်းပြည့်ရသင့်ပါတယ်” ဟု သူကပြောသည်။ အနီးနားရှိ ပင်းတယမြို့နယ်မှ ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နှက်နေသော နာမည်ကျော် ပင်းတယထုံးကျောက်လိုဏ်ဂူကြီးများသို့  နိုင်ငံခြားဧည့်သည်ဝင်ကြေးမှာ တစ်ဦးလျှင် ၅ ဒေါ်လာဖြစ်သည်။ ထိုဝင်ငွေအားလုံးကို ဓနုကိုယ်ပိုင် အုပ်ချုပ်ရေးဇုန်အတွက်သာ ထားရှိသည်။ အလားတူပင် ပအို့တိုင်းရင်းသားနယ်မြေတွင်းရှိ မွေတော်ကက္ကူဘုရားများသို့ ဝင်ကြေးငွေကိုလည်း ပအို့ကိုယ်ပိုင်အုပ်ချုပ်ရေးဇုန်အတွက်သာ အသုံးပြုခွင့်ပေးထားသည်။ အင်းသားဖြစ်သည့် ဦးမျိုးမင်းဇော်က ထိုအချက်များကို ထောက်ပြပြောဆိုခဲ့သည်။

ဦးမျိုးမင်းဇော်နှင့် အင်းသားရေးရာ ဝန်ကြီးဦးထွန်းလှိုင်တို့အတွက်မူ ထိုအချက်က တောင်ပိုင်းရှမ်းပြည်တွင် အခြားတိုင်းရင်းသား လူမျိုးစုများနှင့်ယှဉ်လျှင် အင်းသားလူမျိုးစုတို့၌ နိုင်ငံရေးသြဇာမရှိခြင်း၏ အမှတ်လက္ခဏာ သင်္ကေတပင် ဖြစ်သည်။ “အင်းထဲမှာ နေထိုင်သူအားလုံးကတော့ ရာနှုန်းပြည့် အားလုံးလိုချင်ကြတာပဲ” ဟု အင်းလေးကန်ဝင်ကြေးကို ရည်ညွှန်းပြီး သူက ပြောသည်။

အင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်။ ဓာတ်ပုံ-ဘန်ဒူးနန့်

အင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်။ ဓာတ်ပုံ-ဘန်ဒူးနန့်

ထိုသို့ ရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး (NLD, ညောင်ရွှေ ၂) က အဆိုတစ်ခုကို ပြီးခဲ့သည့်နှစ်တွင် တင်သွင်းခဲ့သည်။ သို့သော် ပြည်နယ်အတွင်း အခြားဆင်းရဲနွမ်းပါးသော မြို့နယ်များအတွက် ထပ်ဆောင်းအသုံးပြုရန် ၄၅ ရာခိုင်နှုန်း ခွဲတမ်းမှာလိုအပ်ပါကြောင်း ပြည်နယ်ဝန်ကြီးများက လွှတ်တော်တွင် ဖြေကြားခဲ့ကြသည်။ ဤသို့ဖြင့် ဦးသိန်းဇော်မိုး တင်သွင်းသောအဆိုမှာ အဖျားရှူးသွားခဲ့ရသည်။ ထိုအချိန်အတွင်း အင်းလေးကန်ထိန်းသိမ်းရေးရံပုံငွေအတွက်ရရှိသော ၄၅ ရာခိုင်နှုန်းခွဲတမ်းကို အင်းလေးဒေသတွင်း၌ပင် ထားရှိပြီး ဦးထွန်းလှိုင်က ကြီးကြပ်ထိန်းသိမ်းထားသည်။ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများသို့ ကျပ်သိန်း ၅ဝ ကျပ်စီခွဲဝေပေးသည်။ ထိုသို့ လက်လီစိတ်၍ ခွဲတမ်းချပေးနေသဖြင့် အင်းလေးကန်အတွင်းနှင့် ကန်ပတ်လည်ပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုကြီးမားသော ရေရှည်ထိန်းသိမ်းရေး စီမံကိန်းကြီးများကို မလုပ်ဆောင်နိုင်တော့ပေ။ ဥပမာပြရလျှင် ယခုနှစ်အတွင်း အင်းလေးကန်တောင်ဘက်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် ကျပ် သန်း ၂၄ဝ အား ထိုရံပုံငွေထဲမှ အသုံးပြုခဲ့သည်။ ဤသုံးစွဲမှုသည် အင်းလေးကန်ထိန်းသိမ်းရေးနှင့် များစွာ မသက်ဆိုင်လှပေ။

လုပ်ပိုင်ခွင့်အာဏာ

တရားဝင်ထောက်ခံချက်ရရှိပါက အင်းလေးကန်ဝင်ကြေးမှ နှစ်စဉ်ရရှိငွေများကို အင်းလေးကန်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ အသုံးပြုနိုင်သည်။ ထိုအာဏာပိုင်အဖွဲ့ လုပ်ငန်းအပြည့်အဝ လုပ်ဆောင်နိုင်လာလျှင် အင်းလေးကန်ထိန်းသိမ်းရေးကို ဇောက်ချလုပ်ကိုင်တော့မည်ဟု သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် အာဏာပိုင်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကျင်းပခဲ့ပြီး ဆပ်ကော်မတီများလည်း ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်တွင်မူ ညောင်ရွှေမြို့ မိန်းလမ်းတလျှောက်တွင် ဆိုင်းဘုတ်နီနီများနှင့် သော့ပိတ်ထားသောရုံးများကိုသာ မြင်တွေ့ရသည်။

အင်းလေးကန်အာဏာပိုင်အဖွဲ့ ရုံးကော်မီတီဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က အာဏာပိုင်အဖွဲ့သည် ဥပဒေ အတည်ပြုမည့်အချိန်ကို စောင့်မျှော်နေကြောင်း ပြောကြားသည်။ ဥပဒေအတည်ဖြစ်ပါက အာဏာပိုင်အဖွဲ့အနေနှင့် အစိုးရဋ္ဌာနများကို ညွှန်ကြားနိုင်သည့် အခွင့်အာဏာနှင့် NGO များကို လမ်းညွှန်ပေးနိုင်လာမည်ဖြစ်ကြောင်း Frontier ကိုပြောသည်။ ထိုဥပဒေကြမ်းကို သစ်တောဋ္ဌာနက အခြားအစိုးရဋ္ဌာနများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်အဖွ့ဲအစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ရေးဆွဲနေကြောင်း၊ ဥပဒေမူကြမ်းမှာ ရေးဆွဲပြီးစီးခဲ့ကြောင်း၊ ပြည်နယ်နှင့် ပြည်ထောင်စုလွှတ်တော်များအကြား အသွားအပြန် လွန်းပျံပေးပို့နေကြဆဲဖြစ်ကြောင်း သူကပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ချုပ်ချယ်ကန့်သတ်ထားသော အပိုဒ်တစ်ပိုဒ်ပါဝင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသည် ကဏ္ဍအတော်များများတွင် ဥပဒေပြုခွင့်ရှိသော်လည်း ထိုဥပဒေများသည် ပြည်ထောင်စုဥပဒေနှင့် ဝိရောဓိမဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားသည်။ ထိုစာပိုဒ်ကြောင့် ပြည်နယ်လွှတ်တော်များသည် မိမိတို့လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ မသေချာမရေရာမှုကို ခံစားနေကြရသည်ဟု ဦးမျိုးမင်းဇော်ကပြောသည်။ ထို့ကြောင့် လက်အောက်ခံလွှတ်တော်များသည် ခြေကျိုးနေသော၊ ဆိုင်းငံ့နေရသော ဥပဒေများကိုသာ ပြဋ္ဌာန်းနိုင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဥပဒေကို ရုတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်မခြင်း၊ သူတို့ပြဋ္ဌာန်းလိုက်သော ဥပဒေများ ဖုံတက်အောင် စောင့်ဆိုင်းနေကြရလေတော့သည်။ ထို့ကြောင့် ဒေသတစ်ခုအတွင်း အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသော ကိစ္စတစ်ခုမှာ အစီအစဉ်များ ပြည့်ကျပ်နေသော ပြည်ထောင်စုလွှတ်တော်များတွင် ကြားညှပ်၍ စောင့်ဆိုင်းနေရသော အခြေဆိုက်ရောက်သွားရလေသည်။

သို့သော် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနေမျိုး (NLD) က ပြည်သူ့လွှတ်တော် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မီတီက ထိုဥပဒေမူကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်ထံ ပြန်ပို့လိုက်ပြီဟု Frontier ကို ပြောသည်။ ထိုအတိုင်းဆိုပါက ထိုဥပဒေကို ပြည်နယ်လွှတ်တော်၌ မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်တော့မည်ဟု ယူဆရသည်။

ကိုနီဇော်သည် ညောင်ရွှေအခြေစိုက် NGO အဖွဲ့ Inle Speaks ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဥပဒေပြုရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ယခုအင်းလေးကန်အာဏာပိုင်အဖွဲ့သစ်သည် အင်းလေးကန်ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း သူက Frontier ကို ပြောသည်။

“ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေကို အာဏာတွေ ပေးမထားဘူးဆိုရင်တော့ ဆုံးဖြတ်ချက်ချနေတာလည်း အကြာကြီး၊ အကောင်အထည်ဖော်နေတာလည်း အကြာကြီး အချိန်တွေကုန်နေမှာပဲ” ဟု ကိုနီဇော်ကပြောသည်။

သို့သော် အင်းလေးကန်အာဏာပိုင်အဖွ့ဲတွင် သံသယဝင်စရာအချက်တစ်ချက်ကြောင့် လက်တွေ့တွင် တကယ်တန်း ထိရောက်မှုရှိပါမည်လားဟု အချို့က စိုးရိမ်နေကြသည်။ ဤအဖွဲ့၏ ဥက္ကဋ္ဌမှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ် ဖြစ်သည်။ ဦးလင်းထွဋ်သည် ဗမာတစ်ယောက်ဖြစ်ပြီး ယခင်က ရှမ်းပြည် မြောက်ပိုင်းတွင် သွားဆရာဝန်တစ်ဦးဖြစ်ခဲ့သည်။ အင်းလေးကန်နှင့် မည်သို့မျှ ဆက်စပ်မှုရှိခဲ့သူမဟုတ်ဘဲ မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်နယ်ကို ကြီးကြပ်အုပ်ချုပ်နေရသူ ဖြစ်သည်။

အင်းသားရေးရာဝန်ကြီးတစ်ယောက်အနေနှင့် ဦးထွန်းလှိုင်သည် ဒု- ဥက္ကဋ္ဌ (၃) ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အင်းလေးကန်အာဏာပိုင်အဖွဲ့ကို ဦးဆောင်သူသည် အင်းလေးကန်အနီးအနားတွင် နေထိုင်သူ၊ အင်းလေးကန်ရေးရာများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူသာ ဖြစ်သင့်ပါသည်ဟု သူက Frontier ကိုပြောသည်။ “သူ ဥက္ကဋ္ဌ ဖြစ်သင့်သည်ဟုယူဆပါသလား”ဟု သူ့ကို Frontier ကမေးကြည့်ရာ သူက ဦးခေါင်းကို တအားငြိမ့်လိုက်ပြီး “ဖြစ်သင့်တာပေါ့” ဟု ဖြေကြားခဲ့သည်။

ဟိန်းကိုစိုး ဖြည့်စွက်ရေးသားသည်။

ခေါင်းစီးဓာတ်ပုံ-ဘန်ဒူးနန့်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar