ကရင်အမျိုးသမီးများ၏ အရည်အသွေး မြင့်တက်လာစေသည့် သစ်ခွသုတေသန

ကရင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ သစ်ခွမျိုးစိတ်များကို အမျိုးသမီးများက ဦးဆောင်ပြီး စာရင်းပြုစုခဲ့ရာ သစ်ခွ အမျိုးပေါင်း ၁၀၀ ကျော်လောက် တွေ့ရှိလာသည့်အပြင် အမျိုးသမီးများ၏ ခေါင်းဆောင်မှု အရည်အသွေးများလည်း မြင့်တက်လာစေခဲ့သည်။ 

ဗစ်တိုးရီးယား မီလ်ကို ရေးသားသည်။

အမျိုးသမီးများ ဦးစီးသည့် သုတေသနစီမံကိန်းတစ်ခုက ကရင်ပြည်နယ်နှင့် အနီးဝန်းကျင်ဒေသများရှိ သစ်ခွမျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းတွင် စာရင်းပြုစုနိုင်ခဲ့ကြသည်။

ငါးနှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သော ထိုလေ့လာမှုကို သံလွင်ငြိမ်းချမ်းရေးဥယျာဉ် (Salween Peace Park) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်က အမျိုးသမီးများ၏ လုပ်ရည်ကိုင်ရည် မြင့်တက်လာစေရန် ရည်ရွယ်သလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံလူထုကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်ကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ကရင်သဘာဝဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် (Karen Evironmental and Social Action Network) ၏ ဒါရိုက်တာဖြစ်သူ စောဖေါလ်စိန်ထွားက ထိုစီမံကိန်းသည် တရားမဝင် သစ်ခိုးထုတ်မှုများနှင့် သစ်ခွများကို ရောင်းဝယ်ဖောက်ကားမှုများအား တန်ပြန်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

“၂၀၀၀ ခုနှစ် အစောပိုင်းမှာ သုတေသန အစီအစဉ်တစ်ခုကို ကရင်ပြည်နယ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ တောထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သိရှိဖို့ တောထဲမှာ သုံးလလောက် နေထိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။ “အဲဒီမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေနဲ့ သစ်ခွရောင်းဝယ်မှုတွေကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပဲ သတိပြုမိခဲ့တယ်” ဟုလည်း ၎င်းကပြောသည်။

ထို့ပြင် ပဋိပက္ခများကြောင့် သစ်တောပြုန်းတီးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။ 

“မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေ ရှိခဲ့တယ်။ အဲဒါကြောင့် တခြားပြဿနာတွေလည်း ပေါ်ပေါက်လာခဲ့တယ်။ သစ်တောတစ်ချို့နေရာတွေ ပျက်စီးကုန်တာတွေအပြင် လူတွေက ထွက်ပြေးပြီး သစ်တောတွေထဲမှာ ပုန်းနေရာတော့ သစ်တောထွက်ရင်းမြစ်တွေကို ရယူသုံးဆွဲခဲ့ကြရတယ်” ဟု ၎င်းကပြောသည်။

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

ထိုသုတေသနအဖွဲ့၏ လေ့လာတွေ့ရှိမှုများကြောင့် KESAN က အခြားသော ကရင် လူ့အဖွဲ့အစည်းများနှင့် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် သစ်ခွသုတေသနအဖွဲ့တစ်ခုကို ဖွဲ့စည်းသည်။ ထူးခြားချက်မှာ ထိုအဖွဲ့ကို အမျိုးသမီးများအား ဦးဆောင်စေခဲ့ခြင်းဖြစ်သည်။ 

“သုတေသန အဖွဲ့ဝင်တွေက အမျိုးသမီးတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက (ကျွန်တော်တို့ ယဉ်ကျေးမှုအရဆို) ပန်းတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဗဟုသုတတွေ ရှိကြတယ်လေ။ အမျိုးသမီးတွေက ပန်းအကြောင်း ပိုသိတယ်ဆိုတာ အမှန်တရားပဲ” ဟု စောပေါလ်စိန်ထွားက ပြောသည်။

ထို့နောက် အသိုင်းအဝိုင်းထဲမှ စိတ်ဝင်စားပြီး အချိန်ပေးနိုင်သော အမျိုးသမီး ခြောက်ဦးကို စီမံကိန်းအား ဦးဆောင်ရန် ရွေးချယ်ခဲ့သည်။ ၎င်းတို့က တောထဲသို့ သွားရောက်ပြီး သစ်ခွများကို ရှာဖွေကာ စာရင်းပြုစုခဲ့ကြသည်။ 

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

“ကျွန်မအတွက် အခက်ခဲဆုံးက တချို့သစ်ခွတွေက အရမ်းအေးတဲ့ နေရာတွေက သစ်ပင် အမြင့်ကြီးတွေပေါ်မှာဆိုတော့ ကျွန်တို့တို့အတွက် ရှာဖွေရတာ ခက်ခဲပါတယ်” ဟု စီမံကိန်းတွင် ပါဝင်သူ နော်ဆာယူက ပြောကြားသည်။ “နောက်တစ်ချက်က တစ်ချို့ သစ်ခွတွေက ပေါက်နေတာ ကြာပြီဆိုတော့ အမြစ်တွေ၊ အရွက်တွေ မရှိတော့ဘူး။ အပွင့်ပဲ ကျန်တော့တယ်။ ဒီတော့ ဘာအမျိုးအစားမှန်း ခွဲခြားရတာ ခက်ခဲတယ်” ဟု ၎င်းက ဆိုသည်။ 

သို့သော် ၎င်းတို့၏ လေ့လာမှုက ပုံမှန် သိပ္ပံနည်းကျ လေ့လာ့မှုလုပ်ငန်းစဉ်များအတိုင်း မဟုတ်ကြောင်းကိုမူ  သုတေသနပြုလုပ်သူများက ပြောကြားကြသည်။ 

“တစ်ချို့ သစ်ခွတွေကို အမျိုးအစား မခွဲခြားတတ်လို့ ကိုယ်ဘာသာပဲ အမည်ပေးထားရတာ ရှိတယ်” ဟု နော်ဆာယူက ပြောသည်။ 

အီးတူထစခန်းတွင် သစ်ခွပန်းများနှင့် ပတ်သက်သည့် အစီရင်ခံစာအား ဖတ်ရှုနေကြသူများ။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

အီးတူထစခန်းတွင် သစ်ခွပန်းများနှင့် ပတ်သက်သည့် အစီရင်ခံစာအား ဖတ်ရှုနေကြသူများ။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

၎င်းတို့ ပြုစုခဲ့ကြသည့် အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်ခဲ့သော သြဂုတ် ၉ ရက်နေ့သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ အီးတူထ နေရပ်စွန့်ခွာသူများစခန်းတွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာန တိုင်းရင်းသားများနေ့ (International Day of World’s Indigenous People) ကို ကျင်းပနေသည့် အချိန်အခါနှင့်လည်း တိုက်ဆိုင်နေသည်။ အစီရင်ခံစာတွင် သစ်ခွပေါင်း ၁၂၁ မျိုးကို စာရင်းပြုစုခဲ့ပြီး လေးမျိုးကို အမည်မသိအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ထိုအထဲမှ ၉၄ မျိုးသည် Wild Fauna and Flora ၏ Convention on International Trade in Endangered Species စာရင်းတွင် တိမ်ကောမည့် အန္တရာယ်ကျရောက်နေသည်ဟု ဖော်ပြထားသည့် မျိုးစိတ်များထဲ၌ ပါဝင်နေသည်။

သုတေသနပြုမှု၌ ပါဝင်ခဲ့သော အမျိုးသမီးများက ၎င်းတို့၏ ကြိုးစားမှုမှ ပေါ်ထွက်ပေါ်လာသော အစီရင်ခံစာကို ဂုဏ်ယူနေကြသည်။ သို့သော် အမျိုးသမီးများ၏ ဦးဆောင်မှုသည် ပိုမိုကြီးမားသော အောင်မြင်မှုဖြစ်ကြောင်း အများအပြားက ယုံကြည်ထားကြသည်။ 

“အမျိုးသမီးတွေ ဦးဆောင်ပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ နောက်လာမယ့် စီမံကိန်းတွေမှာလည်း အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နော်ဆာယူက ပြောသည်။ 

သုတေသန၌ ပါဝင်ဆောင်ရွက်ခဲ့သူ နော်ဆာယူက အစီရင်ခံစာထုတ်ပြန်ပွဲအပြီးတွင် အင်တာဗျူးတစ်ခုအား ဖြေကြားပေးနေစဉ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

သုတေသန၌ ပါဝင်ဆောင်ရွက်ခဲ့သူ နော်ဆာယူက အစီရင်ခံစာထုတ်ပြန်ပွဲအပြီးတွင် အင်တာဗျူးတစ်ခုအား ဖြေကြားပေးနေစဉ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လေ့လာမှု၏ ရလဒ်အစီရင်ခံစာကို ကရင်နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်သာ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် လေ့လာချက်ကို လူအများအပြား သိရှိလာကြမည်ဟု KESAN က မျှော်လင့်ထားသည်။ 

အီးတူထစခန်းတွင် ကမ္ဘာ့ဌာန တိုင်းရင်းသားများနေ့ အခမ်းအနားအား တက်ရောက်ခဲ့ကြသူများက ခေတ္တနားနေချိန်တွင် စခန်းရှိ ဖုန်များတက်နေသည့် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အစီရင်ခံစာအား လှန်လှောကြည့်နေကြစဉ် နော်ဆာယူက ၎င်း၏ စိတ်တွင်ပေါ်ပေါက်လာသည့် စိတ်ကူးတစ်ခုအား ပြောကြားခဲ့သည်။ 

“ဒီအစီရင်ခံစာကို လူတွေက မြင်ပြီး သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးသင့်ကြောင်း၊ တိုက်ပွဲတွေလည်း ရပ်တန့်သင့်ကြောင်းနဲ့ သဘောပေါက်ကြရင် ကောင်းပါမယ်။ ဒါမှလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး အေးအေးချမ်းချမ်း နေနိုင်ကြမှာပါ” ဟု နော်ဆာယူကပြောသည်။ “ဒါကိုပဲ ကျွန်မက အရာအားလုံးထက်ကို ပိုပြီး မျှော်လင့်နေမိတာပါ” ဟုလည်း ၎င်းက ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- KESAN သစ်ခွ သုတေသနအဖွဲ့မှ အမျိုးသမီးများက သဘာဝ သစ်ခွမျိုးစိတ်များကို လေ့လာနေကြစဉ်။ ဓာတ်ပုံ-supply

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.