၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေရှိ လူသူကင်းမဲ့နေသော ဈေးတစ်ခုဘေးမှ အမျိုးသမီးတစ်ဦး လမ်းလျှောက်ဖြတ်သန်းသွားစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရခိုင်ဒေသမှာ တွင်ကျယ်လာတဲ့ ချက်အရက်လုပ်ငန်းတွေ

ပြည်မကတဆင့် ရခိုင်ပြည်နယ်တွင်း ယမကာတင်သွင်းမှုကို အာရက္ခတပ်တော်က ပိတ်ပင်လိုက်ပြီးတဲ့နောက် ဒေသတွင်း တနိုင်တပိုင် အရက်ချက်လုပ်ကိုင်သူတွေ များပြားလာပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့အတူ မိရိုးဖလာအရက်ချက်သူတွေရဲ့ လူမှုစီးပွားကိုလည်း ခြိမ်းခြောက်နေပါတယ်။ 

ခိုင်လင်း | ဖရွန်တီးယား

ချောင်းတစ်ခုရဲ့ ကမ်းပါးဘေးရှိ ခြေတံရှည်အခန်းကျဉ်းလေးအတွင်း ဒန်အိုးကြီးတွေ၊ မြေအိုးတွေကြားမှာ မီးခိုးငွေ့တွေ ထောင်းထောင်းထနေတယ်။ ထိုအခန်းကျဉ်းလေးထဲမှာ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော်နဲ့ ကိုယ်ဝန်ရှစ်လ ရင့်မာကြီးကို လွယ်ထားတဲ့ သူ့ဇနီးတို့ဟာ မီးခိုးမွှန်တဲ့ဒဏ်နဲ့ နွေဦးအပူရှိန်တို့​ကို အန်တုရင်း ကိုယ်စီအလုပ်ရှုပ်နေကြတယ်။

ဝက်မွေးမြူရေးခြံတစ်ခုနဲ့ တဆက်တည်း တွဲလျက် ဆောက်ထားတာဖြစ်လို့ အနံ့အသက်လည်း ဆိုးဝါးလှပါတယ်။ 

သူတို့ရဲ့ လက်လုပ်ပေါင်းခံအိုးထဲမှာ ဆန်ကွဲကို ချက်ထားတဲ့ထမင်းနဲ့ တဆေးတို့ ရောနှောထားတဲ့ စိမ်ရည်ဖတ်တွေ တစီစီဆူပွက်နေပြီး၊ ပေါင်းခံအိုးပိုက်ဝကနေ တစက်တစက် စီးကျလာတဲ့ ‘အရက်ဦးရည်’ တွေကို ပုလင်းငယ်တွေနဲ့ ဂရုတစိုက်ခံယူပြီး ဗူးကြီးထဲ ပြောင်းထည့်နေပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း ပြည်ပအရက်တွေကို သယ်ယူတင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ဒေသအနှံ့ ပေါများစွာ ပေါ်ပေါက်လာတဲ့ တနိုင်တပိုင် အရက်ချက်လုပ်ငန်းတွေထဲက မြေပုံမြို့ပေါ်ရှိ အရက်ချက်လုပ်ငန်းတစ်ခုရဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။ 

“ဒီအရက်တစ်ဗူးရဖို့ မီးခိုးမွှန်ခံ၊ အပူဒဏ်ခံပြီး ချက်ရတာ လွယ်တာတော့ မဟုတ်ဘူး” လို့ ကိုဇော်ဇော်ရဲ့ဇနီးက နဖူးက စီးကျလာတဲ့ချွေးတွေကို လက်ဖမိုးနဲ့သုတ်ရင်း ပြောပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တဲ့နောက်ပိုင်း စစ်ကော်မရှင်က ကုန်စည်သယ်ယူရေးလမ်းကြောင်းတွေ အားလုံးဖြတ်တောက်ခဲ့ပါတယ်။ ဒီလိုနဲ့ ရခိုင်ဒေသခံတွေ ဝယ်ယူသုံးစွဲရတဲ့ အခြေခံစားကုန်တွေအပြင် သောက်သုံးကြတဲ့ ပြည်ပနဲ့ ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်စတဲ့ ယမကာတွေဟာ စျေးအဆမတန်တက်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ  အာရက္ခတပ်တော် (အေအေ)က သူတို့ထိန်းချုပ်နယ်မြေတွေမှာ ပြည်ပနဲ့ ပြည်မဒေသထုတ် ယစ်မျိုးကုန်အားလုံးကို တင်သွင်း၊ ရောင်းချခွင့် ပိတ်ကြောင်း ဒေသန္တရအမိန့်တစ်ခုထုတ်ခဲ့ပြီး ရောင်းချသူတွေကို အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအမိန့်က စီးပွားရေးကြပ်တည်းနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ငွေစက္ကူတွေ ပြည်နယ်ပြင်ပကို စီးမထွက်သွားစေဖို့ လုပ်ခဲ့တဲ့ ဗျူဟာတစ်ခု ဖြစ်ဖွယ်ရှိခဲ့ပြီး ဒီအချက်ကို အေအေက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ 

ဒါပေမဲ့ အေအေရဲ့ နိုင်ငံရေးဌာနက အမည်မဖော်လိုတဲ့ အကြီးအကဲတစ်ယောက်ကတော့ “ဒါဟာ ရခိုင်ပြည်သူတစ်ဦးချင်း ဝင်ငွေအပိုမကုန်ကျစေဖို့နဲ့  စစ်ကောင်စီထုတ်အရက်၊ ဘီယာတွေကို သပိတ်မှောက်ရာလည်း ရောက်ဖို့ လုပ်ဆောင်တာဖြစ်ကြောင်း” ဖရွန်တီးယားကို ပြောခဲ့ပါတယ်။ 

ကိုဇော်ဇော်တို့မိသားစုဟာ မိရိုးဖလာ ဆန်အရက်ချက်တဲ့ အတတ်ပညာနဲ့ အသက်မွေးလာနိုင်ခဲ့ကြတာ ၁၄ နှစ်တောင် ရှိပါပြီ။ အခုအခါတော့ ဒီအလုပ်က သူတို့ မိသားစုကို အသက်ရှူမချောင်စေတော့ပါဘူး။  

အပူရှိန်တဝင်းဝင်း၊ မီးခိုးငွေ့တလူလူကြား တနေကုန် ရုန်းကန်ရပေမဲ့ တစ်နေ့တာ ရောင်းချရတဲ့ အရက် ၄၀ လီတာခန့်က အမြတ်ငွေ ကျပ် ၁၅,၀၀၀ ဝန်းကျင်သာ ကျန်တာကြောင့် မိသားစုအတွက် မနည်းချွေတာ သုံးစွဲနေရပါတယ်။

“(အေအေက) အရက် စပိတ်တုန်းက တစ်ဘူး (၂၀ လီတာ) ကို ကျပ် ၁၀၀,၀၀၀ ကျော်ရပေမဲ့ အခုတော့ ၅၀,၀၀၀ ပဲ ရတော့တယ်။ ချက်တဲ့သူတွေကလည်း တအားပေါလာတာကိုး။ အခု ကုန်စျေးနှုန်းလည်း ကြီးသွားတယ်” လို့ ကိုဇော်ဇော်က သက်ပြင်းချရင်း ပြောပါတယ်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းကာလတွေမှာ ကိုဇော်ဇော်တို့လို အရက်ချက်ဖိုတွေက အမြတ်ကြမ်းကြမ်းဝင်တဲ့ လုပ်ငန်းတွေ ဖြစ်ခဲ့ကြပေမဲ့ အဲဒီရွှေရောင်ကာလက ကြာရှည်မခံခဲ့ပါဘူး။ 

ကာလရှည်ကြာ စစ်ပွဲဒဏ်ကို အလူးအလဲခံနေရတဲ့ ပြည်နယ်ထဲမှာ အလုပ်လက်မဲ့လူတွေက များလှတာမို့ ရိုးရာနည်းနဲ့ ချက်လို့ရ၊ အမြတ်လည်း ကြမ်းလှတဲ့ အရက်ချက်လုပ်ငန်းကို မျက်စိကျလာကြပြီး အရက်ချက်သူတွေက ရွာတိုင်း၊ မြို့တိုင်းလိုလိုမှာ မှိုလိုပေါက်လာခဲ့ပါတော့တယ်။

ဧပြီလ ၂ ရက်နေ့က မြေပုံမြို့ရှိ မိသားစုပိုင် အရက်ချက်လုပ်ငန်းတွင် ကိုဇော်ဇော်၏ဇနီးဖြစ်သူက အရက်များကို ပုလင်းငယ်များထဲသို့ ထည့်နေစဉ်။ (ခိုင်လင်း | ဖရွန်တီးယား)

အဆများစွာ တိုးလာတဲ့ အရက်ချက်သူတွေ

ရခိုင်ပြည်နယ်အတွင်းမှာ တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ခင်အချိန်က တနိုင်တပိုင်အိမ်တွင်း ဆန်အရက်ချက်သူဟာ တစ်ရွာမှာ တစ်ယောက်လောက်သာ ရှိခဲ့ပြီး အရက်ချက်သူမရှိတဲ့ကျေးရွာတွေလည်း များစွာ ရှိခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် နှစ်လယ်လောက်အထိ အရက်ချက်သူ ၃၀ ဝန်းကျင်သာရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့မှာဆိုရင် အခုအခါ ၁၀၀ ကျော်ထိ ရှိလာခဲ့ကာ အရင်က အရက်ချက်သူမရှိခဲ့တဲ့ ပေါက်တောမြို့နယ် မင်းဘာကျေးရွာမှာဆိုရင် အခုအခါ အရက်ချက်သူ ငါးဦးထိ ရှိလာခဲ့တယ်လို့ ဖရွန်တီးယားက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖရွန်တီးယားက ရခိုင်ပြည်နယ်အနှံ့ အေအေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုက ဒေသခံ ၄၀ ခန့်ကို ကျပန်းမေးမြန်းခဲ့ရာ အားလုံးက အရက်ချက်သူတွေ တိုးလာခဲ့တယ်လို့ ပြောကြပါတယ်။ ၂၀၂၄ ခုနှစ်အထိ အရက်ချက်တဲ့သူတွေ အများအပြားမရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဘက်အစွန်ဆုံး မောင်တော၊ ဘူးသီးတောင်နဲ့ တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်တွေမှာဆိုရင် အရက်ချက်သူတွေ သိသိသာသာ ပိုများလာခဲ့တယ်လို့ ဆိုကြပါတယ်။

“အရင်ကဆိုရင် သံတွဲ၊ တောင်ကုတ်ဘက်တို့၊ မောင်တောဘက်တို့ကို ဒီကနေပဲ ပို့ရတာ။ အရက်ချက်မလောက်ဘူး။ ချက်သလောက် အကုန်ရောင်းရတယ်။ အများကြီး ချက်ရတယ်။ (အရက်)ကျတောင် မကျသေးဘူး ဝယ်မယ့်သူတွေ ထိုင်စောင့်နေကြတယ်။ အခုကျတော့ အဲဒီဘက်မှာလည်း ရွာတိုင်းလိုလို အရက်ချက်နေကြပြီ” လို့ မြေပုံ မြို့နယ်က အရက်ချက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စံလှမေက ပြောပါတယ်။

အဲဒီလို ရခိုင်ပြည်အနှံ့ အရက်ချက်တဲ့သူတွေ တိုးလာတာဟာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကြပ်တည်းမှုနဲ့ အရက်လိုအပ်ချက်၊ ဝယ်လိုအားများလာမှုတို့ကြောင့်ဖြစ်တယ်လို့ အရက်ချက်သူတွေက ပြောကြပါတယ်။

အရက်ဝယ်လိုအားများလာတာဟာ ပြည်ပနဲ့ ပြည်မထုတ် အရက်၊ ဘီယာတွေ ရခိုင်ပြည်တွင်း မရောက်တာ၊ မှောင်ခို ရောက်ပေမဲ့ စျေးအလွန်ကြီးတာတို့ကြောင့်ဖြစ်သလို အရက်သောက်သုံးသူတွေ အရင်ကထက် ပိုများလာတာကြောင့်လည်း ပါတယ်လို့ ဆိုကြပါတယ်။

“အဓိကတော့ အရက်သောက်တဲ့သူတွေ များလာတာ။ တော်တော်များလာတယ်။ အပိုင်းက(ရပ်ကွက်က)အရက်ဆိုင်တွေဆို နေ့တိုင်းလူအပြည့်ပဲ။ လူတွေကလည်း ကြပ်တည်းတယ်လေ။ ဒုက္ခရောက်နေတော့ စိတ်မွန်းကြပ်လို့ သောက်ကြတာလည်း ပါတယ်။ ကလေးတွေဆိုလည်း ကျောင်းထွက်ကြနဲ့ လေလွင့်ပြီး သောက်ကြတာ” လို့ မြောက်ဦးမြို့နယ်က ကျောင်းဆရာမတဦးဖြစ်တဲ့ ဒေါ်နှင်းဝေက ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း အထွေထွေအကြပ်အတည်းတွေကြား စားဝတ်နေရေးအတွက် ရုန်းကန်လာကြရတာမို့ ကလေးတွေကို ကျောင်းမပို့နိုင်ကြတော့ဘဲ ကျောင်းထုတ်လိုက်ရတဲ့ကလေးအရေအတွက်လည်း များလာခဲ့တာပါ။

အလုပ်အကိုင်ရှားပါးလွန်းတဲ့ ရခိုင်ပြည်တွင်းက စာသင်ကျောင်းပြင်ပရောက်သွားတဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ ဒေသတွင်းအရက်ချက်လုပ်ငန်းတွေနဲ့ အရက်ဆိုင်တွေမှာ အလုပ်သမားတွေဖြစ်လာခဲ့ကြတာလည်း တွေ့ရပါတယ်။

ပေါက်တောမြို့နယ် မင်းဘာကျေးရွာမှ အရက်ချက်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်(အမည်လွှဲ)က စားဝတ်နေရေး အခက်အခဲကြောင့် သူ့ရဲ့ ခြောက်တန်းအရွယ်သားကြီးကို ကျောင်းထုတ်လိုက်ရပြီး သူ့ရဲ့အရက်ချက်လုပ်ငန်းမှာ ဝင်ကူလုပ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

“မိသားစု ခြောက်ယောက် ထမင်းစားဖို့တောင် မလွယ်ဘူး၊ ရုန်းကန်ရတာ။ အဲတော့ ကျောင်းစရိတ်တွေ၊ စာအုပ်ဖိုးတွေလည်း မတတ်နိုင်တော့ဘူး။ အခု သားကို ဒီနှစ်မှာပဲ ကျောင်းထုတ်လိုက်ရတယ်” လို့ ကိုကျော်က ပြောပါတယ်။

ကိုကျော်ဟာ အေအေက အရက်ပိတ်ပြီး သုံးလအကြာမှာ အရက်ချက်လုပ်ငန်းကို စလုပ်လာခဲ့တာပါ။

“ကလေးအလုပ်သမားကတော့ တိုးတာသေချာတာပေ့ါ။ အရက်ဆိုင်တွေ၊ မုန့်တီဆိုင်တွေမှာ ကလေးတွေချည်းပဲ” လို့ မြေပုံမြို့မှာနေထိုင်တဲ့ လူမှုကူညီရေးလုပ်နေသူ လူငယ်တစ်ဦးက ပြောပါတယ်။

အဲဒီလို တိုးလာတဲ့ အရက်ချက်သူ လူသစ်တွေထဲမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်းဟောင်းတွေလည်း ပါဝင်ပြီး ပညာရေးဝန်ထမ်း(ကျောင်းဆရာမ) အသက် ၄၀ အရွယ် မနွယ်(အမည်လွှဲ)ဟာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

မိသားစုဝင်ငါးယောက်နဲ့အတူ နေထိုင်တဲ့ မနွယ်ဟာ အေအေထိုးစစ်တွေကြောင့် စစ်ကော်မရှင်လက်အောက်ခံယန္တရားတွေ ပျက်စီးသွားခဲ့ချိန် သူ့ရဲ့ကျောင်းဆရာမအလုပ်ဟာလည်း ပြုတ်သွားခဲ့ရပါတယ်။ အဲဒီအချိန် တိုက်ပွဲတွေကြား ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် အလူးအလှိမ့်ခံနေရတဲ့ မနွယ်ဟာ ကြံရာမရ အရက်ချက်ဖို့ ဖြစ်လာခဲ့တာပါ။

“ဝန်ထမ်းဘ၀ မရလိုက်တော့ အရက်ချက်ရတော့တာပေ့ါ။ ဘယ်လိုကြောင့် စချက်လဲ အဓိက စားဖို့သောက်ဖို့ လိုတာပေ့ါ၊ ကိုယ့်မှာ သားသမီးသုံးယောက်နဲ့ ကျောင်းစရိတ်၊ စားစရိတ်အားလုံး အထွေထွေစရိတ် လိုတယ်။ အလုပ်ကလည်း ရှားပါးလာတော့ တခြားအလုပ်လည်းမရှိ ကိုယ်ကလည်း ဒါကို မျက်စိကျွမ်းဝင်နေတော့ ကိုယ်တတ်သလို စချက်ဖြစ်တာ” လို့ မနွယ်က ပြောပါတယ်။

မြေပုံမြို့နယ်အတွင်းက ကျေးရွာတစ်ခုမှာ ကျောင်းဆရာမတာဝန်ကျနေခဲ့တဲ့ မနွယ်ဟာ အဲဒီရွာမှာ တာဝန်နေစဉ်အတွင်း အရက်ချက်သူတွေရဲ့ နေ့တဓူ၀အလုပ်တွေကို ရင်းနှီးသိကျွမ်းနေခဲ့ရာကနေ လက်တွေ့စချက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။  

အမြတ်နည်းလာခြင်း 

ရခိုင်ဒေသမှာ တကျော့ပြန်တိုက်ပွဲတွေစဖြစ်ချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းကစပြီး အရက်စချက်ခဲ့တဲ့ ဆရာမ မနွယ်ဟာ အခုအခါမှာတော့ အမြတ်ရရှိဖို့အရေး ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းတိုက်ပွဲတွေ မစတင်ခင်၊ စစ်ကော်မရှင်ရဲ့ ကုန်စည်ပို့ဆောင်၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ မပိတ်ခင် ၂၀၂၃ နှစ်ဆန်းပိုင်းကာလတွေမှာ ဆန်အရက် လီတာ ၂၀ ဝင် တစ်ပုံးကို ကျပ် ၃၅,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။

အဲဒီတုန်းက ကျပ် ၃၅,၀၀၀ ဝန်းကျင်သာ စျေးရှိပေမဲ့ အရက်ချက်ဖို့လိုအပ်တဲ့ သွင်းအားစုတွေဖြစ်တဲ့ ဆန်ကွဲ၊ ထင်း၊ တဆေး အပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မတက်သေးတာကြောင့် အမြတ်ငွေပမာဏနည်းပေမဲ့ အရက်ချက်တဲ့သူတွေဟာ အရက်ချက်လုပ်ငန်းက ရတဲ့အမြတ်နဲ့ စားဝတ်နေရေး အဆင်ပြေ၊ ချောမွေ့နေခဲ့ကြပါသေးတယ်။

တိုက်ပွဲတွေစလာပြီး စစ်ကော်မရှင်ကလည်း ကုန်စည်လမ်းကြောင်းတွေ ပိတ်လိုက်ချိန် ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ ချက်အရက်တွေ ဝယ်လိုအားတက်ကာ စျေးဟာလည်း အရက်တစ်ပုံးကို ကျပ် ၅၀,၀၀၀ ကနေ ၇၀,၀၀၀ ဝန်းကျင်ထိ စျေးတက်သွားခဲ့ပါတယ်။

အေအေက အရက်ပိတ်တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ အရက်တစ်ပုံးကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ထိ စျေးတက်ကာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ ၁၃၀,၀၀၀ လောက်ထိ အမြင့်ဆုံးစျေးတက်သွားခဲ့တယ်လို့ အရက်ချက်တဲ့သူတွေက ပြောကြပါတယ်။

အဲဒီနောက် အရက်ချက်တဲ့သူတွေ အဆပေါင်းများစွာ တိုးပွားလာတဲ့ ၂၀၂၅ နှစ်လယ်လောက်မှာ အရက်ဈေးတွေ တဖြည်းဖြည်းကျလာခဲ့ပြီး လတ်တလောမှာ ကျပ် ၅၀,၀၀၀ ခန့်သာ ဈေးပေါက်ပါတော့တယ်။ 

အခုချိန်မှာ အရက်ချက်ဖို့အတွက် လိုအပ်တဲ့ ဆန်ကွဲတစ်အိတ်ကို ကျပ် ၄၀,၀၀၀၊ ထင်းတစ်စည်းကို ၇,၀၀၀ ဝန်းကျင်စျေးရှိနေပြီး အရက်တစ်အိုးချက်ရင် လုပ်အားခမချန်ဘဲ ၁၀,၀၀၀ ဝန်းကျင်သာ ကျန်တယ်လို့ ဆိုပါတယ်။ အရက်တစ်ဗူးရဖို့အတွက် ထင်း ငါးစည်း၊ ဆန်ကွဲ ခြောက်ပြည် အသုံးပြုရပါတယ်။

“မမြတ်ဘူး အခု။ ဝင်ငွေတစ်ခု လည်ပတ်နေအောင် ချက်နေတာပေါ့” လို့ မနွယ်က ပြောပါတယ်။

အဲဒီလို အရက်ချက်ဖို့လိုအပ်တဲ့ ကုန်ကြမ်းတွေစျေးတက်နေပြီး ရလာတဲ့အရက်တွေ စျေးကောင်းမရ၊ ဝယ်လိုအား နည်းနေချိန် အရင်းအနှီးမရှိသူတွေမှာ အရက်ဆက်မချက်နိုင်တော့ဘဲ ရပ်နားထားကြရတယ်လို့လည်း ဆိုပါတယ်။

“ဝယ်တဲ့သူ​တွေ မရှိဘူး။ အဝယ်မရှိတော့ ချက်လိုက် နားလိုက်၊ အခု နားထားတယ်။ နောက်အခြေအနေကောင်းတော့မှ ချက်မယ်လို့ စဉ်းစားထားတယ်။ အခြေအနေကြည့်ပြီး ပြန်ချက်ရမယ်၊ စားဖို့လိုတာကို” လို့ မြေပုံမြို့နယ် ငရွှီပြင်(ငရွှေပြင်) ကျေးရွာက အသက် ၄၀ ကျော်ရွယ် မလှဦးက ပြောပါတယ်။ အခုတော့ သူဟာ လက်ကျန်အရက်တွေကို ရောင်းရင် ဝမ်းရေးကို မလောက်မငအခြေအနေနဲ့ ဖြေရှင်းနေရပါတယ်။ 

အရင်က ကြုံရာကျပန်းအလုပ်လုပ်ခဲ့ပြီး တိုက်ပွဲကာလ အလုပ်အကိုင်ရှားပါးလာချိန် အရက်ချက်လုပ်ငန်းလုပ်ခဲ့တဲ့ မြေပုံမြို့နယ် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်မေသက်ဝင်းကလည်း ရောင်းအားမကောင်း၊ အဆင်မပြေတာကြောင့် ချက်တဲ့လုပ်ငန်းကို နားဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

“အရက်ချက်တာက တိုက်ပွဲဖြစ်ပြီးမှ ချက်လာတာ။ တိုက်ပွဲတွေဖြစ်လာတော့ အဆင်မပြေ၊ အလုပ်ရှားလာတော့ အရက်စချက်တယ်။ အခုအဆင်မပြေတော့ဘူး ဒီအလုပ်လည်း” လို့ သူက ဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့က မြေပုံမြို့ရှိ ကိုဇော်ဇော်၏ အရက်ချက်လုပ်ငန်းတွင် အရက်ချက်အိုးမှ အရက်များ စီးကျလာစဉ်။ (ခိုင်လင်း | ဖရွန်တီးယား)

ရိုးရာအရက်ချက်နည်းနှင့် လူကိုသေစေနိုင်သောဓာတုဆေးများ 

ဆန်အရက်ချက်ဖို့ဆိုရင် ကုန်ကြမ်းအဖြစ် ဆန်ကွဲနဲ့ သစ်ဥ၊ သစ်မြစ်တို့နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ တဆေးတို့ အဓိက လိုအပ်ပါတယ်။ ဆန်ကွဲဆိုတာ ဘယ်ဆန်အမျိုးအစားရဲ့ ဆန်ကွဲကိုမဆို အသုံးပြုနိုင်ပြီး တဆေးကတော့ တောတောင်တွေက နေရတဲ့ သစ်ဥ၊ သစ်မြစ်တွေအပါအဝင် ငရုတ်ကောင်းစေ့၊ ကြက်သွန်၊ ဂျင်းစတဲ့ အမျိုးအစားပေါင်း ၃၀ ကျော်ကို ရောစပ်ထုထောင်းကာ ပြုလုပ်ရတာပါ။

“တဆေးက ရိုးရာလုပ်နည်းပဲ၊ ဘာဓါတုဆေးမှမပါဘူး” လို့ ဆယ်ကျော်သက်အရွယ်ကတည်းက မိဘတွေနဲ့အတူ အရက်ချက်လာခဲ့တဲ့ အသက် ၃၀ အရွယ် ကိုကျော်သူရထွန်းက ပြောပါတယ်။ 

ပထမဆုံးအဆင့်အနေနဲ့ ဆန်ကွဲကို ရေနဲ့ချက်ပြီး ရလာတဲ့ထမင်းကို အအေးခံကာ အမှုန့်ကြိတ်ထားတဲ့ တဆေးနဲ့ ရောနှောနှယ်ပေးရပါတယ်။ အဲဒီလို တဆေးနဲ့ ရောနှယ်ထားတဲ့ ဆန်ကွဲထမင်းကို အဖုံးဖွင့်ထားတဲ့ ပလက်စတစ်ပုံးတွေမှာ ခွဲထည့်ကာ အပေါ်ကနေ အဝတ်စနဲ့ အုပ်ထားရပါတယ်။

သုံးရက်မြောက်နေ့မှာတော့ တဆေးနဲ့ ဆန်ကွဲထမင်းရောနှယ်ထားတဲ့ ပုံးထဲ ရေအနည်းငယ်စီလောင်းထည့်ရပါတယ်။ အဲဒါကို စိမ်ရေဖတ်လို့ ခေါ်ပြီး ငါးရက်မြောက်နေ့မှာတော့ အဲဒီစိမ်ရည်ဖတ်ကို အရက်ချက်လုပ်ဖို့အသုံးပြုမယ့် ဒန်အိုးကြီးထဲထည့်ကာ မီးအပူပေးပြီး ချက်ရပါတယ်။

စိမ်ရည်ဖတ်ထည့်ထားတဲ့ ဒန်အိုးအဖုံးကို လေလုံစေဖို့ ဆန်မှုန့်၊ ရေ၊ အဝတ်စတို့နဲ့ စနစ်တကျ ဖုံးအုပ်ရပါသေးတယ်။

အဲဒီဒန်အိုးရဲ့အဖုံးမှာ မြေအိုးငယ်တစ်လုံးစာဆန့်လောက်တဲ့ အပေါက်ဖောက်၊ အဲဒီအပေါက်ထဲ မြေအိုးငယ်တစ်လုံး ထည့်ကာ အပူချိန်ကြောင့် စိမ်ရည်ဖတ်ကနေ လွှင့်ပျံတက်လာမယ့် အငွေ့တွေကို ဖမ်းယူဖို့ ပြင်ဆင်ရပါတယ်။ အဲဒီမြေအိုးထဲ ရောက်လာတဲ့အငွေ့တွေကို အရည်အဖြစ် စီးကျလာစေဖို့ အငွေ့တွေ နေရာယူမယ့် မြေအိုးအပေါ်မှာ အအေးခံစနစ်တခု ထပ်မံတပ်ဆင်ရပါတယ်။

“ဒီအိုးက တက်လာမယ့်အငွေ့တွေ ဒီအပေါ်က အိုးထဲတက်လာတယ်။ အဲဒါကို အပေါ်က ရေနဲ့ အအေးပေးလိုက်တော့ အရည်ဖြစ်ပြီး ဒီပိုက်တံကနေ အရက်အဖြစ်ဆင်းလာတယ်။ ရေကို ခဏခဏ (လဲ)လှယ်ပေးရတယ်။ မဟုတ်ရင် အရက်က ပုံမှန်မဆင်းဘူး” လို့ ကိုကျော်သူရထွန်းက ပြောပါတယ်။

ဒါဟာ ရှေးတုန်းကတည်းက လက်ဆင့်ကမ်းလာခဲ့ကြတဲ့ သမားရိုးကျ အရက်ချက်နည်းဖြစ်ပါတယ်။

ပထမဆုံး စီးကျလာတဲ့ အရည်တွေကို အဦးရည်လို့ခေါ်ပြီး အဲ့ဒီထဲမှာ အရက်ပါဝင်မှုရာခိုင်နှုန်းက ၅၀ ကနေ ၆၀ ထိ ရှိနိုင်ပြီး နောက်ကျလာမယ့် အရက်တွေကတော့ ၄၀ ကနေ ၃၀ ကြားရှိနိုင်တယ်လို့ အရက်ချက်သူတွေက ပြောကြပါတယ်။

အဲဒီလို အယ်လ်ကိုဟောရာခိုင်နှုန်း ပါဝင်မှုပမာဏကို တိုင်းတာတဲ့ အယ်လ်ကိုဟောမီတာဆိုတဲ့ ကိရိယာနဲ့ တိုင်းတာတဲ့ အရက်ချက်သူအနည်းငယ်ရှိပေမဲ့ အားလုံးနီးပါးသော အရက်ချက်သူတွေဟာ သူတို့ချက်လိုက်တဲ့အရက်မှာ အယ်လ်ကိုဟောရာခိုင်နှုန်း ဘယ်လောက်ပါတယ်ဆိုတာ မသိကြပါဘူး။

“ငါတို့ကတော့ လျှာနဲ့ပဲ စမ်းကြည့်တယ်။ ပြင်းရင် ဦးရည်၊ ပျော့ရည် အစပ်ရည်ပေ့ါ” လို့ အရက်ချက်လာတဲ့ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်တဲ့ မင်းပြားမြို့နယ်က ဆန်အရက်ချက်သူ ဒေါ်မပုက ပြောပါတယ်။

ဒါ့အပြင် အဲဒီပထမဆုံးကျတဲ့ အဦးရည်လို့ ခေါ်တဲ့ အရက်တွေမှာ မယ်သနောလို့ခေါ်တဲ့ အဆိပ်ဓါတ်ပါဝင်မှုဟာလည်း ၁၂ ရာခိုင်နှုန်းလောက်ထိ ရှိနေတတ်ပြီး အဲဒီမယ်သနောဓါတ်ဟာ အမြင်အာရုံဝေဝါးစေတာ၊ မျက်လုံးကွယ်တာ၊ အသည်းခြောက်တာစတဲ့ ဆိုးကျိုးတွေကို ဖြစ်စေတယ်လို့ အေအေရဲ့ ကျန်းမာရေးဌာနက ဆိုထားပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ အထွေထွေရောဂါအထူးကု ဆရာဝန်တစ်ဦးက “စက်ရုံထုတ်အရက်တွေမှာတော့ မယ်သနောကို မပါအောင် စစ်ထုတ်ပြီးမှ ရောင်းချခွင့်ရကြတာ။ မယ်သနောက အဆိပ်ပဲလေ။ ကျန်းမာရေးထိတာပေါ့” လို့ ပြောပါတယ်။

ဓါတုဆေးတွေ ရောစပ်မထားတဲ့ ရိုးရာနည်းအတိုင်း ချက်တဲ့အရက်တွေတွေတောင်မှ ကျန်းမာရေးကို ထိခိုက်စေနိုင်ချိန်မှာ တွက်ချေမကိုက်တော့တဲ့ အရက်ချက်သူတွေက သဘာဝပစ္စည်းတွေအစား ဓာတုဆေးတွေ သုံးပြီး အရက်ချက်လာကြပါတယ်။ 

အရက်ချက်လုပ်သူတွေဟာ ရေနွေးကို အအေးခံထားပြီး အဲဒီအအေးခံထားတဲ့ရေထဲမှာ အမည်အတိအကျ မသိရတဲ့ ဓါတုဆေးရည်တစ်ခု ထည့်လိုက်ရင် အရက်တန်းဖြစ်သွားတယ်လို့ အရက်ချက်သူတွေက ဆိုပါတယ်။ အဲဒီနည်းကို အရက်ပမာဏများစွာထုတ်လုပ်တဲ့ ရခိုင်ပြည်နယ် ကျောက်တော်၊ မြေပုံစတဲ့မြို့နယ်တွေက အရက်ချက်သူအချို့ အသုံးပြုကြတယ်လို့ ပြောကြပါတယ်။

“တချို့မှာ အရက်ကို ရေပူမှာ ဆေးထည့်လိုက်ရင် ပြီးပြီ၊ အရက်ဖြစ်ပြီ။ အဲဒီဆေးပုလင်းမှာ အခေါင်းရယ် ပေါက်တူး ရယ် တံဆိပ်ပါတယ်။ အဲဒါ သုံးကြတယ်” လို့ မြေပုံမြို့နယ်က အမည်မဖော်လိုတဲ့ အရက်ချက်သူတစ်ဦးက ပြောပါတယ်။ သူကတော့ အဲဒီနည်းလမ်းကို မသုံးဘူးလို့ ငြင်းဆိုပါတယ်။

ဒါ့အပြင် အချို့အရက်ချက်သူတွေကတော့ သူတို့ချက်ထားတဲ့အရက်တွေကို အရသာပိုပြင်းစေဖို့အတွက် ဘတ္တရီအက်ဆစ်တွေကို ထည့်လေ့ရှိကြတယ်လို့ သိရပါတယ်။ 

ကျောက်တော်မြို့နယ်အတွင်းမှ အရက်ချက်သူတွေနဲ့ ရင်းနှီးပြီး ကိုယ်တိုင်မြင်ဖူးသူတစ်ဦးက “အက်စစ်ကို နှီးပြားနဲ့ နှစ်ပြီး နေလှန်းထားတယ်။ အဲဒါကို အရက်ပုလင်းထဲနှစ်တာ။ အရက် ပိုပြင်းအောင် ပိုကြည်အောင်အတွက် အန်ဒရိန်း(Endrin) တို့လို ဆေးတွေလည်း ထည့်ကြသေးတယ်” လို့ ဆိုပါတယ်။

အန်ဒရိန်းဟာ အမေရိကန်မှာ ၁၉၈၆ ခုနှစ်ကတည်းက အသုံးပြုခွင့် ပိတ်ပင်ထားခဲ့တဲ့ ပိုးမွှားသတ်ရာမှာ အသုံးပြုတဲ့ အဆိပ်ပြင်းဓာတုဆေးတစ်မျိုးဖြစ်ပြီး လူတွေအနေနဲ့ အသုံးပြုမိပါက ရုတ်တရက် သေဆုံးနိုင်တာအပြင် အသည်း၊ကျောက်ကပ်၊ နှလုံးနဲ့ ဦးနှောက်တို့ကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

အဲဒီလို ရိုးရာဆန်အရက်တွေအပြင် ချက်အရက်တွေကို အခြေခံပြီး အနံ့၊ အရောင်တွေ ထည့်ကာ ပါကင်ထုတ်ပိုး ရောင်းချနေကြသူတွေလည်း များစွာရှိလာပြီး ရခိုင်ပြည်တွင်း ပြည်ပ၊ ပြည်မအရက်တွေပိတ်ပြီးနောက် အသစ်ထွက်လာတဲ့ အရက်အမှတ်တံဆိပ် ၃၀ ထက်မနည်း စျေးကွက်ထဲ ရောက်နေပါတယ်။

အဲဒီအရက်တွေဟာလည်း အရည်အသွေးစစ်မှု စနစ်တကျမရှိဘဲ အချို့အရက်တွေမှာဆိုရင် အရက်ကြည်လင်နေစေဖို့ ရည်ရွယ်ကာ အရက်ပြန်ကို ရောထည့်ကြပြီး သူတို့ရဲ့ ပုလင်းခွံမှာပါ အရက်ပြန်ပါဝင်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

အမည်မဖော်လိုတဲ့ အရက်အမှတ်တံဆိပ်တစ်ခုမှာ လုပ်နေတဲ့ဝန်ထမ်းတစ်ဦးက “အရက်ပြန်ပါတာ ဟုတ်တယ်။ အနံ့လည်း စူးတယ်” လို့ ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ အေအေထိန်းချုပ်ဒေသမှာ ချက်အရက်တွေ သောက်သုံးမှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာပြီး အသည်းခြောက်သေဆုံးသူတွေ ပိုတွေ့လာရတယ်လို့  ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပြပါတယ်။ 

“အရက်တိုင်းကတော့ ကျန်းမာရေးထိခိုက်တာပဲ။ ဒါပေမဲ့ အခု တောအရက်(ဒေသချက်အရက်)တွေက ပိုပြီး အသေစောတာပေါ့” လို့ အေအေထိန်းချုပ်ရာ ဒေသတစ်ခုမှာ နေထိုင်နေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောဆိုချက်ကို ဌာနဆိုင်ရာတွေက ပြုစုထားတဲ့ အချက်အလက်နဲ့ တိုက်ဆိုင် အတည်ပြုနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်းက သေဆုံးသူအရေအတွက်၊ သေဆုံးမှုအကြောင်းအရင်းစတဲ့ အချက်အလက်တွေကို ဖရွန်တီးယားက စုံစမ်းခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။​

၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ဒေသခံ ငါးဦးသေဆုံးမှုက ဒေသချက်အရက်တွေရဲ့ အဆိပ်သင့်နိုင်မှုအန္တရာယ်ကို မီးမောင်းထိုးပြနေပါတယ်။

ဩဂုတ်လ အစောပိုင်းမှာ ချောင်းရေနဲ့ မျောပါလာတဲ့ အရက်ဖြူအဆီတွေကို ဖျော်စပ်သောက်သုံးလို့ တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာက အမျိုးသားသုံးဦးနဲ့ တောင်ကုတ်မြို့ပေါ်က လူငယ်တစ်ဦးတို့ဟာ အဆိပ်သင့် သေဆုံးခဲ့ရတာပါ။ 

ရန်ခိုကျေးရွာက အရက်ဆိုင်ပိုင်ရှင် ဦးမောင်မောင်ကြီးက သူရောင်းတဲ့ အရက်ဖြူအဆီကြောင့် သေဆုံးတာ မဟုတ်ကြောင်း သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာ သူရောင်းချနေတဲ့ အရက်ဖြူအဆီနဲ့ ဖျော်စပ်ထားတဲ့ အရက် သုံးခွက် သောက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၁ ရက်မှာ တောင်ကုတ်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရပြီး အဲဒီရက်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

စစ်ဆေးမှုတွေလုပ်နေပေမဲ့ ထိန်းချုပ်ဖို့ခက်

ရခိုင်ဒေသတွင်းအရက်ချက်လုပ်ငန်းတွေကို အေအေ လက်အောက်ခံ ကျန်းမာရေးဌာနက အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဌာန ဖွဲ့စည်းပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလကတည်းက ကွင်းဆင်းစစ်ဆေးမှုတွေ၊ အရည်အသွေးစစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။  ဒါပေမဲ့ တစ်ပြည်နယ်လုံးအတိုင်းအတာထိ လွှမ်းခြုံမှုမရှိသေးဘဲ မင်းပြား၊ မြောက်ဦးခရိုင်တို့လောက်ပဲ လုပ်နေနိုင်သေးတာ တွေ့ရပါတယ်။

အရက်ချက်လုပ်သူတွေအနေနဲ့ အရက်နမူနာ၊ အသုံးပြုတဲ့ တဆေးနမူနာ၊ အရက်ချက်တဲ့ နေရာသန့်ရှင်းမှုအခြေအနေ စတာတွေကို တင်ပြရပြီး ဓါတ်ဆွဲစစ်ဆေးမှုတွေပြုလုပ်ကာ ဓါတုဆေးဝါးသုံးစွဲတာတွေ တွေ့ရင် အရက်ချက်ခွင့် လိုင်စင်ထုတ်မပေးဘဲ ပိတ်သိမ်းမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“ဟိုလက အရက်ရယ်၊ ဓါတ်ပုံတွေရယ်၊ ထောက်ခံစာတွေရယ်နဲ့ ရုံးကို သွားပို့လိုက်ရတယ်။ အခုထိတော့ အကြောင်းမပြန်သေးဘူး ဘာမှ” လို့ မြေပုံမြို့မှာ အရက်ချက်နေတဲ့ ကိုကျော်သူရထွန်းက ပြောပါတယ်။ 

ဒါပေမဲ့ ရခိုင်ပြည်တွင်းမှာ အရက်ချက်သူ အရေအတွက် များလွန်းတာကြောင့် အရည်အသွေး ထိန်းချုပ်ဖို့ ဆိုတာ ခက်ခဲပြီး မလွယ်ကူဘူးလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ 

“အရင်က အရက်ချက်တဲ့သူမရှိတဲ့ ကျေးရွာတစ်ခုမှာတောင် အခု ၁၀ ယောက်လောက် တိုးသွားတော့ မြို့နယ်တစ်ခုမှာဆိုရင် အနည်းဆုံး အရက်ချက်တဲ့သူတွေ ထောင်ဂဏန်းလောက် ရှိနိုင်တယ်။ အဲဒါ အကုန်လုံးကို ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး” လို့ မင်းပြားမြို့နယ်က လူမှုကူညီရေးလုပ်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ချက်အရက်လုပ်ငန်းတွေ မှိုလိုပေါက်လာခြင်းဟာ မိရိုးဖလာချက်လုပ်သူတွေရဲ့ စားဝတ်နေရေးကို ရိုက်ခတ်ရုံတင်မကဘဲ အရည်အသွေး ထိန်းချုပ်မှုလျော့ပါးခြင်းရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေဟာ သောက်သုံးသူပြည်သူတွေရဲ့ အသက်ဘေးကိုပါ ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာမှာ အရက်ဆီကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ရင်းနှီးသူ ဒေသခံတစ်ဦးကတော့ သူ့ရဲ့ဆန္ဒကို အခုလို ပြောပါတယ်။ 

“ဒီလိုသေတာတွေ ထပ်မရှိစေချင်ဘူး။ အရက်ပိတ်ရင်လည်း စနစ်ကျတဲ့ အန္တရာယ်ကင်းတဲ့ အရက်တွေ ချက်နိုင်အောင် လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.