၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ စာသင်ကျောင်းတစ်ခု၏ အဝင်ဝတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရခိုင်စစ်မီးများကြား ပျောက်ဆုံးသွားတဲ့ စာအံသံများ 

ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေနဲ့  ကျောင်းပိတ်ထားရတာတွေရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေဟာ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်က ပညာရေးအနာဂတ် ဘာဖြစ်လာမလဲဆိုတာကို မရေမရာနဲ့ စိုးရိမ်နေကြရပါတယ်။ 

ဖရွန်တီးယား

“ဒီအသက်အရွယ်မှာ ကျောင်းလည်းမတက်ရ၊ စာလည်းမကျက်ရဆိုတော့ ဆုံးရှုံးမှုတွေ အများကြီးရှိတယ်လို့ ခံစားရတယ်။ အခွင့်အလမ်းတွေလည်း အများကြီးဆုံးရှုံးသွားတယ်လို့ ခံစားရတယ်” လို့ ပြောလာသူကတော့ အသက် ၁၅နှစ်အရွယ် လူလူ ဖြစ်ပါတယ်။ 

သူဟာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာမှာ နေထိုင်တဲ့ ခုနှစ်တန်းကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ လူလူဟာ ငယ်စဉ်ကတည်းက စာတော်သူဖြစ်ပြီး အင်ဂျီနီယာတယောက်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေသူတယောက်ပါ။ 

“ပညာကောင်းကောင်းသင်ရမယ်။ ထောက်ပံပေးမယ့်သူလည်း ရှိတယ် ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်တယ်” လို့  KG တန်းကနေ G7 တန်းအထိ နှစ်တိုင်းပထမရခဲ့တဲ့ လူလူက သူယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပြောဆိုလိုက်တာပါ။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့မှာတော့ အာဏာသိမ်းစစ်အုပ်စုနဲ့ အာရက္ခတပ်တော်ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ လူလူနေထိုင်တဲ့ကျေးရွာနားအထိ ရောက်ရှိလာတာကြောင့် သူတက်နေတဲ့စာသင်ကျောင်းလည်း ပိတ်လိုက်ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လူလူတယောက် ငယ်စဉ်ကတည်းက တက်လာတဲ့စာသင်ကျောင်းကို ကျောခိုင်းပြီး ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်အတွင်းက ကျေးရွာတစ်ခုမှာ  မိသားစုနဲ့အတူ စစ်ဘေးဒုက္ခသည်အဖြစ်သွားရောက် နေထိုင်နေခဲ့ရတာ တစ်နှစ်ခွဲကျော်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲတဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့ကစပြီး စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်(အေအေ)ကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီး လက်ရှိအချိန်မှာ နယ်မြေအများစုကို လက်လွတ်ဆုံးရှုံးခံထားရတဲ့ စစ်ကော်မရှင်ဟာ ရခိုင်ပြည်နယ်အနှံ့က စာသင်ကျောင်းနဲ့ ဆေးရုံ အဆောက်အဦးတွေကိုပါ မချန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။  

အေအေက လက်ရှိမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်ကော်မရှင်က  စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ကိုသာ ထိန်းချုပ်နိုင်ပါတော့တယ်။ 

စစ်ကော်မရှင်အနေနဲ့ မာန်အောင်မြို့နယ်တစ်ခုသာ တစ်မြို့နယ်လုံးအနေအထားနဲ့ ထိန်းချုပ်ထားနိုင်ပြီး နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာ‌တော့ မြို့ပေါ်နဲ့ အနီးအနားကျေးရွာ တချို့လောက်သာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။ 

၂၀၂၅ခုနှစ်၊ စက်တင်ဘာလမှာတော့ အေအေ ဖွင့်လှစ်တဲ့ စာသင်ကျောင်းတစ်ခုမှာ လူလူ တစ်ယောက် ကျောင်းတက်ခွင့်ရခဲ့ပေမဲ့ ကျောင်းဖွင့်ပြီး တစ်လအကြာမှာပဲ လူလူဟာ သူ့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် စာသင်ခန်းကို နောက်တကြိမ် ကျောခိုင်းစွန့်လွတ်လိုက်ရပြန်ပါတယ်။ 

“စိုးရိမ်မှုတွေကတော့ ရှိတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို လန့်နေရတယ် ကြောက်နေရတယ်။ တခါတလေ ကျောင်းက ထွက်ပြေးရတာတွေ ပုန်းနေရတာတွေရှိတယ်။ လေယာဉ်လာလို့ စာသင်နေတာ ရပ်ပြီးတော့ ကျောင်းလွတ်လိုက်ရတာရှိတယ်”လို့ လူလူက သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ။ (ဓာတ်ပုံ-လင်းရောင်ခြည်ဖောင်ဒေးရှင်း)

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ပွေကျေးရွာအတွင်းက မင်္ဂလာဆောင်တခုကို  စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် လူလူတို့ကို စာသင်ပေးနေတဲ့ ဆရာမတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

“ကျောင်းဆင်းတဲ့အချိန်မှာ ရုတ်တရက် ဗုံးလာကြဲတာမှာ ပါသွားတာ။ ဗုံးကြဲခံရတဲ့နေရာက ကျနော်တို့ နေတာနဲ့ မီတာ ၁၀၀လောက်ဝေးတယ်။ လေယာဉ်က အရှေ့ဘက်က ပျံလာပြီးတော့ မြောက်ဖက်ကို ကွေ့ပြီးတော့ ဗုံးကြဲသွားတာ ကျနော်တို့တော့ အကုန်မြေကြီးမှာ ဝပ်နေကြရတယ်” လို့ လူလူက ပြန်လည် ပြောပြပါတယ်။ 

ဗုံးကြဲခံရတဲ့နေရာဟာ စာသင်ကျောင်းနဲ့ မီတာ ၁၀၀လောက်အကွာမှာရှိနေတာကြောင့် ကျောင်းသားတွေ အသက်ဘေးက လွတ်မြောက်ခဲ့ရပေမဲ့ စာသင်ကျောင်းကတော့ လေကြောင်းအန္တရာယ်စိုးရိမ်မှုကြောင့် ပိတ်လိုက်ရပါတယ်။ အဲဒီနေ့ကစလို့ လူလူတို့ စာသင်ကျောင်းကို ပိတ်သိမ်းခဲ့ရပြီး ဒီကနေ့အထိ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စတင်ဘာလ ၁၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းက ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အထက်တန်းကျောင်းသားကျောင်းသူ ၂၀ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ရက် နိုင်ငံတကာလူအခွင့်အရေးနေ့မှာ မြောက်ဦးဆေးရုံကြီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးပြီးတော့ ၇၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာလည်း အသက် ၃လ အရွယ်ကလေးငယ် တစ်ဦးအပါအဝင် အသက်၂၀ အောက် လူငယ် ၄ ဦး ပါဝင်ပါတယ်။ 

အခုလို လေကြောင်းဗုံးကြဲမှုတွေကို မကြာခဏကြုံတွေ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောင်းဆရာမတစ်ဦးကတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာသင်ချင်ကြပေမဲ့ ကြောက်စိတ်တွေနဲ့ ပညာသင်ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

“ကလေးတွေ အကုန်လုံးက ပညာကို လိုချင်ကြပါတယ်။ ဒါပေမဲ့ ကြောက်တဲ့စိတ်က ပိုများနေကြပါတယ်။ စစ်ဘက်နဲ့မဆိုင်တဲ့နေရာတွေကို ဗုံးကြဲတာကိုလည်း မကြိုက်ပါဘူး။ မလုပ်ပါနဲ့လို့လည်း ဆရာမတစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၈၀ ကျော်၊ အလယ်တန်းကျောင်း ၁,၁၇၁ နဲ့ မူလတန်းကျောင်း ၁,၅၃၀ ကျောင်း၊ စုစုပေါင်းစာသင်ကျောင်း ၃,၁၀၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ ၂၀၂၂  ခုနှစ် စာရင်းမှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ ရခိုင်ပြည်နယ် ၁၄ မြို့နယ်က စာသင်ကျောင်းတွေ အားလုံးပိတ်ထားရသလို စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေစတဲ့ မြို့နယ်တွေမှာတော့ မြို့ပေါ်က စာသင်ကျောင်းတွေကိိုတော့ ဖွင့်ထားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမြို့ဒေသခံတွေဟာလည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး လူအနည်းစုလောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ 

စာသင်ကျောင်းတွေ ပိတ်သွားတဲ့နောက်

“ကျောင်းကတော့ G11 တန်းတက်နေတုန်း ၂၀၂၄ ခုနှစ်မှာ ရွာနားမှာ တိုက်ပွဲဖြစ်တော့ ကျောင်းတွေ ပိတ်သွားတယ်။ အဲဒီနေ့ကတည်းက ကျောင်းပိတ်သွားတာ ဒီနေ့အချိန်ထိပဲ။ ကျောင်းက ထွက်လိုက်တာ မဟုတ်ဘူး။ ကျောင်းပိတ်သွားလို့ မတက်ရတော့တာ”လို့ ပြောလာသူကတော့ ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာက အသက် ၁၈ နှစ်အရွယ် မောင်အေးမင်းထွန်း ဖြစ်ပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ကျောင်းတွေ ပိတ်သွားပြီးနောက်ပိုင်း ကျောင်းမတက်ရတော့တဲ့ မောင်အေးမင်းထွန်းဟာ ရွာမှာ တခြားလုပ်စရာလည်းမရှိသလို အိမ်မှာလည်း ထိုင်မနေချင်တာကြောင့် အေအေထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ 

“ကျောင်းတွေ ပိတ်သွားတော့ ရွာမှာလည်း ဘာမှမလုပ်ဘဲနေမယ့်အစား ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်အတွက် တဖက်တလမ်းက ကူညီရာရောက်အောင်ဆိုတဲ့ စိတ်ကူးနဲ့ဝင်ဖြစ်သွားတာပါ”လို့ အေအေရဲ့ ရဲတပ်ဖွဲ့မှာ ရဲတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မောင်အေးမင်းထွန်းက ပြောပါတယ်။ 

ကျောင်းယူနီဖောင်းအစား စစ်ယူနီဖောင်း ပြောင်းလိုက်ရတဲ့ မောင်အေးမင်းထွန်းကတော့ ကျောင်းတက်တုန်းက အချိန်တွေကို သတိရနေတယ်လို့ ဆိုပါတယ်။

“ကျောင်းတက်တုန်းကတော့ အိပ်ပျော်သွားတဲ့နေ့ဆိုရင်လည်း ကျောင်းမသွားလို့ရတာပေါ့နော်။ အခုတပ်ထဲမှာတော့ အဲလိုနေလို့ မရတော့ဘူး။ မိုးလင်း ပုံမှန်ထရတယ်။ လေယာဉ်ကလာပစ် လက်နက်ကြီးတွေပစ်နဲ့ ဗုံးခိုကျင်းထဲမှာပဲ အချိန်တွေက ကုန်ဆုံးသွားရတယ်။ တာဝန်လည်း ရှိနေတော့ ပေါ့ပေါ့လျော့လျော့နေလို့မရတော့ဘူးလေ” လို့ သူက ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျင်းပသော အားကစားပြိုင်ပွဲတစ်ခု၌ ပါဝင်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ။ (ဓာတ်ပုံ-လင်းရောင်ခြည်ဖောင်ဒေးရှင်း)

ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေပိတ်သွားပြီးနောက်မှာ ကျောင်းထွက်လိုက်ရတဲ့သူတွေထဲက တချို့ကတော့ မောင်အေးမင်းထွန်းလို့ပဲ အေအေထံ ဝင်သွားကြတာရှိသလို တချို့ကတော့ ထိုင်းနဲ့ မလေးရှားတို့လို အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။

အခုလို ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေထဲက အများစုကတော့ ကျောင်းဆက်မတက်နိုင်ဘဲ စစ်ဘေးဒုက္ခသည်တွေစခန်းတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ဆွေမျိုးသားချင်းရှိတဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို သွားပြီး ပညာဆက်လက်သင်ကြားနေကြပါတယ်။ 

ရမ်းဗြဲမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ကျောင်းသားမိဘ တစ်ဦးကတော့ သားသမီးကို ကျောင်းထားချင်ပေမဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ကျောင်းမထားပေးနိုင်သေးဘူးလို့ ပြောပါတယ်။ 

“မိဘတစ်ယောက်အနေနဲ့ ကျောင်းထားပေးချင်ပါတယ်။ ဒီမှာက စာသင်ကျောင်းတွေ ဗုံးကြဲခံရတာက တမျိုး ပိုက်ဆံ မရှိတာက တမျိုးနဲ့ ကလေးတွေ ကျောင်းမတက်ဖြစ်ကြဘူး။ ဒီမှာရှိတဲ့သူတွေ တော်တော်များများလည်း ကျောင်းမတက်နိုင်ကြဘူးလေ” လို့ ပြောပါတယ်။ 

“ကိုယ်က ကျောင်းတက်နေရပြီး ကိုယ့်သူငယ်ချင်းတချို့ ပညာမသင်ရတော့ စိတ်မကောင်းဖြစ်ရတာပေါ့” လို့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်မှာ ကျောင်းလာတက်နေတဲ့အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးက ပြောပါတယ်။ သူက ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၆ ရက်နေ့မှာ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာကနေ ထွက်ခွာလာခဲ့ပြီး ရန်ကုန်မြို့က ဆွေမျိုးအိမ်မှာ နေထိုင်ကာ ပညာဆက်လက် သင်ယူနေသူ ဖြစ်ပါတယ်။ 

နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတဲ့ အဖေက သူ့ကျောင်းစရိတ်တွေကို ထောက်ပံ့နေတာဖြစ်ပြီး အမေကတော့ ရခိုင်တောင်ပိုင်း ရမ်းဗြဲမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက စစ်ကော်မရှင်က ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ခဲ့ပါတယ်။ ဒါ့အပြင် အေအေဘက်ကလည်း ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေ ပြဌာန်းခဲ့ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက် လူငယ်တွေကို ရခိုင်ပြည်ကနေ ပြင်ပထွက်ခွာခွင့် ပိတ်ပင်ခဲ့ပါတယ်။ 

အခုလို အခြေအနေကြားမှာ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူငယ်တွေဟာ ပြည်ပထွက်ခွာဖို့ ခက်ခဲနေကြသလို ပြည်နယ်အတွင်းမှာလည်း လေကြောင်းအန္တရာယ်တွေကြောင့် ကျောင်းဆက်တက်ဖို့ ခက်ခဲနေကြတာပါ။

လူလူရဲ့ မိဘတွေကတော့ သူ့သားကို ပညာသင်ကြားဖို့ ရန်ကုန်ကိုပို့ချင်ပေမဲ့ လမ်းခရီးအခက်အခဲတွေနဲ့ ရန်ကုန်မှာ စစ်ကော်မရှင်ရဲ့ ဖမ်းစီးခံရမယ် အခြေအနေတွေကို စိုးရိမ်နေကြတယ်လို့ လူလူက ပြောပါတယ်။ 

“လမ်းခရီးမှာ အဖမ်းခံရမှာကို စိုးရိမ်တယ်။ ရန်ကုန်မှာလည်း စစ်မှုထမ်းဥပဒေတွေရှိနေတော့ အဖမ်းခံရမှာ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေကြတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ စုစုပေါင်း ၅၇၃,၀၀၀ ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်တွင်းတိုက်ပွဲတွေကြောင့် အမှန်တကယ် ကျောင်းတက်နိုင်သူအရေအတွက်ဟာ ၂၇၉,၃၉၂ ဦးသာရှိတယ်လို့ သိရပါတယ်။​ 

၂၀၂၅ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့နယ် ၃ ခုမှာသာ စာမေးပွဲကျင်းပနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁,၅၆၄ ဦးသာ ရှိခဲ့တာပါ။

နိုင်ငံတွင်းမှာ ကျောင်းနေအရွယ် ကလေးငယ် ၃ ဒဿမ ၄ သန်းကျော်ဟာ အရေးပေါ် ပညာရေးအထောက်အပံ့တွေ လိုအပ်နေပြီး၊ ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံး ဒေသတွေထဲက တစ်ခုဖြစ်တယ်လို့ Unicef Myanmar ရဲ့ ၂၀၂၅ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ  မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ်ကလေး ဦးရေ ၁၄ သန်းခန့်ရှိတယ်ဆိုတဲ့ အချက်အလက်ကို အခြေခံတွက်ချက်ရင် ကလေး ၄ ယောက်မှာ ၁ ယောက်က အရေးပေါ် ပညာရေးအထောက်အပံတွေ လိုအပ်နေတဲ့သဘော ဖြစ်ပါတယ်။

တိုက်ပွဲကာလ ရှည်ကြာလာတာနဲ့အမျှ ရခိုင်ပြည်နယ်က ပညာသင်ကြားခွင့်မရတဲ့ လူငယ်တွေရဲ့ အနာဂတ်ပညာရေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း လူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

“အရေးပေါ်အခြေအနေတွေမှာ ပညာရေးကို ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ EiE (Education in Emergency) နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီဒေသရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေက သိဖို့ လိုလာပါပြီ။ ပြီးတော့ အတတ်နိုင်ဆုံး လုံခြုံစိတ်ချရပြီး အရည်အသွေးပြည်ဝတဲ့ ပညာသင်ကြားသင်ယူမှုတွေအတွက် လက်ရှိအခြေအနေ၊ ဒေသနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို စဉ်းစားပြီး အကောင်အထည်ဖော်သင့်ပါပြီ” လို့ သူက ဆိုပါတယ်။ 

အေအေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့အစိုးရ ဖွဲ့စည်းပြီးတော့ ပညာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဌာနဆိုင်ရာ အသီးသီးဖွဲ့စည်းပြီးတော့ လုပ်ဆောင်နေပါတယ်လို့ အေအေက ဆိုပါတယ်။

ပညာရေးဌာနကတော့ တိုက်ပွဲတွေကြောင့် စာသင်ခန်းကို စွန့်ခဲ့ရတဲ့ လူငယ်တွေ ပညာဆက်လက် သင်ကြားနိုင်ဖို့ ၂၀၂၄ခုနှစ် စက်တင်ဘာလကစပြီး တချို့နေရာတွေမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီးတော့ ပညာရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပါတယ်။

“အာရက္ခပညာရေးဌာနအနေနဲ့ တန်းတူညီမျှပြီး တိုင်းပြည် လိုအပ်ချက်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ခေတ်မီပညာရေးစနစ်တရပ် ဖော်ဆောင်နိုင်ဖို့ ရေတိုရေရှည် စီမံချက်ပညာရေး ပေါ်လစီတွေ အရည်အသွေးပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲဖို့ ရှိပါတယ်” လို့ မတ်လအတွင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ဒါပေမဲ့လည်း လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေ ပေါ်ပေါ်ထင်ထင် ဖွင့်မရတာတွေ၊ သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေ မလုံလောက်တာ ကျောင်းသားမိဘတွေအနေနဲ့လည်း ငွေကြေးမတတ်နိုင်တာ၊ လက်လှမ်းမမီတာတွေ စတဲ့ စိန်ခေါ်မှုများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

နှစ်နဲ့ချီ ပညာမသင်ရတဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မိတယ်လို့ ရခိုင်ပြည်နယ်က ကျောင်းဆရာမတစ်ဦးကပြောပါတယ်။ 

“အခုက အိုင်တီဆိုတော့ ကလေးတွေက ပညာကောင်းကောင်း မသင်ရတဲ့အပေါ်မှာ အနာဂတ်တွေက မှေးမှိန်လာပါတယ်။ ဗဟုသုတတွေလည်း ကျဆင်းလာတယ်၊ ကလေးတွေရဲ့ အနာဂတ်က ပိုပြီးတော့ မှေးမှိန်လာမှာကို မလိုချင်ပါဘူး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လူငယ်တွေရဲ့ ပညာရေးဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာကြောင့် စနစ်တကျကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်က လူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ သင်တန်းဆရာတစ်ဦးက ပြောပါတယ်။ 

“ကလေးတွေ၊ လူငယ်တွေဟာ သူတို့နေရာဒေသရဲ့အနာဂတ်ဖြစ်တဲ့အတွက် ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ သက်ဆိုင်ရာတွေရဲ့ ဖြေရှင်းမှုက အရေးကြီးပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

လေကြောင်းဗုံးကြဲမှုတွေနဲ့ စစ်ဘေးဒဏ်ကြောင့် စာသင်ကျောင်းကို ကျောခိုင်းထားရတဲ့ လူလူတို့လို ကျောင်းသူ ကျောင်းသားတွေကတော့ စစ်ပွဲတွေ ပြီးဆုံးသွားပြီး စာသင်ကျောင်းတွေ အရင်လို ပြန်ဖွင့်မယ့်နေ့ကို မျှော်လင့်နေကြပါတယ်။ 

“စစ်ပွဲတွေ မရှိတဲ့နောက်ပိုင်းမှာ အရင်ဆုံး လုပ်ချင်တာကတော့ ကျောင်းတွေ ပြန်ဖွင့်ပြီးတော့ အရင်လို ကျောင်းပြန်တက်ချင်တယ်” လို့ လူလူက ဆိုပါတယ်။ 

သက်နိုင် ရေးသားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.