အတွေးအမြင်
ရက္ခိုင့်တပ်တော်ကို အရေးယူပိတ်ဆို့ဖို့ ဗြိတိန်အစိုးရကို တိုက်တွန်းနေမှုတွေဟာ လမ်းလွဲနေတဲ့လုပ်ရပ်ဖြစ်ပြီး၊ တကယ်လို့ အရေးယူမှုတွေသာ လုပ်ခဲ့ရင် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဦး တည်ဆောက်ရေး ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
By DAVID SCOTT MATHIESON | ဖရွန်တီးယား
မြန်မာ့ပြည်တွင်းစစ်အတွင်း ကျူးလွန်နေကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာမှာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ဘယ်လောက်အထိ ထိရောက်မှု ရှိခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရရင် စိတ်မကောင်းစွာပဲ ထိရောက်မှု သိပ်မရှိခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံတဝန်းက စစ်ကော်မရှင်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေကြသလိုမျိုး ဆက်လက်ကျူးလွန်နေကြဆဲ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေအောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ကိုသာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဗြိတိန်အစိုးရကို တောင်းဆိုနေကြတာဟာ ဘယ်လိုကြောင့်ပါလဲ။
ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK (BCUK) က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီး အေအေဟာ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း များစွာ ကျူးလွန်နေတာကြောင့် ဗြိတိန်အစိုးရအနေနဲ့ အေအေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်အစိုးရကို BCUK က တိုက်တွန်းခဲ့ပါသေးတယ်။
အရေးယူပိတ်ဆို့ဖို့ တောင်းဆိုရတဲ့ အဓိက အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာအရေးအပေါ် အေအေရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးစားအားထုတ်မှုက နည်းခဲ့တာကြောင့် လို့ ဆိုပါတယ်။
“ကုလသမဂ္ဂ၊ အစိုးရတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရိုဟင်ဂျာတွေက အေအေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သိသာတဲ့ပြောင်းလဲမှု မရှိခဲ့သလို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီအချိန်ဟာ အေအေကို ဖိအားပေးရမယ့် အချိန်ဖြစ်ပါတယ်” လို့ BCUK က ဆိုပါတယ်။
ဗြိတိန်အခြေစိုက် BCUK အနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ အေအေက ပြုပြင်ပြောင်းလဲမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘာအထောက်အထားကိုမျှ တင်ပြထားခြင်း မရှိသလို၊ ဘယ်လိုဘယ်ပုံ တိုးတက်မှု စံနှုန်းမျိုးကို လိုလားတယ်ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ စံနှုန်းတွေနဲ့ မတိုင်းတာဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့ စွပ်စွဲခံရတာကိုပဲ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုမှာ အောင်မြင်မှု နည်းပါးတယ်လို့ သူတို့ ယူဆပုံရပါတယ်။
အေအေဟာ ရိုဟင်ဂျာတွေအပေါ်မှာရော၊ ရခိုင်နဲ့ ချင်းတိုင်းရင်းသားတွေအပေါ်မှာပါ နှစ်ပေါင်းများစွာ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခဲ့တယ်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံတော် တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ သဘောထားတင်းမာပြတ်သားတဲ့ တိုင်းရင်းသားစစ်တပ်တစ်ခု ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်တဝန်းမှာ အရှိန်အဟုန်ပြင်းတဲ့ စစ်ဆင်ရေးတွေ စတင်ခဲ့ပြီး အခုဆိုရင် ပြည်နယ်ရဲ့ နယ်မြေ အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့အထိ စစ်ရေးအရ အောင်မြင်မှုရှိခဲ့တာကို တွေ့ရပါတယ်။
အေအေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းကဏ္ဍတွေမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ တိုးချဲ့ဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကြိုးပမ်းမှုတွေဟာ BCUK က ထောက်ပြထားတဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် အပြစ်ကင်းလွတ်စရာ အကြောင်းပြချက် မဖြစ်နိုင်ပေမဲ့ မြေပြင်အခြေအနေတွေက အရေးယူပိတ်ဆို့ဖို့ တောင်းဆိုချက်မှာ ဖော်ပြထားတာထက်တော့ ပိုမိုရှုပ်ထွေးလှပါတယ်။
ရှုပ်ထွေးလှတဲ့ ရခိုင်ပဋိပက္ခ အခင်းအကျင်း
BCUK ရဲ့ ထုတ်ပြန်ချက်မှာ ကိုးကားထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အရင်းအမြစ်တချို့ဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်တို့ရဲ့ အစီရင်ခံစာတွေကတော့ သံသယဖြစ်ဖွယ်မရှိဘဲ ယုံကြည်စိတ်ချရမှု ရှိပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းက ကျူးလွန်မှုတွေကို အစီရင်ခံနေကြတဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်း တချို့ကတော့ ရခိုင်ပြည်နယ်အတွင်းကို ကိုယ်တိုင်ဝင်ရောက်ခွင့် မရတာကြောင့် အကန့်အသတ်တွေ ရှိနေပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာအရပ်သားတွေရဲ့ပြောဆိုချက်တွေ အပေါ်မှာပဲ အဓိက အခြေခံနေရလို့ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းက ဘူးသီးတောင်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အေအေနဲ့ စစ်ကော်မရှင်တပ်တို့ကြားက တိုက်ပွဲတွေဟာ ငြင်းချက်ထုတ်စရာမလိုအောင်ကို အလွန်အမင်း ကြမ်းတမ်း ရက်စက်ခဲ့ပြီး အရပ်သားပြည်သူလူထုကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ်ခံစားစေခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ဖြစ်စဉ်တစ်ခုမှာဆိုရင် မောင်တောမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ အရပ်သားတွေကို အေအေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်လို့ BCUK က ဆိုပါတယ်။ အမှန်စင်စစ်မှာတော့ အဆိုပါဖော်ပြချက်မှာ ‘စွပ်စွဲချက်အရ’ ဆိုတဲ့ စကားလုံးကို ထည့်သွင်း ဖော်ပြသင့်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ ကို ဖော်ထုတ်တဲ့အခါ ‘Rashomon Effect’ ဆိုတဲ့ ‘ရှုထောင့်အမျိုးမျိုးမှ အမြင်ကွဲပြားနေမှု’ ဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာကြောင့် ဒီလို စွပ်စွဲချက်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားအဖြစ် သတ်မှတ်ဖို့ မလုံလောက်ပါဘူး။
အေအေဟာ မြန်မာနိုင်ငံက အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုဆန်းသစ်ပြီး စနစ်ကျတဲ့ လူထုဆက်ဆံရေးပုံစံ ရှိပါတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာ အသီးသီးမှာ စစ်ကော်မရှင်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကစလို့ စစ်သုံ့ပန်းတွေနဲ့ အင်တာဗျူးတာတွေ (ဒီလုပ်ရပ်ဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်နိုင်ပါတယ်) နဲ့ စစ်ဆင်ရေးတွေအပေါ် ရှင်းလင်းချက်တွေအထိ ကိစ္စရပ်အမျိုးမျိုးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ပုံမှန်တင်ပြလေ့ ရှိပါတယ်။
အေအေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအစီရင်ခံစာတွေအပေါ် တုံ့ပြန်ချေပချက်တွေကိုလည်း ပုံမှန်ထုတ်ပြန်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၄ ရက်နေ့မှာတော့ အေအေရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မှတ်တမ်းပြုချက်တွေအပေါ် အသေးစိတ် တုံ့ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ သူတို့ဘက်က ပြန်လည်စွပ်စွဲချက်တွေကို အချက်အလက်နဲ့တကွ ဖော်ပြခဲ့သလို သူတို့အပေါ် စွပ်စွဲထားတဲ့ အချက်အလက်အချို့ကိုလည်း ပယ်ချခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းတွေကို ကာကွယ်ပြောဆိုလေ့ရှိတဲ့ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ အပေါ် ရှုမြင်သလို အေအေရဲ့ ချေပချက်တွေကိုလည်း သံသယနဲ့ စောင့်ကြည့်ဖို့ လိုအပ်ပေမဲ့ လုံးဝပယ်ချဖို့တော့ မသင့်ပါဘူး။
တကယ်လို့ BCUK ရဲ့ အရေးယူပိတ်ဆို့ဖို့ တောင်းဆိုမှုတွေဟာ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့်အပေါ် မူတည်နေတာဆိုရင် ULA ရဲ့အခုလို ကြိုးပမ်းချက်တွေဟာ တစ်နည်းတစ်ဖုံအားဖြင့်တော့ တွေ့ဆုံဆွေးနွေးမှု ရှိနေတယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
BCUK ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) အဖွဲ့ နဲ့ ပတ်သက်တဲ့အပိုင်းဟာလည်း ယုတ္တိမတန်လှပါဘူး။ အဲ့ဒီထုတ်ပြန်ချက်မှာ ARSA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကြောက်တရားနဲ့ စိုးမိုးခြိမ်းခြောက်နေတဲ့ ရိုဟင်ဂျာ ရာဇဝတ်လက်နက်ကိုင်အဖွဲ့ တစ်ခု ဖြစ်ပြီး ရိုဟင်ဂျာအများစုက သူတို့ကို လက်မခံကြဘူးလို့ ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ ရိုဟင်ဂျာတွေကို ကိုယ်စားပြုပြောဆိုနေတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း BCUK က ဆိုထားပြန်ပါတယ်။
နယ်စပ်ဒေသမှာ လှုပ်ရှားနေတာဟာ ARSA တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) နဲ့ ရိုဟင်ဂျာအစ္စလာမစ်တပ်ဦး စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာလည်း အေအေကို တိုက်ခိုက်ဖို့အတွက် မဟာမိတ်အဖြစ် စုပေါင်းရပ်တည်နေကြပါတယ်။
ဒီအခြေအနေက BCUK က ဖော်ပြထားတာထက် ပိုပြီးပြည့်စုံတဲ့ နောက်ခံအခြေအနေတွေ လိုအပ်နေကြောင်း ပြသနေပါတယ်။ ၂၀၂၄ ခုနှစ်၊ အစောပိုင်းမှာ မောင်တောမြို့အနီး တိုက်ပွဲတွေ နီးကပ်လာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့ဟာ စစ်ကော်မရှင်ထံကနေ လက်နက်တွေကို ၎င်းတို့ ဆန္ဒအလျောက် ရယူခဲ့ကြပါတယ်။ ARSA နဲ့ အခြားသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာလည်း အခုအချိန်မှာဆိုရင် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ လက်ဝေခံအဖွဲ့တွေအဖြစ် ရပ်တည်နေကြတာ နှစ်နှစ်ခန့် ရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင် သူတို့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးဌာန (DGFI) ထံကနေ အကူအညီတွေ ရရှိနေတာကိုလည်း သံသယဖြစ်ဖွယ် တွေ့နေရပါတယ်။အခုလို ရှုပ်ထွေးပွေလီလှတဲ့ အခြေအနေမျိုးမှာ အေအေဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အဓိကတရားခံဖြစ်တယ်လို့ အကြံပြုပြောဆိုနေတာမျိုးဟာ အခြေအနေမှန်ကို လွဲမှားစေပါတယ်။
မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတိရကြသေးရဲ့လားလို့ မေးရမလို ဖြစ်နေပါတယ်။
အရေးယူပိတ်ဆို့မှုတွေကို ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မှာလဲ
အေအေကို အရေးယူပိတ်ဆို့ဖို့ BCUK ရဲ့ တောင်းဆိုချက် ထွက်ပေါ်လာတဲ့ အချိန်အခါဟာလည်း စဉ်းစားရခက်စေပါတယ်။ ဘာကြောင့် အေအေ ဖြစ်နေရတာလဲ၊ ပြီးတော့ ဘာကြောင့် အခုအချိန်မှလဲ ဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။
တကယ်လို့ ဗြိတိန်က အေအေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့မယ်ဆိုရင် ဒါဟာ တခြားသော လက်နက်ကိုင်အဖွဲ့ အစည်းတွေကိုပါ အရေးယူဖို့အတွက် စံနမူနာတစ်ခု ဖြစ်လာစေမှာလား။ အေအေရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များစွာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်၊ ကချင်နဲ့ ရှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံ PDF အဖွဲ့အများအပြားဟာလည်း တရားဥပဒေမဲ့ ကွပ်မျက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေမှာ ပါဝင်ပတ်သက်နေကြတာ ဖြစ်ပါတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ကြည့်မယ်ဆိုရင်တော့ ဒီအဖွဲ့တွေလည်း အရေးယူခံရကိန်းရှိနေတာကို ထည့်သွင်းစဉ်းစားနေဖို့ လိုမယ်မထင်ပါဘူး။ ဒါပေမဲ့ အေအေကို သီးခြားခွဲထုတ်ပြီး အပယ်ခံဖြစ်အောင် လုပ်လိုက်ခြင်းဟာ စစ်ကော်မရှင်ဆန့်ကျင်ရေး မဟာမိတ်တည်ဆောက်မှုအပေါ် မှာ ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာနိုင်စေမလဲ။
အေအေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီထက်ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။
တကယ်လို့သာ အေအေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့မယ်ဆိုရင် အေအေနဲ့ ဆက်လက်ပူးပေါင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ KNU အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် ဖက်ဒရယ်စနစ်တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာလုပ်ငန်းစဉ်တွေမှာပါ ပြင်ပရဲ့ ထောက်ပံ့ကူညီမှုတွေကို ဆုံးရှုံးသွားစေနိုင်တဲ့ အန္တရာယ်မျိုး ရှိလာနိုင်မလား။
မြန်မာ့စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေအတွက် အလားအလာအကောင်းဆုံး လက္ခဏာတစ်ခုကတော့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ‘နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု’ ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အေအေဟာ ဒီမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ ၁၉ ဖွဲ့ထဲက အဖွဲ့အများစုကို အဓိက ထောက်ပံ့ပေးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ တော်လှန်ရေးတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာကို စစ်သင်တန်းပေးတာနဲ့ လက်နက်တပ်ဆင်ပေးတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို အရေးယူပိတ်ဆို့ဖို့ တောင်းဆိုချက်တွေကြောင့် ဒီလက်နက်ကိုင်အဖွဲ့တွေဟာ အနောက်အုပ်စုရဲ့ ဖိအားကို ရွေးချယ်မလား ဒါမှမဟုတ် ပြည်တွင်းက စစ်ရေးနဲ့ နိုင်ငံရေး လက်တွေ့အခြေအနေတွေကိုပဲ ရွေးချယ်မလားဆိုတဲ့ အင်မတန်မှ အကျပ်ရိုက်စရာကောင်းတဲ့ အနေအထားကို ရောက်သွားစေမှာပဲဖြစ်ပါတယ်။
အဖွဲ့အများစုကတော့ BCUK ရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ဘဲ မြေပြင်က ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးတိုက်ပွဲ အခြေအနေမှန်တွေဆီကိုပဲ ပြန်လှည့်သွားကြပါလိမ့်မယ်။
ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုချက်တွေဟာလည်း တကယ်တမ်း ဖြစ်လာဖို့ မရှိသလောက်ပါပဲ။ တကယ်လို့ ဖြစ်လာခဲ့ရင်တောင်မှ ဘာတွေများ ထူးခြားလာမှာလဲ။
လုံခြုံရေးကောင်စီဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ပြီးကတည်းက မြန်မာ့အရေးကို လျစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း စစ်မီးတွေ ကျယ်ကျယ်ပြန့်ပြန့် တောက်လောင်နေတဲ့ အခုလိုအချိန်မျိုးမှာ သဘောထားကွဲလွဲမှုတွေရှိနေတဲ့ လုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာက အာရုံစိုက်မှုအနည်းဆုံးခံရတဲ့ ပဋိပက္ခတစ်ခုကို ကိုင်တွယ်ဖြေရှင်းလာလိမ့်မယ် ဆိုတာဟာလည်း ဖြစ်နိုင်ခြေအလွန် နည်းပါးလှပါတယ်။
လန်ဒန်မြို့က မူဝါဒချမှတ်သူတွေနဲ့ လွှတ်တော်အမတ်တွေဟာလည်း အခုအချိန်မှာ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း မှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေအပေါ်မှာပဲ အာရုံစိုက်နေကြတာဖြစ်ပါတယ်။
ဒါတွေအားလုံးဟာ ဟန်ပြသက်သက် လုပ်ပြနေတဲ့ လုပ်ရပ်သဖွယ် ဖြစ်နေပါတယ်။ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တိုက်တွန်းနေတာဟာ အရင်ခေတ်ဟောင်းက မြန်မာ့အရေးလှုပ်ရှားမှု ဗျူဟာတွေကိုပဲ ပြန်သုံးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ လက်တွေ့အခြေအနေတွေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရ ချိန် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုတွေကြားမှာ ကွာဟချက်တွေ ပိုမိုကြီးထွားလာနေတာကိုလည်း ဖော်ပြနေတာ ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ မြန်မာစစ်တပ်အပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ အောင်မြင်မှု ရှိ၊ မရှိဆိုတာ ဝေဝါးလှသလို အမှောင်ဖုံးပြီး ရှုပ်ထွေးလှတဲ့ လက်နက်ကိုင်တော်လှန်ရေးလောကမှာဆိုရင် ပိုလို့တောင် အလုပ်ဖြစ်ဖို့ ခက်ခဲပါတယ်။
ဒါပေမဲ့ BCUK ကတော့ အေအေရဲ့ ကျူးလွန်မှုတွေဟာ စစ်ကော်မရှင်ရဲ့ ရာဇဝတ်မှုတွေနဲ့ တန်းတူပဲလို့ စွပ်စွဲပြီး ‘ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းယှဉ်ချက်’ တစ်ခုကို ဖန်တီးခဲ့ပါတယ်။ BCUK က ‘မြန်မာစစ်တပ်ကို အရေးယူသလိုမျိုး အေအေကိုလည်း အရေးယူပိတ်ဆို့ခြင်းဟာ အလွန်အရေးကြီးပါတယ်’ လို့လည်း အကြောင်းပြချက် ပေးထားပါတယ်။
အေအေကို မြန်မာစစ်တပ်နဲ့ တန်းတူထားလိုက်တာဟာ အချက်အလက်ကို လွဲမှားစေပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေဟာ အေအေက ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဆေးရုံတစ်ခုနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဈေးတစ်ခုကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ပြီး အရပ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သလိုမျိုး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်လည်း အေအေဆီမှာ ရှိမနေပါဘူး။
အတိတ်မှာဖြစ်စေ၊ လက်ရှိမှာဖြစ်စေ အေအေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်ဆိုတာကတော့ ကြိမ်းသေပါ။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ရာမှာ ဘက်လိုက်မှုကင်းပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံနိုင်ဖွယ်ရှိတဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းတင်မှုတွေ ပါဝင်ရမှာဖြစ်သလို မြန်မာ့ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုအားလုံးအပေါ်မှာလည်း သက်ရောက်မှုရှိရမှာ ဖြစ်ပါတယ်။
လက်တွေ့မှာ ထိရောက်မှုမရှိဘဲ ဟန်ပြအရေးယူပိတ်ဆို့မှုတွေကို တောင်းဆိုနေတာဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ကြိုးပမ်းချက်တွေအတွက် အဟန့်အတားဖြစ်စေပါလိမ့်မယ်။
David Scott Mathieson သည် မြန်မာနိုင်ငံ၏ ပဋိပက္ခ၊ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာစောင့်ကြည့်နေသည့် လွတ်လပ်သော အကဲခတ်သုတေသီတစ်ဦးဖြစ်သည်။