၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက မိုင်းထိမှန်ဒဏ်ရာရရှိခဲ့သူတစ်ဦးကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-Development Media Group)

မိုင်းကွင်းသဖွယ်ဖြစ်လာနေသော ရခိုင်ပြည်

အတွေးအမြင် 

စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ ပြန့်ကျဲနေပြီး စစ်ဘေးနှင့် စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရသော ဒေသခံများ၏ နေ့စဥ်ဘဝကို ကြီးမားစွာ ခြိမ်းခြောက်လျှက် ရှိသည်။

အောင်မင်းဦး | ဖရွန်တီးယား

မြန်မာ့ပြည်တွင်းစစ်နှင့် ပတ်သက်သည့် သတင်းမီဒီယာများ၏ ဖော်ပြချက်အများစုသည် တိုက်ပွဲများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ မြို့သိမ်းတိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် နယ်မြေစိုးမိုးမှုများ အပေါ်တွင်သာ အဓိကအာရုံစိုက်လေ့ရှိကြသည်။

ပဋိပက္ခ၏ နောက်ဆက်တွဲအရာ တစ်ခုကိုမူ အာရုံစိုက်မှု အားနည်းနေသေးသည်။ ထိုအရာမှာ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအဖွဲ့များ နှစ်ဖက်စလုံးက ချန်ထားရစ်ခဲ့သော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ ဖြစ်ပြီး  ရှေ့တန်းစစ်မျက်နှာများ ပြောင်းလဲသွားခြင်း သို့မဟုတ် စစ်သားများ ဆုတ်ခွာသွားပြီးသည့်တိုင် ဒေသခံပြည်သူများကို ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်။

Development Media Group ၏ နောက်ဆုံးထုတ်ပြန်သော “မြေမြှုပ်မိုင်းသက်ရောက်မှု အစီရင်ခံစာ” အရ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း မြို့နယ်သုံးခုတွင် စစ်ပွဲများက ကျန်နေခဲ့သော လက်နက်ခဲယမ်းများ၏ ကြောက်မက်ဖွယ်ရာ အရှိတရားကို ဖော်ထုတ် ပြသထားသည်။ ကျွန်ုပ်တို့ အစီရင်ခံစာ၏ အဓိကဆိုလိုရင်းမှာ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများသည် နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကဲ့သို့ပင် ရခိုင်ပြည်နယ်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသောအချက် ဖြစ်လာလိမ့်မည် ဟူ၍ ဖြစ်သည်။

ထိုစစ်ပွဲကျန် လက်နက်ခဲယမ်းများ၏ အန္တရာယ်သည် စိုက်ပျိုးရေးလုပ်ငန်းခွင်များ၊ နွားကျောင်းကွင်းများ၊ တောလမ်းများနှင့် မြစ်ကမ်းပါးများမှသည် လူနေအိမ်များ၏ ဘေးပတ်လည်နှင့် စာသင်ကျောင်းများအထိ နေရာအနှံ့အပြားတွင် ရှိနေသည်။

စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA) တို့အကြား ရှည်ကြာလာနေသော စစ်မီးနှင့် စီးပွားရေးပြိုကျပျက်စီးနေခြင်းတို့ ကြားတွင် အသက်ဆက်ရှင်သန်နိုင်ရန် ရုန်းကန်နေရသည့် ဒေသခံများအတွက် မိုင်းအန္တရာယ်သည် ၎င်းတို့၏ နေ့စဉ်လူမှုဘဝများအတွင်းသို့ တစ်စတစ်စ စိမ့်ဝင်ပျံ့နှံ့လာနေပြီ ဖြစ်သည်။

အစီရင်ခံစာသည် မြို့နယ်သုံးခုကိုသာ အဓိက လေ့လာထားခြင်းဖြစ်သော်လည်း အလားတူ အခြေအနေမျိုး ရခိုင်ပြည်နယ်အနှံ့အပြားတွင် ဖြစ်ပေါ်နေလျက် ရှိသည်ဟု သိရသည်။

ထိုအခြေအနေများတွင် ထပ်တလဲလဲ ဖြစ်ပွားနေသော တိုက်ပွဲများ၊ တပ်အပြောင်းအရွှေ့များပြုလုပ်ရာတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကို ချန်ထားခဲ့ခြင်း၊ ကျယ်ပြန့်လာနေသော နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်ရမှုများနှင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေခြင်း တို့လည်း ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ လေ့လာသုတေသနပြုချက်များအရ စိုးရိမ်ဖွယ်ရာ တွေ့ရှိချက်မှာ  မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကြောင့် ထိခိုက်ဒဏ်ရာရသူ အားလုံး၏ ထက်ဝက်နီးပါးသည် ၎င်းတို့၏ နေအိမ်အတွင်း သို့မဟုတ် နေအိမ်အနီးအနားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခြား ၁၇ ရာခိုင်နှုန်းမှာ အလုပ်သွားရာလမ်းတွင် ဖြစ်ပွားခဲ့သည်။ 

ကလေးငယ်များသည် ဆော့ကစားနေစဉ်အတွင်း သေဆုံးခဲ့ကြရသလို မိဘများသည်လည်း ရေခပ်ခြင်း သို့မဟုတ် ဝါးမျှစ်ရှာခြင်း ပြုလုပ်နေစဉ် မိုင်းနင်းမိခဲ့ကြသည်။ လယ်သမားများသည် ၎င်းတို့၏ လယ်ကွင်းများသို့ သွားရောက်ကြစဉ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြရသည်။ 

အစီရင်ခံစာပါ ကိုယ်တိုင်ကြုံတွေ့ရသူတို့၏ ထုတ်ဖော်ပြောဆိုချက်များအရ မိုင်းအန္တရာယ်သည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများသာမက မိသားစုဘဝနှင့် လူမှုစီးပွားဘဝတစ်ခုလုံး ပြိုလဲပျက်စီးသွားရကြောင်း ပြသနေသည်။

ကျောက်တော်မြို့နယ်က အသက် ၁၅ နှစ်အရွယ် မြိုတိုင်းရင်းသားလူငယ်တစ်ဦးသည် တောင်ပေါ်တွင် မိုင်းများရှိကြောင်း သတိပေးချက်များရှိသည့်ကြားမှ မိသားစု ဝမ်းရေး အမဲရှာရန် သွားစဥ် မိုင်းထိ သေဆုံးခဲ့ရသည်။ လအနည်းငယ်အကြာတွင်မူ သူ၏အဒေါ်ဖြစ်သူသည်လည်း ထိုလူငယ်လေး သေဆုံးခဲ့သည့် နေရာအနီးရှိ အခြားမိုင်းတစ်လုံးကို နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြန်သည်။ 

“သူတို့တွေက လမ်းတစ်ကြောင်းတည်းကိုပဲ မိုင်းရှင်းပေးခဲ့တာ၊ အရပ်သားတွေက လမ်းကြောင်းတစ်ခုတည်းကိုပဲ သုံးတာမဟုတ်ဘူးလေ” ဟု ထိုလူငယ်၏ ဦးလေးဖြစ်သူက ရင်နင့်စွာ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၆၃ နှစ်အရွယ် အဘိုးအိုတစ်ဦးသည် နွားကျောင်းနေစဥ် မြေမြှုပ်မိုင်း နင်းမိခဲ့၍ လက်တစ်ဖက်ဆုံးရှုံးရပြီး မျက်စိကွယ်ခဲ့ရသည်။ ယခုအခါ ထာဝရအမှောင်ထုထဲတွင် နေ့စဥ် ဘဝဆောင်တာများကို
မြေးဖြစ်သူများ၏ အကူအညီဖြင့် လုပ်ဆောင် နေထိုင်နေရသည်။ “တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်၊ ငါဟာ လူရော ဟုတ်သေးရဲ့လားလို့” ဟု သူက ကြေကွဲစွာပြောသည်။

ပြီးခဲ့သည့်နှစ်အစောပိုင်းက ထင်းခွေသွားရင်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည့် ဇနီးသည် အကြောင်းကို တွေးတောရင်း ညတိုင်း လန့်လန့်နိုးနေတတ်သည်ဟု မြောက်ဦးမြို့က အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

“ဒါဟာ ငရဲထဲမှာ နေနေရသလိုပါပဲ” ဟု သူက ဆိုသည်။ 

ထိုကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများသည် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ပိုမိုအရေးကြီးသော ဖြစ်စဉ်တစ်ခုကို  ထင်ဟပ်စေပါသည်။ မြေမြှုပ်မိုင်းများသည် မိသားစုများကို ပျက်စီးစေပြီး ဝင်ငွေရလမ်းများကို ဖြတ်တောက်ပစ်သည်။ ကလေးသူငယ်များကို ကျောင်းပညာရေးမှ ထွက်ခွာရန် ဖိအားပေးကာ လူမှုအသိုက်အဝန်းအတွင်း စိတ်ဒဏ်ရာများစွာ ဆင့်ကဲဖြစ်ပွားစေလျက်ရှိသည်။

၂၀၁၈ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်(AA) တို့အကြား နယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများမှာ အပြန်အလှန်ဖြစ်နေခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးများမှာလည်း ကြိုတင်သတိပေးချက်မရှိဘဲ မကြာခဏဆိုသလို ပြန်ပျက်လေ့ရှိသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်မူ အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်တစ်ဝန်းလုံးကို အကြီးစားထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ဆင်နွှဲလာပြီးနောက် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။ 

ယခုအခါ  အာရက္ခတပ်တော်(AA) သည် ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့နယ်တို့ကလွဲ၍ ရခိုင်တစ်ပြည်နယ်လုံးကို စိုးမိုးထိန်းချုပ်ထားပြီ ဖြစ်သည်။

ပဋိပက္ခအတွင်း နှစ်ဖက်စလုံးက မိုင်းများ ထောင်ခဲ့ကြသည်။ ထိုများပြားလှသော မိုင်းများသည် မှတ်တမ်းအထောက်အထားမရှိကြသလို အချို့မှာ မှတ်မိနိုင်ရန်ပင် မလွယ်ကူတော့ပေ။ အချို့မိုင်းများမှာမူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူခြင်းမရှိကြသော အငြင်းပွားဖွယ်ရာ နယ်မြေများအတွင်း တည်ရှိနေသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ ဖိနှိပ်ချုပ်ခြယ်သော မူဝါဒများကြောင့်လည်း ထိုပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။ စစ်ကော်မရှင်သည် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် ကုလသမဂ္ဂအေဂျင်စီများအား ရခိုင်ဒေသသို့ သွားရောက်ခွင့် ပိတ်ပင်ထားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ တစ်ခုတည်းကသာ ကန့်သတ်ထားသော နေရာအချို့တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိထားသည်။

ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စောင့်ကြည့်ထောက်လှမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့်လည်း အရေးပေါ်ဖုန်းခေါ်ဆိုမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မဖြစ်နိုင်လောက်အောင် ခက်ခဲနေသည်။

DMG က ကွင်းဆင်းလေ့လာခဲ့ရာ ထိုကဲ့သို့ တားဆီးပိတ်ဆို့မှုများ၏ အကျိုးဆက်ကြောင့် ကျေးရွာများ၏ ၅၀ ရာခိုင်နှုန်းသည် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးမှုများကို တစ်ကြိမ်တစ်ခါမျှ မရဖူးကြပေ။ ကျေးရွာအများစုတွင်လည်း မိုင်းအန္တရာယ်ရှိသည့် နယ်မြေများဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည့် သတိပေးဆိုင်းဘုတ်များ မရှိကြသလို မိုင်းပေါက်ကွဲမှု ဖြစ်ပွားလာပါက အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ် သို့မဟုတ် အချက်အလက်များလည်း မရှိကြပေ။

ကလေးငယ်များသည် ဘေးအန္တရာယ်ကင်းအောင် မည်သို့နေထိုင်ရမည်ကို မသိရှိကြဘဲ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကြားတွင် နေထိုင်နေကြရသည်။ တောင်သူလယ်သမားများသည်လည်း မိုင်း သတိပေးဆိုင်းဘုတ်အမှတ်အသားများမရှိသော အန္တရာယ်ရှိ မြေပြင်များတွင် အလုပ်လုပ်ကိုင်နေကြရသည်။ 

ထို့အပြင် မိသားစုများမှာလည်း အခြေခံအဆင့်ရှိသည့် ပေါက်ကွဲစေတတ်ပြီး အန္တရာယ်ရှိသော ပစ္စည်းများကိုပင် သိမြင်ခွဲခြားနိုင်ခြင်း မရှိကြပေ။ တစ်ဖက်တွင်လည်း အာရက္ခတပ်တော်(AA) သည် စစ်ရေးဆင်နွှဲမှုများကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး လိုအပ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် အသုံးအဆောင်ပစ္စည်းများလည်း ပြည့်စုံစွာမရှိသဖြင့် ထိုပြဿနာကို ဖြေရှင်းရန်အတွက် အဆင်သင့်မရှိသေးပေ။ 

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ်အတွင်း အဖွဲ့အစည်းအသီးသီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး အုပ်ချုပ်ရေးယန္တရားများလည်း ပြိုလဲနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခွင့်ကိုလည်း အလွန်အမင်း ကန့်သတ်ခံထားရသည်။ အရပ်သားပြည်သူများမှာမူ ၎င်းတို့၏ ရှေ့မှောက်ရှိ ဘေးအန္တရာယ်များကို ကိုယ့်အားကိုယ်ကိုးပြီး ရင်ဆိုင်ရုန်းကန်နေကြရသည်။

မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၏ အန္တရာယ်သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာယန္တရားတစ်ခုလုံး ပြိုလဲနေသည့် ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်အခြေအနေများ ကြားတွင် တည်ရှိနေပါသည်။ 

ထိုအခြေအနေများတွင် စစ်ဘေးရှောင်စခန်းများ၌ လူဦးရေထူထပ်လွန်းခြင်းနှင့် ထောက်ပံ့မှုများ မလုံလောက်ခြင်း၊ စားသောက်ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့မှုများကြောင့်လည်း ကုန်သွယ်ရေးနှင့် အရေးပေါ်သယ်ယူပို့ဆောင်ရေးများ ပြတ်တောက်နေသည်။

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရမှုကြောင့် လူမှုအသိုက်အဝန်းတစ်ခုလုံး သီးခြားဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ လုံလောက်သော ဆေးကုသမှု မခံယူရသည့် အချက်လည်း ပါဝင်နေပါသည်။

လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပြိုလဲပျက်စီးနေသည်နှင့်အမျှ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့်လက်နက်ခဲယမ်းများ၏ အန္တရာယ်မှာလည်း ပိုမိုပျံ့နှံ့လာနေပြီး ယင်းတို့အား ပြန်လည် ရှင်းလင်းရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

ထိုပြဿနာသည် ဖြေရှင်း၍မရနိုင်သော အရာမျိုး မဖြစ်သင့်သော်လည်း အရေးပေါ် လုပ်ဆောင်ချက်များရှိရန်တော့ လိုအပ်ပါသည်။ ကနဦးအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ပေးရမည်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်းကတစ်ဆင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်မည့်လမ်းကြောင်းကို စစ်ကော်မရှင်က ပိတ်ဆို့ထား ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကူညီနိုင်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနည်းလမ်းများကို ရှာဖွေဖော်ထုတ်ရမည် ဖြစ်သည်။

အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုမှာ ကျွမ်းကျင်သည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ရန်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားသည့် အဖွဲ့များက အကာအကွယ်ပစ္စည်းများ၊ ခေတ်မီစက်ကိရိယာများနှင့် ဒရုန်း များကို အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်သည်။ 

ထိုသို့ မိုင်းများကို လုံးဝရှင်းလင်းနိုင်ခြင်း မရှိသေးမီ အတောအတွင်းတွင် ပြည်နယ်တစ်ဝန်း၌ မိုင်းအန္တရာယ် ဘေးကင်းရေးအသိပညာပေးမှုများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ကျေးရွာအဆင့်တွင် မိုင်းများကို ခွဲခြားသိမြင်နိုင်စေရန် သင်တန်းပေးခြင်း နှင့် မိုင်းရှိနိုင်သည့် နယ်မြေများကို ရှင်းလင်းစွာ အမှတ်အသားပြု သတ်မှတ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။

မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကြောင့် ထိခိုက်ခံရသူများအတွက် ဆေးဘက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီပံ့ပိုးမှုများ လိုအပ်သည်။ ယင်းတို့မှာ ခြေတုလက်တုများ တပ်ဆင်ပေးခြင်း၊ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခြင်း၊ နာကျင်မှု ဝေဒနာများကို ကုသပေးခြင်း၊ စိတ်ဒဏ်ရာများကို ပြုစုစောင့်ရှောက်ပေးခြင်းနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ပါဝင်သည်။ 

ထို့အပြင် ရှင်သန်ကျန်ရစ်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပေးခြင်းနှင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအတွက် ဈေးကွက်ရရှိအောင် ချိတ်ဆက်ပေးခြင်းများကိုလည်း ပူးတွဲလုပ်ဆောင်ပေးသင့်သည်။

မြေမြှုပ်မိုင်းများသည် အနှစ် ၃၀ သို့မဟုတ် ထိုထက်မက ကြာမြင့်သည်အထိ ပေါက်ကွဲနိုင်စွမ်း ရှိနေကြဆဲဖြစ်သည်။ အကယ်၍သာ ယခုကဲ့သို့ပင် ဘာမှမလုပ်ဘဲ ဆက်လက်ထားမည်ဆိုပါက ရခိုင်ပြည်နယ်သည် ကြွယ်ဝသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လှပသော သဘာဝရှုခင်းများကြောင့် လူသိများသည့် ဒေသတစ်ခုအဖြစ်မှ မြေကြီးအောက်တွင် မြှုပ်နှံထားသည့် မမြင်ရသော ပေါက်ကွဲစေတတ်သည့်လက်နက်များကြောင့် အန္တရယ်ရှိဒေသတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခံရမည့် အခြေအနေကို ရင်ဆိုင်ရမည် ဖြစ်သည်။

ကျောက်တော်မြို့နေ မြေမြုပ်မှိုင်းကြောင့် အမျိုးသား ဆုံးရှုံးခဲ့ရသူ ဒေသခံတစ်ဦးက DMG သို့ ပြောခဲ့သလိုပင် “မြေမြှုပ်မိုင်းက ကျမအမျိုးသားကို တစ်ကြိမ်ပဲ သတ်ခဲ့တာပါ။ ဒါပေမဲ့ ကျမတို့ကိုတော့ နေ့တိုင်းသတ်နေတာ” ဟု ဆိုသည်။ သူ၏ ပူဆွေးသောကသည် နောက်ထပ်ဖြစ်လာမည့် အန္တရာယ်များအတွက် သတိပေးချက်တစ်ခုဖြစ်သလို ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်ချက်တစ်ခုလည်း ဖြစ်သည်။

အောင်မင်းဦးသည် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ သူသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေဖြင့် တရားစွဲဆိုခြင်းကို ခံထားရပြီး ၂၀၁၉ ခုနှစ် မေလကတည်းက တိမ်းရှောင်နေရသူ ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.