The image for the article

မြန်မာနောင်းဆောင်းပါးအပေါ် ဖရွန်တီးယား အယ်ဒီတာချုပ်ဟောင်း သောမတ်စ်ကင်း၏ တုံ့ပြန်ချက်

မြန်မာနောင်း၏ “မြန်မာတိုင်းမ် နှင့် Frontier Myanmar သတင်းဌာနများ၏ ဝိုးတဝါး အတိတ်နှင့် ပစ္စုပ္ပန်” သတင်းဆောင်းပါးအပေါ် ဖရွန်တီးယား အယ်ဒီတာချုပ်ဟောင်း သောမတ်စ်ကင်း၏ တုံ့ပြန်ချက် (ဘာသာပြန်)

သောမတ်စ်ကင်း

နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးသမားတွေ၊ သံတမန်တွေကနေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်းတွေအထိ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမြောက်အမြားအကြောင်း သတင်းရေးသား ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ်စတင်း ရှရနာဘာဂီနာ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းနဲ့ ဒူဘိုင်းမှာနေထိုင်တဲ့ လက်နက်ပွဲစားတစ်ဦး စတာတွေဟာ ကျနော့်ခေါင်းထဲ ချက်ချင်းပေါ်လာတဲ့ သတင်းဆောင်းပါးတချို့ကို ဥပမာပေးခြင်းမျှသာ ဖြစ်ပါတယ်။ ဆက်ပြောရင် သတင်းဆောင်းပါး အမျိုးမျိုးအစုံစုံပေါ့လေ။

ကျွန်တော်တို့ သတင်းတင်ဆက်ရာမှာ အမြဲတမ်း မှန်ကန်နေခဲ့တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သတင်း လုပ်ငန်းစဉ် အဆင့်ဆင့်မှာ မျှတမှုရှိဖို့နဲ့ ပွင့်လင်းမြင်သာဖို့ အမြဲကြိုးစားခဲ့သလို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေနဲ့ တိုင်ကြားချက်တွေကိုလည်း အမြဲလက်ခံခဲ့ပါတယ်။ အမှားအယွင်းရှိခဲ့ရင်လည်း မတုံ့မဆိုင်း ဝန်ခံခဲ့တယ်။ ကျွန်တော်တို့ဟာ အငြိုးအတေးထား တုံ့ပြန်တာမျိုးထက် လူထုအကျိုးစီးပွားကိုပဲ ရှေးရှု တင်ဆက်နေခဲ့တာဖြစ်ပြီး နောင်ကိုလည်း အဲဒီရပ်တည်ချက်အတိုင်း တင်ဆက်နေဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၅ လတာ ကာလအတွင်းမှာတော့ ကျွန်တော်တို့ ကိုယ်တိုင်က ရေဆုံးမြေဆုံး လိုက်ပြီးစုံစမ်းထားတဲ့ စိတ်ပင်ပန်းချင်စဖွယ်ကောင်းလှတဲ့ မီဒီယာစုံစမ်းမှုတစ်ခုရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာတာ တွေ့ရတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနောင်းရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းဟာ ဖရွန်တီးယားရဲ့ ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ သတင်းခန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းဟောင်းနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို မေးမြန်းမှုတွေ စတင်လုပ်လာခဲ့ပါတယ်။ အဲဒီအချိန်က စီအီးအိုဖြစ်သူ (ဦး)ဆန်နီဆွေဟာ သူ့ကို အလွတ်သဘော တွေ့ဆုံ စကားပြောခဲ့သလို နောက်ပိုင်းမှာလည်း မေးခွန်းပေါင်း နှစ်ဒါဇင်နီးပါးကို တရားဝင် အကျယ်တဝင့် ပြန်လည်ဖြေကြားပေးခဲ့တယ်။

မြန်မာနောင်းက ဖရွန်တီးယားကို အခုလို အနီးကပ်စောင့်ကြည့်ဖို့ ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ဆန်နီရဲ့ ဖခင်ဖြစ်သူ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးသိန်းဆွေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကြောင့်လို့ ယူဆရပါတယ်။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကူမင်းမြို့အလည်အပတ် မတိုင်မီ တစ်လအလိုလောက်က အဲဒီခရီးစဉ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ဦးသိန်းဆွေဟာ အောက်တိုဘာလနှောင်းပိုင်းမှာ တရုတ်သုတေသနအကြံပေး အဖွဲ့နှစ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီခရီးစဉ်အကြောင်းကို ကြိုတင်သိရှိထားခြင်း မရှိပါဘူး။ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းဌာနတွေမှာ ဖော်ပြတော့မှသာ သိရှိခဲ့ရတာဖြစ်ပြီး တခြားသူတွေနည်းတူ ကျွန်တော်တို့လည်း အံ့အားသင့်ခဲ့ရတာပါပဲ။ ဒါပေမဲ့ ဦးသိန်းဆွေဟာ ဖရွန်တီးယားနဲ့ အတိတ်က ပတ်သက်မှုတွေ ရှိခဲ့ဖူးတဲ့အတွက် ဒီခရီးစဉ်ကြောင့် ဖရွန်တီးယားအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိလာနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ နားလည်ခဲ့တယ်။ ဒါကြောင့် ခရီးစဉ်အပြီးမှာ ကျွန်တော်တို့ရဲ့ အယ်ဒီတာလုပ်ငန်းပိုင်း(သတင်းခန်းလုပ်ငန်းအပိုင်း)နဲ့ ဦးသိန်းဆွေရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ကုမ္ပဏီအဟောင်းမှာ ပါဝင်ခဲ့ဖူးတဲ့ အတိတ်က အခန်းကဏ္ဍတွေ အကြောင်းကို ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ ဆန်နီက သူ့ကြောင့် ဖရွန်တီးယားရဲ့ လွတ်လပ်တဲ့ရပ်တည်ချက်အပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်တဲ့အတွက် မူလစီစဉ်ထားတာထက် အချိန်စောပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်နီ ရာထူးကနေ နုတ်ထွက်ပြီး မြန်မာနောင်းရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားပြီးတဲ့နောက်မှာတော့ ဒီဆောင်းပါးနဲ့ ပတ်သက်လို့ အသံ သိပ်မကြားရတော့တဲ့အတွက် စုံစမ်းမှုတွေ ပြီးဆုံးသွားပြီလို့ပဲ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်က ကြည့်ရင်လည်း ဖရွန်တီးယားနဲ့ ပတ်သက်တဲ့ အချက်အလက်အများစုဟာ ကုမ္ပဏီမှတ်တမ်းတွေ၊ ကျွန်တော်တို့ကိုယ်တိုင် ထုတ်ဖော်ပြောဆိုချက်တွေနဲ့ တခြားသူတွေရဲ့ ဖော်ပြချက်တွေကြောင့် လူသိရှင်ကြားဖြစ်ပြီးသားမို့လို့ ဆက်လုပ်စရာ မလိုတော့ဘူးလို့ ယူဆခဲ့တာပါ။

ဒါပေမဲ့ အဲဒီစုံစမ်းမှုဟာ နောက်ကွယ်မှာ ဆက်လက်ရှိနေခဲ့ပုံ ရပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ဆန်နီဟာ နောက်ထပ်မေးခွန်းတွေ လက်ခံရရှိခဲ့ပြီး အဲဒီမေးခွန်းတွေကတော့ ၂၀၀၀ ပြည့်နှစ်မှာ သူ ပူးတွဲတည်ထောင်ခဲ့တဲ့ မြန်မာတိုင်းမ် သတင်းစာရဲ့ လုပ်ငန်းလည်ပတ်မှုတွေအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းထားတာတွေပါ။ ထောက်လှမ်းရေးအဖွဲ့က လူတွေကို ဖြုတ်ထုတ် သန့်စင်ရေး လုပ်ခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ သူ အဖမ်းခံခဲ့ရပြီး စာပေစိစစ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတာကြောင့် မြန်မာတိုင်းမ်မှာ ရှိတဲ့ သူ့ရဲ့ရှယ်ယာတွေကို စွန့်လွှတ်ခဲ့ရပါတယ်။

မြန်မာနောင်းရဲ့ စုံစမ်းမှုဟာ နယ်ပယ်အစုံအထိ အတော့်ကို ကျယ်ပြန့်လာခဲ့ပြီး ကျွန်တော် အပါအဝင် လက်ရှိနဲ့ ဝန်ထမ်းဟောင်း အများအပြားကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတချို့က သူတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောခဲ့တဲ့အကြောင်း ကျွန်တော်တို့ကို အသိပေးခဲ့တဲ့အတွက် အားတက်မိပါတယ်။

ကျွန်တော်တို့ဟာ ဝေဖန်မှုကို လက်မခံတာ မဟုတ်သလို အနီးကပ် စောင့်ကြည့်စစ်ဆေးတာကိုလည်း မငြင်းဆန်ပါဘူး။ အဲဒီလို ငြင်းဆန်နေရင်တော့ ကျွန်တော်တို့ဟာ အပြောတခြား အလုပ်တလွဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်မိတဲ့အချက်ကတော့ မြန်မာနောင်းအနေနဲ့ သူတို့ ကြိုတင် ထင်မြင်ထားတဲ့ ယူဆချက်တစ်ခုကို အတည်ပြုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပုံရတဲ့အချက်ပဲ ဖြစ်ပါတယ်။ 

အဲဒီယူဆချက်တွေကတော့ ‘ဖရွန်တီးယားကို ထောက်လှမ်းရေးအရာရှိဟောင်းတွေ ဒါမှမဟုတ် သူတို့နဲ့ ပတ်သက်သူတွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ တည်ထောင်ခဲ့တယ်၊ ဒီထောက်လှမ်းရေး အဆက်အသွယ်တွေဟာ ကျွန်တော်တို့ရဲ့ သတင်းလုပ်ငန်းတွေအပေါ် လွှမ်းမိုးမှုရှိတယ်၊ ဖရွန်တီးယားမှာ ထောက်လှမ်းရေးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာဟာ စစ်ကောင်စီကို ထောက်ခံဖို့ ရေရှည်စီစဉ်ထားတဲ့ ဝါဒဖြန့်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်’ စတဲ့ မှန်းဆထင်မြင်ချက်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနောင်းရဲ့ ဆောင်းပါးကို ထုတ်ဝေဖော်ပြလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ သတင်းထောက်တွေနဲ့ အလွတ်တန်း သတင်းထောက်တွေကို တိုက်ခိုက်ခံရနိုင်ခြေ ရှိတဲ့ အန္တရာယ်ဆိုးကြီးထဲကို တွန်းပို့သလို ဖြစ်သွားမှာ ကျွန်တော် အထူး စိုးရိမ်မိပါတယ်။

ကျွန်တော်တို့ရဲ့ ပိုင်ရှင်တွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်တို့ ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ဖူးပါဘူး။ ဖရွန်တီးယားကို ၂၀၁၅ ခုနှစ်မှာ ဆန်နီနဲ့ Sylvia Saw McKaige တို့က စတင်တည်ထောင်ခဲ့တာပါ။ ဆန်နီ လွတ်မြောက်ပြီး တစ်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ ထောင်ကလွတ်လာတဲ့ ဦးသိန်းဆွေဟာ ၂၀၁၆ ခုနှစ်မှာ ထိုစဉ်က ဖရွန်တီးယားရဲ့ မိခင်ကုမ္ပဏီဖြစ်ခဲ့တဲ့ Black Knight Media Co Ltd မှာ ဒါရိုက်တာတစ်ဦး ဖြစ်လာတယ်။ 

သူဟာ ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ ဒါရိုက်တာအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းမှာ သူ့ရဲ့ ရှယ်ယာတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကို မြန်မာနိုင်ငံရဲ့ ကုမ္ပဏီမှတ်ပုံတင် အချက်အလက်တွေမှာ ကြည့်ရှုနိုင်သလို ဖရွန်တီးယားက ရေးသားခဲ့တဲ့ မြန်မာတိုင်းမ်အကြောင်း ဆောင်းပါး မှာလည်း ဆန်နီနဲ့ ဦးသိန်းဆွေတို့ရဲ့ အခန်းကဏ္ဍကို သက်ဆိုင်တဲ့နေရာမှာ ထည့်သွင်းရှင်းပြထားပြီး ဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ ဒီပိုင်ဆိုင်မှုတွေဟာ ကျွန်တော်တို့ရဲ့ သတင်းတင်ဆက်မှုတွေအပေါ်မှာ ဘယ်လိုလွှမ်းမိုးမှုမှ မရှိခဲ့တဲ့အချက်ပါပဲ။ ဒါကို ကျွန်တော် အသိဆုံးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဖရွန်တီးယား စတင်ပြီး တစ်နှစ်မပြည့်ခင် ၂၀၁၆ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်လို့ပါပဲ။ ဦးသိန်းဆွေ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ရှိနေစဉ်အတွင်းမှာ သတင်းခန်းကိစ္စတွေကို ကျွန်တော်တို့ ဘယ်တုန်းကမှ မဆွေးနွေးခဲ့ပါဘူး (တခြားဘာကိစ္စကိုမျှလည်း မည်မည်ရရ ဆွေးနွေးခဲ့ခြင်း မရှိပါ)။ 

အမှန်တော့ ဦးသိန်းဆွေ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ရှိနေတဲ့အချိန်ကာလအတွင်းမှာပဲ ဖရွန်တီးယားအနေနဲ့ ကျွန်တော် အဂုဏ်ယူရဆုံး သတင်းတချို့ကို တင်ဆက်နိုင်ခဲ့တာပါ။ ဥပမာအားဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာသတင်းဌာနများအနေနဲ့ Rohingya ဆိုတဲ့ စကားလုံးကို အသုံးပြုဖို့ ငြင်းဆန်ခဲ့ကြတဲ့အချိန်မှာ “Rohingya” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခဲ့တဲ့ ပြည်တွင်းသတင်းဌာနတွေထဲက တစ်ခုတည်းသော သတင်းဌာန ဖြစ်ခဲ့ပါတယ်။

ဆန်နီဟာ သတင်းခန်းစီမံခန့်ခွဲမှုကို အယ်ဒီတာတွေလက်ထဲမှာပဲ အပြည့်အဝ ယုံကြည်အပ်နှံထားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သတင်းတင်ဆက်မှုတွေမှာ အားနည်းချက်တစ်စုံတစ်ရာ ရှိခဲ့ရင် အဲဒါဟာ ကျွန်တော်တို့ အယ်ဒီတာတွေရဲ့ တာဝန်သာဖြစ်ပြီး သူ့ရဲ့တာဝန်မဟုတ်ပါဘူး။ ဆန်နီရဲ့ အဓိက အာရုံစိုက်မှုကတော့ ဖရွန်တီးယား ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ကျွန်တော်တို့ အလုပ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရရှိအောင် ကြိုးပမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သတင်းဌာနဟာ ရပ်နားရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာမျိုးတွေ ရှိခဲ့ပြီး ဒါဟာ စစ်တပ် ဒါမှမဟုတ် ခရိုနီတွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေတယ်ဆိုတဲ့ မှန်းဆချက်နဲ့ ပကတိအခြေအနေတွေနဲ့ အတော့်ကို ကွဲလွဲတဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပိုင်ရှင်တွေက သတင်းခန်းထဲကို ဝင်ရောက်စွက်ဖက်တဲ့အခါ ဘာတွေဖြစ်တတ်သလဲ ဆိုတာကို ကျွန်တော် ကိုယ်တိုင်မြင်ဖူးပါတယ်။ ကျွန်တော်က ဖရွန်တီးယားကို မြန်မာတိုင်းမ်ကနေ ပြောင်းလာခဲ့တာပါ။ အဲဒီအချိန် မြန်မာတိုင်းမ် ပိုင်ရှင်အသစ်ဖြစ်တဲ့ ထင်ရှားတဲ့ စီးပွားရေးသမား ဦးသိန်းထွန်းဟာ သတင်းခန်းကို တစ်စစနဲ့ ပိုပြီးဝင်ရောက်စွက်ဖက်လာခဲ့သလို သူခိုင်းတာကို မလိုက်နာတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်က ထုတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီသတင်းဌာန ပြိုကွဲသွားခြင်းအပေါ် ကျွန်တော့်အနေနဲ့ အံ့ဩမိခြင်း မရှိပါဘူး။ 

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်ဟာ ဖရွန်တီးယား အယ်ဒီတာချုပ်တာဝန်ကို ဘင်န်ဒူးနန့် ထံ လွှဲပြောင်းပေးခဲ့ပေမဲ့ ဒါရိုက်တာ၊ အနည်းစုရှယ်ယာရှင်အဖြစ် ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ သတင်းရယူဖို့ ပိုမိုခက်ခဲလာပြီး ငွေကြေးအခြေအနေတွေ ပိုမို ကျပ်တည်းလာပေမဲ့လည်း ယခင်က ဘင်န်ရဲ့ ဦးဆောင်မှု၊ အခုဆိုရင် မသူသူအောင်ရဲ့ ဦးဆောင်မှုအောက်မှာ ဖရွန်တီးယားရဲ့ သတင်းတင်ဆက်မှုတွေဟာ ပိုမိုအားကောင်းသထက် ကောင်းလာနေတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။

ဖရွန်တီးယားဟာ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဆိုတဲ့ အယူအဆဟာ အကြီးအကျယ် မှားယွင်းနေပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းတင်ပြချက်တွေကနေ ဒီအချက်ဟာ မှားယွင်းနေတယ်ဆိုတာကို သက်သေ ထူနေကြပါတယ်။ နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့ဟာ အာရှထုတ်ဝေသူများအသင်း (SOPA) က ပေးအပ်တဲ့ ဆုတံဆိပ်ပေါင်းများစွာ နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ရရှိခဲ့တယ်။ ဒါဟာ ကျွန်တော်တို့လို မီဒီယာအရွယ်အစား အတွက်တော့ မယုံနိုင်လောက်တဲ့ အောင်မြင်မှုတစ်ခုပါပဲ။

ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်တုန်းက ဦးဆွေဝင်းက သူကိုယ်တိုင် ကျွန်တော်နဲ့ ဆန်နီကို လာရောက်တွေ့ဆုံခဲ့ဖူးပြီး ဒါက မြန်မာနောင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အလားအလာတွေကို ဆွေးနွေးခဲ့ဖူးပါတယ်။

လက်ရှိ မီဒီယာလုပ်ငန်းမှာ အလှူရှင်တွေက ဘက်ပေါင်းစုံကနေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းနေပြီး အရင်းအမြစ်တွေ အလွန်အမင်း ရှားပါးလာချိန်မှာ ဖရွန်တီးယားအပေါ် အခုလို ၁၅ လကြာ အချိန်နဲ့ အရင်းအမြစ်တွေ အသုံးပြုပြီး စုံစမ်းနေတာဟာ ဘယ်လောက်အထိ အကျိုးရှိမလဲ ဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ရခက်ခဲပါတယ်။ လွတ်လပ်သောမြန်မာ့မီဒီယာ အသိုက်အဝန်း ဆိုတာ ယိုင်နဲ့နဲ့ကလေးပါ။ သတင်းထောက်တွေကို အကျဉ်းချပြီး နှုတ်ပိတ်နေသူ၊ ပြည်သူတွေအပေါ် ဖိနှိပ်နေသူတွေကို အာရုံမစိုက်ဘဲ ကျွန်တော်တို့အချင်းချင်း တိုက်ခိုက်ဖို့ ရှိစုမဲ့စုအင်အားတွေကို ထုတ်သုံးနေကြမယ်ဆိုရင် အားလုံးပဲ အရေးနိမ့်ကြရမှာပါပဲ။

ဝေဖန်သူတွေကတော့ ကျွန်တော်တို့ကိုယ်တိုင် တခြားမီဒီယာဌာနတွေကိုလည်း အားမနာတမ်း စုံစမ်းရေးသားခဲ့တာပဲလို့ ဆိုနိုင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာတိုင်းမ်အကြောင်းတင်မက Eleven Media အကြောင်းနဲ့ မကြာသေးမီက ပြည်ပရောက် မြန်မာသတင်းဌာနတွေအတွင်း လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းကို ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ 

အထူးသဖြင့် အဲဒီဆောင်းပါးမျိုးကို မတတ်သာလို့ ရေးသားတဲ့အခါမှာ ဒီဆောင်းပါးအပေါ် ဘယ်လိုအမြင်မျိုးတွေ ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိတဲ့အတွက် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ သီးသန့်ပစ်မှတ်မထားမိအောင် အထူး သတိထားပြီး ဆင်ဆင်ခြင်ခြင် ရေးသားခဲ့ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒါဟာ အယ်ဒီတာအဖွဲ့ရဲ့ သတင်းတင်ဆက်လိုမှုသက်သက်ကြောင့် ဖော်ပြခဲ့တာမဟုတ်ဘဲ သူတို့အခွင့်အရေးအတွက် ဘယ်သူကမှ ဝင်ရောက်ပြောဆိုပေးမှာမဟုတ်ဘူးလို့ ခံစားနေရတဲ့ သတင်းထောက်တွေရဲ့ တကယ့်အခြေခံကျကျ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်ဖို့ ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။

မီဒီယာလောကထဲမှာ ဖရွန်တီးယားအပေါ် တချို့သူတွေက မလိုလားတာ၊ တချို့က လိုအပ်လို့ သည်းခံနေရပေမဲ့ တကယ်တမ်း လက်မခံနိုင်ကြတာတွေကို ကျွန်တော်တို့ သိရှိထားပါတယ်။ အဓိကအကြောင်းရင်းကဖြင့် ဆန်နီရဲ့ နောက်ခံကြောင့်ဖြစ်သလို တချို့ကလည်း အကြီးတန်းအယ်ဒီတာအများစုဟာ နိုင်ငံခြားသားတွေ ဖြစ်နေတာကို မနှစ်မြို့ကြတာလဲ တစ်ချက်အပါအဝင်ပါ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအပေါ် ဝေဖန်ရေးသားချက်တချို့ဟာလည်း လုပ်ဖော်ကိုင်ဖက် မီဒီယာလောကသားအချို့အတွက်တော့ အကြိုက်မတွေ့စရာတွေ ဖြစ်ခဲ့ဖူးပါတယ်။ 

ကျွန်တော်တို့ဟာ ဦးဆွေဝင်း တောင်းဆိုထားတဲ့ အတိတ်နဲ့ လက်ရှိ ပိုင်ရှင်တွေ၊ ဒါရိုက်တာတွေရဲ့ အချက်အလက်တွေနဲ့ သတင်းခန်းလုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေ အကုန်ပေးထားပြီးသားပါ။ မြန်မာနောင်းရဲ့ ဂုဏ်ယူစရာ လွတ်လပ်သောသတင်းတင်ဆက်မှု သမိုင်းကြောင်းကို ကြည့်ပြီး တကယ်လို့များ ဆောင်းပါးတစ်ပုဒ် ထုတ်ပြလာခဲ့မယ်ဆိုရင် အဲဒီဆောင်းပါးဟာ ဖရွန်တီးယားရဲ့ ပကတိအရှိတရားကို ထင်ဟပ်စေမယ်လို့ ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ ဖရွန်တီးယားကိုတင်မကဘဲ မီဒီယာလောကတစ်ခုလုံးကိုပါ ထိခိုက်စေမယ့်၊ ကျွန်တော်တို့ သတင်းထောက်တွေကို အန္တရာယ်ကျရောက်စေနိုင်မယ့် လုပ်ကြံဖန်တီးထားတဲ့ သံသယဖြစ်ဖွယ် ထင်မြင်ယူဆချက်တွေကိုတော့ ထုတ်လာခဲ့မှာမဟုတ်ဘူးလို့လည်း ကျွန်တော် အကောင်းမြင်နေခဲ့မိတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ မြန်မာနောင်းရဲ့ ဆောင်းပါးဟာ ဖရွန်တီးယားရဲ့ အမှန်တကယ် ရပ်တည်ချက်နဲ့ လုပ်ဆောင်မှုတွေအပေါ် မထင်ဟပ်ဘဲ အထင်မှား အမြင်မှား ပိုမိုဖြစ်ပေါ်စေတဲ့ပုံရိပ်ကို ဖန်တီးလိုက်သလို ဖြစ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြခဲ့ပြီး ဖြစ်တာကြောင့် စိတ်အေးလက်အေးသာ ဖြစ်မိပါတယ်။ လက်ရှိ အယ်ဒီတာချုပ် မသူသူအောင်ရဲ့ ဦးဆောင်မှုအောက်မှာ သတင်းခန်းအဖွဲ့ဟာ အရင် ကျွန်တော်တို့တုန်းကလိုပဲ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ သတင်းတွေကို ဆက်လက်တင်ဆက်သွားလိမ့်မယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်မိပါတယ်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.