လူ၃၀နဲ့အထက် ပိုမစုဖို့တားမြစ်ထားတဲ့ ကိုဗစ်-၁၉စည်းမျဉ်းကြောင့် ခရစ်ယာန်ဘာသာဝင်တွေဟာ မနက်ဖြန်ကျရောက်မဲ့ ခရစ်တော်ယေရှုရဲ့ မွေးနေ့တော်မြတ်ကို အွန်လိုင်းကနေပဲ ကျင်းပကြရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နွမ်းပါးတဲ့ခရစ်ယာန်ဘာသာဝင်တွေဟာတော့ အွန်လိုင်းကကျင်းပတဲ့ ဝတ်ပြုအခမ်းအနားတွေကို လက်လှမ်းမမီနိုင်ဖြစ်ကြရပါတယ်။
စာသား – ရဲမွန် | ဓာတ်ပုံ – ခွန်လတ်
ခရစ္စမတ်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်ရုံမက တခြားဘာသာဝင်တွေ အတွက်လည်း မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပွဲရွှင်နွဲကြတဲ့ အားလပ်ရက် အခါသမယလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာတောင် ခရစ္စမတ်ကာလ ရောက်ပြီဆိုရင် အာဏာပိုင်တွေက ပန်းခြံနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို မီးအလှဆင်မြန်းတဲ့အပြင် ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခွင့်ပေးလေ့ရှိပါတယ်။
နှစ်စဥ်နှစ်တိုင်းမှာ ခရစ္စမတ်ပွဲတော်ကို ကမ္ဘာအနှံ့ကျင်းပလေ့ရှိကြပြီး မြန်မာနိုင်ငံက ပြည်သူတွေကတော့ နိုင်ငံခြားခရီးသွားခြင်း ဒါမှမဟုတ် ပြည်တွင်းခရီးသွားခြင်းစတာတွေနဲ့ ဖြတ်သန်းကြပါတယ်။

ဒါပေမဲ့လည်း မနက်ဖြန်ကျရောက်မဲ့ ခရစ္စမတ်နေ့နဲ့ လာမဲ့နှစ်သစ်ကူးကာလကိုတော့ ကိုဗစ်၁၉ကမ္ဘာ့ ကပ်ရောဂါကြောင့် ဘယ်သူမှ တခါမှမမျှော်လင့်ခဲ့ကြတဲ့ ပုံစံမျိုးကို ဖြတ်သန်းကြရတော့မှာဖြစ်ပါတယ်။
အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေမှာ ဝတ်ပြုကိုးကွယ်တဲ့အစီအစဉ်တွေ၊ နေအိမ်တကာလှည့်လည်ပြီး ခရစ္စမတ်သီချင်းဆိုတာမျိုး (ကာရိုလ်စင်း)တွေကို ဒီနှစ်ခရစ္စမတ်ကစပြီး ကပ်ရောဂါကြီးပြီးတဲ့အချိန်ထိ ပြုလုပ်လို့ရမှာမဟုတ်တော့ပါဘူး။
သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ကာလဖြစ်နေတာကြောင့် ကာရိုလ်လှည့်တဲ့ အစီအစဉ်တွေကို ခွင့်မပြုနိုင်ကြောင်း ဒီဇင်ဘာ၄ရက်က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် ဘုရားကျောင်းတွေမှာ ဝတ်ပြုကိုးကွယ်မယ်ဆိုရင်တော့ ကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ လူ၃၀ထက် မပိုရဘူးလို့လည်း သတ်မှတ်ခဲ့ပါတယ်။
ဝတ်ပြုအစီအစဥ်တွေကျင်းပချင်တဲ့ ဘုရားကျောင်းတွေဟာ ဒီဇင်ဘာ၉ရက် နောက်ဆုံးထားပြီး သာသနာရေးဦးစီးဌာနကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကို တင်ပြရမှာဖြစ်ပါတယ်။

ဒါ့ပြင် ဝန်ကြီးဌာနက ဒီဇင်ဘာ၁၄ရက်မှာ နောက်ထပ်စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီစာမှာတော့ ခရစ္စမတ်နေ့နဲ့နှစ်သစ်ကူးနေ့မှာ ဝတ်ပြုအစီအစဥ်လုပ်မဲ့ ဘုရားကျောင်းတွေဟာ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေဆီကနေ ခွင့်ပြုချက် တောင်းခံရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့က ခရစ်ယာန်ဘုရားကျောင်းအများစုကတော့ ခရစ္စမတ်နေ့မှာ လူ၃၀ထက်မပိုဘဲ ဝတ်ပြုကိုးကွယ်မဲ့ အစီအစဥ်ကို မလုပ်တော့ဖို့ဆုံးဖြတ်ထားကြပါတယ်။ အစိုးရရဲ့ ညွှန်ကြားချက်အရ ခွင့်ပြုချက်ရဖို့အတွက် အဆင့်ဆင့်စာတင်ပြ၊ စောင့်ဆိုင်းရမှာဖြစ်လို့ အချိန်မမီနိုင်ကြောင်း ရန်ကုန်မြို့က သင်းအုပ်ဆရာတွေက ဆိုပါတယ်။

ကြည့်မြင်တိုင်နှစ်ခြင်းအသင်းတော် သင်းအုပ် သိက္ခာတော်ရဆရာတော် စောဆမ်ဆန်က ကိုဗစ်၁၉ကြောင့် ခရစ္စမတ်နေ့ ဘုရားကျောင်းမှာ ဝတ်ပြုအစီအစဉ်မလုပ်နိုင်တဲ့အပေါ် ဝမ်းနည်းပေမဲ့ အင်တာနက်ကနေ ဝတ်ပြုကိုးကွယ်လို့ရသေးတာက အဆိုးထဲကအကောင်းပဲလို့ ဆိုပါတယ်။
“အစိုးရထုတ်ပြန်ထားတာတွေကို ကျွန်တော်တို့က လိုက်နာရမယ်။ အရင်ခရစ္စမတ်နေ့တွေမှာဆို ဘုရားကျောင်းလာတဲ့လူက လူထောင်ဂဏန်းလောက်ရှိတော့ အယောက်၃၀နဲ့ အကြိမ်ကြိမ် ဝတ်ပြုကိုးကွယ်ဖို့ စီမံခန့်ခွဲတာက တော်တော်ခက်ပါတယ်။ အဲဒါကြောင့် Zoom (အွန်လိုင်းမီတင်များတွင် အသုံးပြုသည့် ကွန်ပြူတာဆော့ဖ်ဝဲ)နဲ့ပဲ ဝတ်ပြုကိုးကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ၂၅ရက်၊ ခရစ္စမတ်နေ့ အွန်လိုင်းဝတ်ပြုအစီအစဉ်အတွက် ကြည့်မြင်တိုင်နှစ်ခြင်းအသင်းတော်ဟာ Zoom နဲ့ လူ၅၀၀တစ်ပြိုင်နက် ပါဝင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့ပြင် ဒီနေ့ ဒီဇင်ဘာ၂၄ရက်ညမှာလည်း ခရစ္စမတ်နေ့အကြိုဝတ်ပြုအစီအစဉ်တွေကို အွန်လိုင်းကနေလုပ်သွားဖို့ရှိနေပါတယ်။

အင်တာနက်က ဝတ်ပြုအစီအစဉ်တွေကို မတက်ရောက်နိုင်တဲ့ ငွေကြေးချို့တဲ့သူနဲ့ နည်းပညာကို လက်လှမ်းမမီနိုင်တဲ့ အသင်းသူ၊ အသင်းသားတွေအတွက်လည်း ဖုန်းဆက်ပြီး ဆုတောင်းပေးလျက်ရှိကြောင်း ဆရာဦးစောဆမ်ဆန်က ဆိုပါတယ်။
“အဲဒီအသင်းသူ၊ အသင်းသားတွေကိုလည်း ကျွန်တော်တို့မမေ့ပါဘူး။ အသင်းတော်အနေနဲ့ တနင်္ဂနွေနေ့မှာတော့ တရားဟောချက်တွေကို ဘုရားကျောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အပတ်စဥ် တင်ပေးနေပါတယ်”လို့ သူက ပြောပါတယ်။
ရန်ကုန်က ခရစ်ယာန်ဘုရားကျောင်းတစ်ချို့ဟာ Zoom နဲ့ အွန်လိုင်းက ဝတ်ပြုဖို့ စီစဉ်ပေမဲ့ တစ်ချို့ကတော့ ဒီဇင်ဘာ၂၅ရက်မှာပြုလုပ်မဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် တရားဟောကြားခြင်း၊ ခရစ္စမတ်သီချင်းသီဆိုခြင်း စတဲ့အစီအစဉ်တွေကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ဖို့ ကြိုတင်ဗွီဒီယိုရိုက်ကူးထားတယ်လို့ သိရပါတယ်။

Cornerstone Network of Churchesရဲ့ ဦးဆောင်သူ ဆရာဦးစောသီဟက အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ်တွေဟာ အားနည်းချက်တစ်ချို့ရှိပေမဲ့ ကိုဗစ်ကာလမှာတော့ ဒီနည်းလမ်းကသာ အလုံခြုံဆုံးဖြစ်တယ်လို့ ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။
CNC အဖွဲ့ဝင်တွေကတော့ အစိုးရရဲ့ ကိုဗစ်-၁၉စီမံခန့်ခွဲမှုကို အနှောင့်အယှက်မဖြစ်စေအောင် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွေကို အွန်လိုင်းကနေလုပ်ဖို့ စီစဉ်ထားတယ်လို့ သူကဆိုပါတယ်။
“အားသာချက်ကတော့ နိုင်ငံအနှံ့က အသင်းသူ၊ အသင်းသားတွေ ပါဝင်နိုင်တယ်။ ပြီးတော့ တရားဟောချက်တွေကို အင်တာနက်ကနေ ကြည့်ပြီးအလွယ်တကူနားထောင်နိုင်တယ်။ အားနည်းချက်ကတော့ လူချင်းတွေ့ပြီး မိတ်သဟာယ မဖွဲ့နိုင်ကြတော့ဘူး”လို့ ဆရာစောသီဟက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ပထမလှိုင်းဖြစ်ပွားစဉ် ဧပြီလက အင်းစိန်က ဝတ်ပြုစုဝေးမှုတစ်ခုကနေ ကိုဗစ်ပိုး ကူးစက်ပြန့်ပွားမှုစတင်ခဲ့ပြီး လူအများအပြားထပ်ဆင့် ရောဂါကူးစက်ခံခဲ့ရပါတယ်။ ဆရာဦးစောဆမ်ဆန်နဲ့ ဦးစောသီဟတို့ နှစ်ယောက်လုံးကတော့ ဘုရားကျောင်းတွေမှာ စုဝေးပြီးဝတ်ပြုတာမျိုးမလုပ်ရင် အလားတူအဖြစ်မျိုး ထပ်ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ ဆိုကြပါတယ်။
“ကျွန်တော်တို့ကလူနည်းစုပဲလေ။ အစိုးရကချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရင်း အဲဒီလိုထပ်ဖြစ်ရင်လည်း ဝေဖန်ခံရမှာပဲ”လို့ ဆရာစောဆမ်ဆန်က ပြောပါတယ်။

တစ်ဘက်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ လူစုလူဝေးဖြစ်မှာကို စိုးရိမ်နေပြီး ပန်းခြံနဲ့ကစားကွင်းစတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ အကုန်လုံးကို ဒီဇင်ဘာ၂၁ရက်ကနေ ၃၁ရက်အထိ ပိတ်ထားခဲ့ပါတယ်။
“ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ stay-at-home (နေအိမ်တွင်သာနေထိုင်စေရေးအမိန့်)ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်မှာပါ။ နှစ်သစ်ကို ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ဖို့ဆောင်ရွက်မှာပါ”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ၁၈ရက်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဒီဇင်ဘာ၂၀ရက်အထိ ဘုရားကျောင်းနဲ့ ဟိုတယ်တွေအနေနဲ့ သူတို့ရဲ့ပရဝဏ်အတွင်းမှာပဲ မီးအလှဆင်ထားပေမဲ့ ဓာတ်ပုံဝင်ရောက်ရိုက်ကူးခွင့် တားမြစ်ထားပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျှောက်မှာလည်း အရင်နှစ်ကလို ခမ်းခမ်းနားနား အလှဆင်ထားတာမျိုး မတွေ့ရသေးပါဘူး။
ဒီနှစ်ခရစ္စမတ်ကတော့ လွန်လေပြီးတဲ့ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ပုံစံနဲ့မတူဘဲ တမူထူးခြားဖြတ်သန်းရမဲ့ ကာလအဖြစ် ထင်ကျန်ရစ်နေမှာဖြစ်ပါတယ်။