အများပြည်သူကို အောက်ဆီဂျင်ရောင်းချဖြန့်ဝေမှု ကန့်သတ်လိုက်သောကြောင့် ကိုဗစ်-၁၉ လူနာများ နေအိမ်တွင်ကုသရေးအတွက် အခက်အခဲများ ဖြစ်ပွားနေသည်။ ထိုကန့်သတ်ချက်ကြောင့်ပင် သေဆုံးမှုတိုးပွားလာနိုင်သည်ဟု လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။
ဖရွန်းတီးယားမြန်မာ
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသက် ၄၂ နှစ်အရွယ် ဦးမောင်ကို၏ သွေးတွင်းအောက်ဆီဂျင် ပမာဏကျဆင်းလာသောအခါ သူသည် ကံကောင်းထောက်မစွာ နိုင်ငံပိုင်ဆေးရုံတစ်ခုတွင် တက်ရောက်ကုသနိုင်ခဲ့သည်။
ဇူလိုင် ၄ရက်တွင် ဦးမောင်ကို၏ဖခင် ဦးထွန်းမြနေမကောင်းဖြစ်လာသောအခါ ၎င်းကဲ့သို့ သွားရောက်ကုသမှု ခံယူစရာ နေရာမရရှိခဲ့ပေ။ မြေးဖြစ်သူ ကိုထက်သူရဇော်က ဦးထွန်းမြအတွက် အွန်လိုင်းကတစ်ဆင့် ဆရာဝန်နှင့်ဆွေးနွေးခဲ့ပြီး သန်လျင်မြို့ရှိ နေအိမ်မှာပင် လိုအပ်သည့်ဆေးများရရှိအောင် စီစဉ်ပေးခဲ့သည်။
ဇူလိုင် ၇ရက်တွင် ဦးထွန်းမြ၏ သွေးတွင်းအောက်ဆီဂျင်ပမာဏ ထိုးကျလာသည်။ ကိုထက်သူရဇော်သည် အသက် ၇၂နှစ်အရွယ် အဖိုးဖြစ်သူ၏အသက်ကို ကယ်တင်ရန် အောက်ဆီဂျင်စလင်ဒါအိုးတစ်ခုကို အသည်းအသန်ရှာဖွေရတော့သည်။ တစ်နာရီကြာ ကားမောင်းသွားရသော ရန်ကုန်မြို့လယ်ရှိ ပရဟိတအဖွဲ့အစည်းတစ်ခုထံမှ အောက်ဆီဂျင် ရရှိခဲ့သည်။
အဖိုးဖြစ်သူအတွက် အောက်ဆီဂျင်ရရှိရေး လုံးပန်းနေရစဉ်မှာပင် ဆေးရုံတွင်ကုသမှုခံယူနေသော ဖခင်ဖြစ်သူသည် ဇူလိုင် ၁၁ရက်က ကိုဗစ်-၁၉ဖြင့်ပင် သေဆုံးသွားခဲ့သည်။ နောက်တစ်နေ့မနက်တွင် အဖိုးဖြစ်သူအတွက် အောက်ဆီဂျင်လာပို့မည့် ပရဟိတအဖွဲ့သည် ၎င်းတို့၏ အောက်ဆီဂျင်စလင်ဒါအိုးများ ဖြည့်တင်းရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသောကြောင့် အချိန်မှီရောက်မလာခဲ့ပေ။
ထိုစဉ်တွင် သူသည် အဖိုးဖြစ်သူ၏ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၄၀ နှင့် ၃၅ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းပြီး ကွယ်လွန်သွားသည်ကို နာကျင်စွာ ထိုင်ကြည့်ခဲ့ရသည်။ ဦးထွန်းမြ သေဆုံးပြီး ၁၀မိနစ်ခန့် အကြာတွင်မှ အောက်ဆီဂျင်စလင်ဒါ သုံးလုံး ၎င်းတို့အိမ်သို့ရောက်ရှိလာခဲ့သည်။
“၂၄နာရီအတွင်း ကျနော်က အဖိုးရော၊ အဖေရောကို ဆုံးရှုံးလိုက်ရတယ်။ သူတို့မရှိတော့ ကျနော့်အနာဂတ်တွေ ပျောက်ဆုံးသွားသလိုပဲ။ ကျနော်တို့လိုပဲ ရန်ကုန်တိုင်းအတွင်းက တခြားမိသားစုတွေလည်း အောက်ဆီဂျင်ရှားပါးလို့ အခက်တွေ့နေကြတာပဲ”ဟု ကိုထက်သူရဇော်က ဖရွန်းတီးယားမြန်မာကို ပြောသည်။
ဦးမောင်ကိုနှင့် ဦးထွန်းမြတို့ သားအဖနှစ်ဦးသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်းရိုက်ခတ်မှုကို ဆိုးရွားစွာခံစားရသည့် သောင်းနှင့်ချီသော ကိုဗစ်ကပ်ဆိုး၏ သားကောင်များထဲမှ နှစ်ဦးသာ ဖြစ်သည်။ ကိုဗစ်-၁၉တတိယလှိုင်းသည် မြန်မာနိုင်ငံကို ရိုက်ခတ်လာသည်မှာ သီတင်းပတ် ခုနှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ တရားဝင်စာရင်းများအရ ဇွန်နှင့် ဇူလိုင်လအတွင်း ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၆,၀၀၀ခန့် ရှိသော်လည်း ဦးထွန်းမြကဲ့သို့ နေအိမ်တွင်သေဆုံးသူများကို ရေတွက်ထားခြင်း မရှိပေ။ စစ်ကောင်စီ၏စာရင်းများသည် ဆေးရုံတွင် သေဆုံးသူများကိုသာ ထည့်သွင်းတွက်ချက်ထားသည်။
ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်း၊ ကိုဗစ်-၁၉ကို အကန့်အသတ်ဖြင့်သာ စစ်ဆေးနိုင်ခြင်း၊ အာဏာပိုင်အဖွဲ့အစည်းများကို အများပြည်သူ အယုံအကြည်ကင်းမဲ့ခြင်း၊ ကာကွယ်ဆေးပမာဏ အနည်းအကျဉ်းသာ ထိုးပေးနိုင်ခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် အာဏာသိမ်းမှု မဖြစ်ပွားလျှင်ပင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကို ခံရနိုင်သည့် အလားအလာက ရှိနေခဲ့သည်။ သို့သော် ကိုဗစ်-၁၉ဗိုင်းရပ်စ်က အလျင်အမြန်ပြန့်ပွားလာခြင်းနှင့် ဖြစ်ပွားသူ ဦးရေများပြားလာခြင်းတို့ကြောင့် အပြင်းအထန်ရောဂါလက္ခဏာ ခံစားနေရသူများအတွက် အောက်ဆီဂျင်အများအပြား လိုအပ်လာသည်။
လူနာတစ်ဦး၏ သွေးတွင်းအောက်ဆီဂျင် ပမာဏ ၉၀ရာခိုင်နှုန်းအောက် ကျဆင်းသောအခါ လူနာကိုအောက်ဆီဂျင် အပိုပေးရသည်။ ယခု အောက်ဆီဂျင်အများအပြားလိုအပ်နေခြင်းသည် ဆေးရုံများက လူနာကို အောက်ဆီဂျင် ၉၀ရာနှုန်းအောက် ဆိုးရွားစွာမကျမချင်း ဆေးရုံတွင် လက်ခံကုသပေးရန် ငြင်းဆန်ခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် လူနာအများအပြားသည် နေအိမ်တွင်သာ ဆေးကုသမှုခံယူကြပြီး လိုအပ်သော အောက်ဆီဂျင်ရရှိရန် မိသားစုဝင်များက ပရဟိတ အဖွဲ့အစည်းများကို အားကိုးနေရသည်။
ဖရွန်းတီးယားမြန်မာက ပရဟိတနှင့် နာရေးကူညီမှုအသင်း ၁၅ခုကို ဆက်သွယ်မေးမြန်းခဲ့ရာ အာလုံးကနေအိမ်တွင် ကုသနေသော ကိုဗစ်လူနာများတိုးလာသည်နှင့်အတူ အောက်ဆီဂျင်လိုအပ်မှု ထပ်မံတိုးမြင့်လာဖွယ်ရှိသည်ဟု ဆိုကြသည်။
ဒေါ်သန်းသန်းစိုးသည် လူနာတင်ယာဉ်ငါးစီးဖြင့် ရန်ကုန်အရှေ့ပိုင်းတွင် “ရှင်သန်ခွင့် ပရဟိတနာရေးကူညီမှုအသင်း” ကို တည်ထောင်ထားသူဖြစ်သည်။ သူ၏ ပြောဆိုချက်အရ ဇူလိုင် ၁ရက်မှ ၂၃ရက်အထိ ၎င်းတို့အသင်းက ဆေးရုံသို့ပို့ဆောင်ပေးသော ကိုဗစ်သံသယလူနာ အနည်းဆုံး ၁၅၀ခန့် မှာ ဆေးရုံမရောက်ခင် လမ်းပေါ်မှာပင် သေဆုံးသွားခဲ့သည်။ ကပ်ရောဂါ အခြေအနေက ပိုမိုဆိုးရွားလာသောအခါ အောက်ဆီဂျင်လိုအပ်နေသောလူနာ အရေအတွက်သည်လည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။
အောက်ဆီဂျင်လိုအပ်ချက် ပိုမိုမြင့်တက်လာသည်နှင့်အမျှ ပြည့်မီစွာ ထောက်ပံ့ပေးနိုင်ရန်မှာ ပိုမိုခဲယဉ်းလာခဲ့သည်။ ဇူလိုင်လလယ်တွင် စစ်ကောင်စီသည် အများပြည်သူထံ အောက်ဆီဂျင်ရောင်းချမှုကို စတင်ကန့်သတ်ခဲ့သည်။ ဇူလိုင် ၂၈ရက်တွင် စစ်ကောင်စီသည် မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေး ကော်မတီ၏ ထောက်ခံချက်ပါသူများကိုသာ ပြန်လည်ဖြည့်တင်းပေးရန် စက်ရုံများအား ညွှန်ကြားခဲ့သည်။
လူမှုကူညီရေးအသင်းများနှင့် နာရေးကူညီမှုအသင်းများသည် ထိုကန့်သတ်ချက်များကို ရှုတ်ချကြသည်။ စစ်ကောင်စီက အောက်ဆီဂျင်ကို လုံလောက်စွာခွင့်ပြု မပေးသောကြောင့် နေအိမ်တွင်မလိုအပ်ဘဲ ကိုဗစ်လူနာများ ပိုမိုသေဆုံးရနိုင်သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ယူတာပြည်နယ်၊ ဆော့လိတ်ခ်စီးတီးရှိ Nelson Labs မှ အနုဇီဝပညာရှင် ဒေါက်တာ ခင်ဇာဝင်းပြည့်က လူနာများအရေးပေါ် ကုသမှုရှာဖွေရာတွင် နှောင့်နှေးစေသော ကန့်သတ်ချက်များဟု အဆိုပါကန့်သတ်မှုကို ဝေဖန်ထားသည်။
ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးမှုနည်းပါးခြင်းနှင့် လူနာနှင့်ထိတွေ့သူများကို ခြေရာခံမှုမလုပ်ဆောင်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ကူးစက်မှုများနှင့် သေဆုံးမှုများ ပိုမိုကြုံရနိုင်သည်ဟု သူက ဆိုသည်။
“လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က သူတို့ရဲ့ မိဘတွေကိုကာကွယ်ပေးနိုင်မယ်လို့ လူတွေက မထင်ကြဘူး။ လူတွေက ကယ်ရာမဲ့နေတာ။ ဒီတော့ နေအိမ်မှာပဲကုသဖို့ ဆုံးဖြတ်လိုက်ကြတယ်”ဟု ဒေါက်တာ ခင်ဇာဝင်းပြည့်ကပြောသည်။
အောက်ဆီဂျင် အကျပ်အတည်း
အောက်ဆီဂျင်ရှာပါးမှု အကျပ်အတည်းကို ဖြေရှင်းပေးရန် စစ်ကောင်စီသည် သီတင်းပတ်များစွာနှောင့်နှေးခဲ့သည်။ ဇူလိုင် ၁၂ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးညှိနှိုင်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်ဆီဂျင်မလုံလောက်ဟူသည့် ပြောဆိုချက်ကို ငြင်းဆိုခဲ့သည်။
“လူတွေက အောက်ဆီဂျင် ပြတ်လပ်နေတယ်လို့ ဝေဖန်နေကြတယ်။ ကျနော်တို့မှာ အောက်ဆီဂျင် အလုံအလောက်ရှိပါတယ်။ လူတွေက စိုးရိမ်ပြီးလိုက်ဝယ်နေကြလို့ပါ”ဟု သူကပြောသည်။ အောက်ဆီဂျင်မလုံလောက်ဘူးဆိုသည့် ကောလဟလများ မဖြန့်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးသည်။
သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်မလုံလောက်သည်ကို အလွယ်တကူ သင်္ချာနည်းဖြင့် တွက်ကြည့်လျှင်ပင် သိနိုင်သည်ဟုဆိုသည်။
မြန်မာနိုင်ငံသည် ဇူလိုင်လတွင် တစ်ရက်လျှင် ပျမ်းမျှ လူ ၄,၅၀၀ခန့် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရသည်။ ဇူလိုင် ၁၄ရက်တွင် အမြင့်ဆုံးအဖြစ် တစ်ရက်တည်းတွင် လူ ၇,၀၀၀ ကျော် ကူးစက်ခံခဲ့ရသည်။ ကိုဗစ် စစ်ဆေးမှုများ အများအပြားမလုပ်ဆောင်နိုင်ခြင်းနှင့် စစ်ဆေးမှုအားလုံး၏ ၃၅ ရာခိုင်နှုန်းသည် အတည်ပြုလူနာဖြစ်နေသောကြောင့် ကိုဗစ်ကူးစက်မှုအနေအထားသည် ၎င်းထက် အဆပေါင်းများစွာပိုများနေနိုင်သည်။
ဒေါက်တာဇော်ဝေစိုးက ကူးစက်ခံရသူအားလုံး၏ ငါးပုံတစ်ပုံခန့်သည် ပြင်းထန်သော ရောဂါလက္ခဏာကို ခံစားရနိုင်ပြီး အောက်ဆီဂျင်လိုအပ်နိုင်ကြောင်းပြောသည်။ ကိုဗစ်ကပ်ရောဂါ အပြင်းအထန်ခံစားနေရသူသည် ပြန်လည်နလံထူလာမည့် ၁၀ရက်တာကာလအတွင်း တစ်နေ့လျှင် အောက်ဆီဂျင်စလင်ဒါ နှစ်လုံး လိုအပ်နိုင်သည်။
၂၀၂၀ပြည့်နှစ်၊ သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ဒေါက်တာဇော်ဝေစိုးသည် ရန်ကုန်တွင် ကိုဗစ်-၁၉တုံ့ပြန်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုစဉ်က တာဝန်ရှိသူများသည် ကိုဗစ်ကူးစက်ခံရသူအရေအတွက်ပေါ် အခြေခံပြီးလိုအပ်သော အောက်ဆီဂျင်စလင်ဒါ အရေအတွက်ကို တွက်ချက်ကာ နေ့စဉ်မပြတ်လပ်အောင် လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။
“အောက်ဆီဂျင် အလုံအလောက်ရှိပါတယ်လို့ ပြောတဲ့လူကတော့ ဒီတွက်ချက်မှုကို သိမယ်တောင် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုအကြံပေးနေသူတွေကလည်း အသုံးမကျတဲ့ဆရာဝန်တွေမို့ပါ”ဟု ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၁၈ရက်တွင် Myanmar Now သတင်းဌာနကို ပြောကြားခဲ့သည်။
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ဆီဂျင် ပြတ်လပ်မှုမရှိပါဘူးဟု ပြောဆိုနေသော်လည်း စစ်တပ်သည် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများ၏ အောက်ဆီဂျင်ဖြန့်ဝေနေမှုကို ထိန်းချုပ်ရန် လုပ်ဆောင်လာခဲ့သည်။
ဇူလိုင်လ ၁၂ရက်၊ နေပြည်တော်တွင်လုပ်ဆောင်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရသည် အောက်ဆီဂျင်များကို ဆေးရုံ၊ ဆေးခန်းများသို့ ဦးစားပေးထောက်ပံ့နေသည်ဟု ဝန်ခံထားသည်။ အောက်ဆီဂျင်များကို စျေးမတန်တဆတင်ကာ ရောင်းချနေပြီး ပြည်သူများကလည်း စုပြုံဝယ်ယူစုဆောင်းနေသည်ဆိုသည့် တိုင်တန်းချက်များရရှိထားသည်ဟု ၎င်းကဆိုသည်။
ပြည်သူအများသည် အောက်ဆီဂျင်ကို မလိုအပ်ဘဲ ဝယ်ယူစုဆောင်းနေပြီး အောက်ဆီဂျင် အမှန်တကယ်လိုအပ်သူများသည် မြို့နယ်ကျန်းမာရေးမှူး၏ ထောက်ခံစာဖြင့် ဝယ်ယူနိုင်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။
ထိုကန့်သတ်ချက်များကြောင့် ရန်ကုန်နှင့်တခြားမြို့ကြီးများတွင် ပြည်သူများသည် နေမကောင်းနေသောမိသားစုဝင်များအတွက် အောက်ဆီဂျင်ကို အသည်းအသန် ရှာဖွေနေရသည်။ လူအများအပြားသည် ၎င်းတို့၏ မိသားစုဝင်များ အောက်ဆီဂျင်လိုအပ်နေကြောင်း လူမှုကွန်ရက်ပေါ်တွင်လည်း ရေးသားကာ အကူအညီရှာဖွေကြသည်။ စိတ်မကောင်းစရာကောင်းသည်မှာ လူမှုကွန်ရက်တွင် အကူအညီတောင်းမှုကို ရေးသားပြီးနောက် များမကြာမီတွင် လူနာသေဆုံးသွားပြီဖြစ်ကြောင်း၊ အောက်ဆီဂျင်မလိုအပ်တော့ကြောင်း ပိုစ့်များ ထပ်တက်လာခြင်းဖြစ်သည်။
ဇူလိုင်လအတွင်း ဖရွန်းတီးယားမြန်မာသည် ကိုဗစ်-၁၉ သံသယလူနာ ၁၅ဦး၏ ဆွေမျိုးများနှင့် တွေဆုံမေးမြန်းခဲ့ရာ အားလုံးက နေအိမ်တွင်သာ အောက်ဆီဂျင်ရှူကာ အဆင်ပြေသည့်နည်းလမ်းဖြင့် ကုသနေကြသည်။ ၎င်းတို့သည် အစိုးရဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများသို့ သွားရောက်နိုင်ခဲ့ခြင်းမရှိပေ။ ၎င်းတို့ထဲမှ သုံးဦးသာ ပြန်လည်နေကောင်းလာပြီး ခုနှစ်ဦးမှာ အောက်ဆီဂျင်ပြတ်လပ်မှုဖြင့် သေဆုံးသွားခဲ့ကြသည်။ လူနာငါးဦးသည် အောက်ဆီဂျင်ပေး၍ ကုသမှုဆက်လက်ခံယူနေရဆဲဖြစ်သည်။
အခြား ကိုဗစ်-၁၉ကူးစက်မှုများသော မန္တလေး၊ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့တို့တွင်လည်း အောက်ဆီဂျင်ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ယင်းဒေသအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် နာရေးကူညီမှုအသင်းများကပြောသည်။
“အောက်ဆီဂျင်ပြတ်လပ်မှုက မန္တလေးမှာ ကြုံနေရဆဲပဲ။ ကျနော်တို့ မြို့နယ်ထဲက အောက်ဆီဂျင်လိုအပ်တဲ့ လူနာ ၁၀၀မှာ ၄၀ လောက်ကို နေ့တိုင်း အောက်ဆီဂျင်တွေ လှူပေးနိုင်တယ်”ဟု မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ပရဟိတဒါရီအလှူအသင်း၏ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတကာလေ့လာသူများကမူ စစ်ကောင်စီသည် ကိုဗစ်-၁၉ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုကာ အများပြည်သူကို နှိပ်စက်နေသည်ဟု ဝေဖန်ထားပြီး အများစုက ထိုကန့်သတ်ချက်များကို ဆန့်ကျင်ကြသည်။
အောက်ဆီဂျင်ဖြန့်ဝေမှုကို ထိန်းချုပ်ခြင်း
ဇူလိုင်တစ်လလုံးတွင် တောင်ဒဂုံမြို့နယ်ရှိ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံ သုံးခုဖြစ်သော နိုင်မိသားစု၊ ဧရာစံနှင့် မိတ်ဆက်စက်ရုံတို့တွင် ရန်ကုန်တစ်မြို့လုံးက လူပေါင်း ၃၀၀၀ခန့်သည် နေ့စဉ်စုရုံးကာ အောက်ဆီဂျင်ပြန်လည်ဖြည့်တင်းရန် တန်းစီခဲ့ကြသည်။
ဇူလိုင်လ ၁၂ရက်တွင် ဖရွန်းတီးယားမြန်မာက မိတ်ဆက်အောက်ဆီဂျင်စက်ရုံကို သွားရောက်ခဲ့ကာ အောက်ဆီဂျင်ရရှိရန် စောင့်ဆိုင်းနေသူအချို့နှင့် တွေ့မေးမြန်းခဲ့သည်။ သင်္ဃကျွန်းမြို့နယ်က ကိုသန့်ဇင်သည် ၎င်း၏အဖွားအတွက် အောက်ဆီဂျင်ဖြည့်တင်းရန် တန်းစီနေသည်။
“အဖွားက အောက်ဆီဂျင်နေ့တိုင်း လိုအပ်နေတာကြောင့် လာစောင့်နေတာ။ စလင်ဒါနှစ်လုံးဖြည့်ဖို့ တစ်နေကုန် စောင့်ရတယ်”တယ်ဟု ကိုသန့်ဇင်ကပြောသည်။
အာဏာပိုင်များက အများပြည်သူကို အောက်ဆီဂျင်ရောင်းချမှု ကန့်သတ်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တောင်ဒဂုံမြို့နယ်မှ ထိုစက်ရုံများသည် ဇူလိုင်လ တစ်လလုံးနီးပါး အောက်ဆီဂျင်အိုးများ ဆက်လက်ဖြည့်တင်းပေးခဲ့သည်။
“လုံခြုံရေးတပ်တွေက အောက်ဆီဂျင်ရောင်းနေတာကို လာမတားပါဘူး။ နေ့တိုင်းဖြည့်ပေးနေတယ်။ ဒါပေမဲ့ အောက်ဆီဂျင်လိုအပ်တဲ့ လူတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလာတယ်”ဟု မိတ်ဆက်အောက်ဆီဂျင်စက်ရုံမှ အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦးက ပြောသည်။
သို့သော် ဇူလိုင် ၂၈ရက်တွင် အခြေအနေများက ပြောင်းသွားခဲ့သည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ရန်ကုန်မြို့ရှိ အောက်ဆီဂျင်စက်ရုံများကို ရပ်ကွက်အာဏာပိုင်များ၏ ထောက်ခံစာပါရှိသူများကိုသာ အောက်ဆီဂျင်ဖြည့်တင်းပေးရန် အမိန့်ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် အောက်ဆီဂျင်စက်ရုံများတွင် တန်းစီစောင့်ဆိုင်းသူများ လျော့နည်းသွားရုံမက စက်ရုံများကလည်း ထောက်ခံစာပါသူများကိုသာ အောက်ဆီဂျင်ရောင်းချမည်ဟု ကြေညာစာများကပ်ထားကြသည်။
ဇူလိုင် ၂၀ ရက်နေ့တွင် စစ်ကောင်စီသည် အောက်ဆီဂျင်ဝယ်ယူရန် ထောက်ခံစာများထုတ်ပေးရန်နှင့် အောက်ဆီဂျင်ရောင်းချမှုကို ထိန်းချုပ်ရန် မြို့နယ်နှင့် ရပ်ကွက်အဆင့် အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုမြို့နယ်ကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြား အရာထမ်းများ၊ ရပ်ကွက်လူကြီးများနှင့် လူမှုကူညီရေးအသင်းများ ပါဝင်သည်။
အောက်ဆီဂျင်လိုအပ်သူများသည် ၎င်းတို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာကို လိုအပ်သော စာရွက်စာတမ်းများပေးကာ တောင်းခံရသည်။ ယင်းတို့တွင် လူနာ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ သန်းခေါင်စာရင်းနှင့် ဓာတ်ပုံအပြင် လူနာ၏ အောက်ဆီဂျင်ပမာဏနှင့် စလင်ဒါအိုး အရေအတွက် စသည်တို့ကိုဖော်ပြရသည်။
ခွင့်ပြုထောက်ခံစာရရှိပါက လူနာကို ရပ်ကွက်အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီက သတ်မှတ်ထားသော အောက်ဆီဂျင်ပမာဏကို ထောက်ပံ့ပေးသည်။
လိုအပ်သော စာရွက်စာတမ်းများပြနိုင်သူအတွက် ထောက်ခံစာရရှိရန် ရိုးရှင်းလွယ်ကူသည်ဟု ထင်ရသော်လည်း လူမှုကူညီရေးအသင်းများနှင့် လူနာရှင်များက ထိုစနစ်ကို သဘောမကျကြပေ။
မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံနှင့် သာကေတမြို့နယ်များမှ အောက်ဆီဂျင်ထောက်ခံစာရရှိသူများကို ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့ရာ ကော်မတီအားလုံးက အောက်ဆီဂျင်လုံလောက်စွာ မပေးနိုင်ဟု ပြောကြသည်။
ရက်ကွက်ကော်မတီသည် လူနာတစ်ဦးလျှင် ၁၀လီတာ သို့မဟုတ် ၁၅ လီတာအောက်ဆီဂျင်အိုးများသာ ဖြည့်ပေးကြောင်း ဆက်သွယ်မေးမြန်းခဲ့သည့် လူငါးဦးစလုံးက ပြောသည်။ သို့သော် ထိုအိုးများကိုပင် အောက်ဆီဂျင်အပြည့် မဖြည့်ပေးနိုင်ကြဟု ၎င်းတို့ကဆိုသည်။
“ကျနော့်မိတ်ဆွေအတွက် ၄၀လီတာဝင်အိုး လေးလုံးလိုအပ်နေတာ။ ဒါကြောင့် အောက်ဆီဂျင်လှူတဲ့ ပရဟိတအဖွဲ့တွေဆီက ယူရတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ဦးတိုးတိုးနိုင်က ပြောကြားသည်။ “လူနာအတွက် အောက်ဆီဂျင်ရရှိဖို့က ပိုပိုခက်ခဲလာတယ်။ ဒီလို အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် လူအသေအပျောက် ပိုများလာနိုင်တယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့က လူမှုကူညီရေးနှင့် နာရေးကူညီမှုအသင်းငါးခုက အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီသည် ၎င်းတို့ကို တစ်နေ့လျှင် ၄၀လီတာဝင် အိုးနှစ်လုံးသာ ဖြည့်ပေးသည်ဟု ဆိုသည်။
“တစ်နေ့ အောက်ဆီဂျင်နှစ်အိုးဆိုတာ လူနာတွေကို လူနာတင်ယာဉ်နဲ့သယ်ရာမှာ သုံးရင်တောင် မလောက်ဘူး”ဟု မြောက်ဥက္ကလာမြို့နယ်က လူမှုကူညီရေးအသင်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခုချိန်မှာ လူမှုကူညီရေးနဲ့ပရဟိတအသင်းတွေတောင် အောက်ဆီဂျင် အလုံအလောက်မရဘူး။ ဒီတော့ လိုအပ်နေတဲ့လူနာတွေလည်း မကူညီနိုင်ဘူး”ဟု သူကပြောသည်။
မနိုင်မနင်းဖြစ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု
စစ်ကောင်စီက ဇူလိုင်လအစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အမိန့်အရ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် ကိုဗစ်-၁၉ရောဂါလက္ခဏာပြသနေသူများသည် ၎င်းတို့နေထိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများ သို့မဟုတ် ဆေးရုံများသို့ သတင်းပို့ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ကုတင်စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ၎င်းတို့ကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ သို့မဟုတ် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ပို့ရမည်ဖြစ်သည်။
ဇူလိုင် ၁၈ရက်တွင် ပြုလုပ်သော ကိုဗစ်-၁၉ညှိနှိုင်းရေး အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူနာ ၆၉, ၈၀၀ အတွက် ကွာရန်တင်းစင်တာ ၁,၉၃၄ခု၊ လူနာ ၄၆,၀၀၀ နီးပါးဆံ့သော ကုသရေးဌာန ၁,၁၁၄ ခုကို အသင့်ပြင်ဆင်ထားသည်ဟု ပြောဆိုထားသည်။ ထို့ပြင် ပြည်သူ့ဆေးရုံများတွင်လည်း ကုသပေးနိုင်ကြောင်း ၎င်းကဆိုခဲ့သည်။
ကိုဗစ်-၁၉ရောဂါပြင်းထန်စွာ ခံစားနေရသော လူနာများနှင့် အရေးပေါ်လူနာများသည် အနီးဆုံးပြည်သူ့ဆေးရုံ သို့မဟုတ် ကိုဗစ်-၁၉ကုသရေးစင်တာများသို့ တက်ရောက်ကုသမှု ခံယူနိုင်ပါသည်ဟုလည်း သူကပြောဆိုခဲ့သည်။
“လူနာက သိပ်ရောဂါ မပြင်းထန်းဘူးဆိုရင်တော့ ဆေးရုံမှာ လူနာကုတင်နေရာရဖို့ စောင့်ရနိုင်ပါတယ်။ တစ်ခါတစ်လေလည်း ရက်အတော်ကြာစောင့်ရတတ်ပါတယ်။ သိပ်ဝေဒနာပြင်းထန်နေတဲ့ လူနာတွေကိုတော့ အဲဒီနေ့မှာပဲ ဆေးရုံတင်နိုင်အောင် လွှဲစာရေးပေးလိုက်ပါတယ်”ဟု တောင်ဒဂုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်း ဇူလိုင်လ ၁၈ရက်က ဖရွန်းတီးယားမြန်မာကိုပြောသည်။
သို့သော် အမှန်တကယ်တွင်မူ ကိုဗစ်-၁၉ကုသရေးစင်တာများနှင့် အစိုးရဆေးရုံများတွင် လူနာများဖြင့် ပြည့်လျှံနေပြီဖြစ်ရာ စိုးရိမ်စရာကောင်းလောက်အောင် အောက်ဆီဂျင်ပမာဏကျနေသော လူနာများကိုပင် လက်မခံနိုင်တော့ဘဲ အိမ်ပြန်လွှတ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့များက ပရဟိတအဖွဲ့များနှင့် လူနာရှင်မိသားစုများက ပြောပြကြသည်။
“ဆေးရုံတွေမှာ ကုတင်လွတ်တွေလည်းမရှိ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိပါဘူး”ဟု ရှင်သန်ခွင့်လူမှုကယ်ဆယ်ရေးနှင့်နာရေးကူညီမှုအဖွဲ့က မသန်းသန်းစိုးကပြောသည်။
သူက ဝေဒနာအပြင်းအထန် ခံစားနေရသောလူနာများစွာကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ဖူးသည်။ သို့သော် လက်ခံထားစရာ ကုတင်မရှိ၍ အိမ်သို့ ပြန်ခေါ်သွားရန်သာပြောပြီး ငြင်းဆိုခံရသည်က များသည်။ သုံးပုံတစ်ပုံခန့် ပမာဏရှိသော လူနာများမှာ ယင်းသို့ ငြင်းလွှတ်ခံရပြီး အိမ်ပြန်ပို့ဆောင်ပေးစဉ် လူနာတင်ကားပေါ်မှာတင် သေဆုံးသွားခဲ့ကြကြောင်း မသန်းသန်းစိုးကပြောသည်။
သာကေတမြို့နယ်က ဒေါ်သီတာစိုးသည် ကိုဗစ်-၁၉ ရောဂါဖြင့် အောက်ဆီဂျင်၆၀ရာနှုန်းအောက် ကျနေသည့် ညီမဖြစ်သူ ဒေါ်တင်တင်နွယ်ကို ဇူလိုင်၇ရက်က မြောက်ဥက္ကလာပဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ဆေးရုံက လက်မခံခဲ့ပေ။
“မြို့နယ်ဆရာဝန်ဆီက ဆေးရုံတက်ခွင့်လက်မှတ်သွားတောင်းဖို့ လိုတယ်။ နောက်ပြီး ဆေးရုံမှာ နေရာရဖို့လည်း စောင့်ရလိမ့်မယ်လို့ ဆရာဝန်ကပြောပါတယ်။ နောက်ထပ် ဘယ်နှစ်ရက်တောင် စောင့်ရမယ်ဆိုတာလည်း မသေချာဘူး။ ဒါကြောင့် အိမ်မှာပဲပြန်ကုဖို့ ဆုံးဖြတ်လိုက်ပြီး ညီမအတွက် အောက်ဆီဂျင်လိုက်ရှာရတယ်။ ဆေးရုံတွေဟာ ကိုဗစ်-၁၉ရောဂါသည်တွေနဲ့ မနိုင်မနင်းဖြစ်နေပါပြီ”ဟု ဒေါ်သီတာစိုးက ပြောသည်။ ၎င်း၏ ညီမဖြစ်သူသည် ဇူလိုင် ၁၂ရက် နောက်ပိုင်းတွင် ပြန်လည်သက်သာလာခဲ့သည်။
“ဆေးရုံတွေမှာ ပြည့်နေလို့ နောက်ထပ်လူနာလက်မခံနိုင်တော့ရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အွန်လိုင်းကနေ ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေ ပေးနေသင့်ပါတယ်။ အိမ်မှာပဲ ဆေးကုသမှုခံယူနေသူတွေဟာ အောက်ဆီဂျင်ရှူဖို့ လိုအပ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ပြီး အကြံဉာဏ် ရယူသင့်ပါတယ်။ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရအောင်လို့ပါ”ဟု အနုဇီဝပညာရှင် ဒေါက်တာခင်ဇာဝင်းပြည့်က ပြောသည်။
ကွဲပြားသော တုံ့ပြန်မှု
ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ထမ်း ထောင်သောင်းများစွာသည် အကြမ်းမဖက်အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုတွင် ပါဝင်လာကြသည်။ ထို့ကြောင့် မူလကတည်းက နှေးကွေးနေသော ကာကွယ်ဆေးထိုးနှံရေး ကိစ္စသည် ပို၍တုံ့ဆိုင်းသွားခဲ့သည်။ အစိုးရကျန်းမာရေးဝန်ထမ်းများသည် စစ်တပ်အုပ်ချုပ်မှုအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်လာကြသည်။ အမျိုးသားဒီမိုကရေစီအစိုးရ၏ ကိုဗစ်-၁၉တုန့်ပြန်ရေးအစီအစဉ်တွင် အသက်သွေးကြောသဖွယ်ဖြစ်ခဲ့သော စေတနာ့ဝန်ထမ်းများလည်း စစ်တပ်အုပ်ချုပ်မှုအောက်တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ကိုင်ခြင်းမပြုဘဲ ရှောင်ရှားလာကြသည်။
ကျန်းမာရေးစောင့်လျှောက်မှုလိုအပ်နေသူများကို CDM ဆရာဝန်များနှင့် သူနာပြုများက ပြင်ပကနေ၍ တတ်နိုင်သမျှ ဆေးဝါးကုသပေးသော်လည်း ၎င်းတို့သည် စစ်ကောင်စီ၏ လိုက်လံတားဆီးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ CDM တွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းအချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
ဇူလိုင် ၂၃ရက်ကကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲတွင် စိတ်ပျက်ပုံပေါက်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သပိတ်မှောက်နေသော ဆရာဝန်များ၊ သူနာပြုများကို အလုပ်ပြန်ဆင်းရန် တိုက်တွန်းခဲ့သည်။
“ဒါက လူမှုရေး ကိစ္စပါ။ အမျိုးသားရေး ကိစ္စပါ။ ကျနော် ထပ်မံတောင်းဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းများ အားလုံးကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟု ၎င်းက ကမ်းလှမ်းခဲ့သည်။
သို့တိုင် CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုကမူ ထိုတောင်းဆိုချက်ကို လျစ်လျူရှုခဲ့သည်။
“စစ်တပ်က ကိုဗစ်-၁၉ကပ်ရောဂါကို ထိန်းချုပ်ရန် ပျက်ကွက်တယ်ဆိုပြီး CDM ဆရာဝန်တွေကို အပြစ်တင်တယ်။ ဒါပေမဲ့ စစ်ကောင်စီက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာရှင် လုပ်အားပေးတွေကို ဖမ်းဆီး၊ သတ်ဖြတ်ထောင်ချတာတွေလုပ်ဆောင်နေတယ်”ဟု မန္တလေးမြို့တွင် CDM လုပ်ဆောင်နေသော လုံခြုံရေးအရ အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “စစ်သားတွေ စစ်တန်းလျားပြန်ရင် ဆရာဝန်တွေလည်း ဆေးရုံကို ပြန်လာကြမှာပါ”ဟု သူကပြောသည်။
ဝန်ထမ်းအင်အားနည်းပါးမှုကို မဖြေရှင်းနိုင်သော်လည်း စစ်တပ်သည် အောက်ဆီဂျင် ပိုမိုရရှိနိုင်ရန် လုပ်ဆောင်လာသည်။ oxygen concentrator နှင့် အောက်ဆီဂျင်အရည်များအပါအဝင် ဆေးပစ္စည်းများကို လွယ်ကူစွာတင်သွင်းနိုင်အောင် လုပ်ဆောင်လာသည်။ ထိုသို့ဖြင့် ထိုဆေးပစ္စည်းများကို ရရှိလိုပါက စစ်တပ်အရာရှိများနှင့် ဆက်ဆံလာရသည်။
ဇူလိုင် ၁၅ရက်တွင် အောက်ဆီဂျင်အရည်များသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်တင်ယာဉ်များဖြင့် ရောက်ရှိလာသည်။ ၎င်းတို့ကို ရန်ကုန်မြို့ရှိ အများပြည်သူဆေးရုံများတွင် ထားရှိသည်။
ဇူလိုင်လ ၁၉ရက်တွင် ကုလသမဂ္ဂသည် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုကို တုန့်ပြန်နိုင်အောင် လုပ်ဆောင်ပေးမည်ဟု ကြေညာချက်ထုတ်ခဲ့သည်။ oxygen concentrator များနှင့် အခြားဆေးပစ္စည်းများကို ရရှိနိုင်အောင်လုပ်ဆောင်ပေးပြီး အောက်ဆီဂျင်လိုအပ်ချက်ကို လျော့ကျအောင် လုပ်ဆောင်ပေးမည်ဟုဆိုသည်။
ဇူလိုင်လ ၂၁ရက်တွင်လည်း ဥရောပသမဂ္ဂက မြန်မာပြည်သူများအတွက် စာနာထောက်ထားကြောင်း ဖော်ပြခဲ့ပြီး Global Fund၊ COVAX နှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ၊ အောက်ဆီဂျင်ထောက်ပံ့မှုများ၊ ကိုဗစ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများကို နှစ်ဆတိုးကာ လုပ်ဆောင်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုဗစ်-၁၉ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ပြဿနာကို ဖြေရှင်းရန် စစ်ကောင်စီအဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) က တည်ထောင်ထားသော ကိုဗစ်-၁၉တုန့်ပြန်ရေးရန်ပုံငွေကို တောင်းခံရန်လည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ကိုဗစ်-၁၉ကို တုန့်ပြန်နေကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလာသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တစ်ခုကို စတင်လုပ်ဆောင်ရန် ကတိပြုထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံလူဦးရေ၏ ၂၀ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ သို့သော် ၎င်းအစီအစဉ်နှင့် ပတ်သက်ပြီးအသေးစိတ် မသိရသေးပေ။
ယခုအချိန်တွင်မူ ပရဟိတအဖွဲ့များသည် လူနာများ အသက်ရှင်သန်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားနေရသည်။
“ကျနော်တို့ ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့တွေတောင် အောက်ဆီဂျင်အလုံအလောက်မရှိဘူး။ မနက်ကနေ ညမိုးချုပ်တဲ့အထိ အောက်ဆီဂျင်အိုးဖြည့်ဖို့ စောင့်နေရဆဲပဲ”ဟု ရှင်သန်ခွင့် ပရဟိတအဖွဲ့မှ မသန်းသန်းစိုးက ပြောသည်။
“အဖွဲ့မှာရှိတဲ့ အောက်ဆီဂျင်က လိုအပ်နေသူ အားလုံးအတွက်မလောက်ဘူး။ နေမကောင်းနေတဲ့ မိသားစုဝင်အတွက် ကျမတို့ဆီက အောက်ဆီဂျင်ကို ငိုကြွေးပြီးတောင်းခံနေကြတာ မြင်ရတာစိတ်မကောင်းဘူး။ ကျမတို့လည်း ပေးချင်တာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ”ဟု သူက စိတ်ပျက်စွာ ရေရွတ်ရင်း ပြောဆိုသည်။