ဇူလိုင်၁၃ရက်က တောင်ဒဂုံမြို့နယ်ရှိ မိတ်ဆက်စက်ရုံတွင် အောက်ဆီဂျင်ဖြည့်တင်းရန် စောင့်ဆိုင်းနေသူများကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်ထိန်းချုပ်ရေးကတစ်ဆင့် အာဏာခိုင်မြဲရန်ကြိုးပမ်းလာသည့် စစ်ကောင်စီ၏ မအောင်မြင်သောခြေလှမ်းများ

စစ်ကောင်စီသည် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကို အသုံးချကာ ဒေသန္တရအုပ်ချုပ်ရေးကို ခိုင်မာအားကောင်းရန် ကြိုးပမ်းနေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများသည် လူထု၏ ပြင်းထန်သည့်ကန့်ကွက်မှုနှင့် လုပ်ကြံသတ်ဖြတ်ခံရနိုင်သည့် အခြေ​အ​နေများကြားတွင် စိုးရိမ်ပူပန်စွာဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရသည်။

ဖရွန်းတီးယားမြန်မာ

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းမှုခြောက်လပြည့်သည့် သြဂုတ် ၁ရက်တွင် အိမ်စောင့်အစိုးရကိုဖွဲ့စည်းလိုက်ပြီး သူ့ကိုယ်သူဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ လက်ရှိရယူထားသော အာဏာနှင့်သူ၏လုပ်ပိုင်ခွင့်ကို ပိုမိုအားကောင်းစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့သည့် စစ်တပ်၏ ကြိုးပမ်းမှုဖြစ်သည်။

စစ်ကောင်စီသည် ထိပ်ပိုင်းခေါင်းဆောင်များကို အပြောင်းအလဲလုပ်လိုက်သည့်အပြင် ကိုဗစ်-၁၉ကပ်ရောဂါ တိုက်ဖျက်ရေးကိုအသုံးချကာ အောက်ခြေအဆင့်အုပ်ချုပ်ရေးပိုင်းတွင် အားကောင်းလာရန်လည်းလှုပ်ရှားနေသည်။

ဇူလိုင် ၁၂ရက်ကကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏နိုင်ငံရေးပြိုင်ဘက်များအား ကိုဗစ်-၁၉နှင့် အောက်ဆီဂျင်လိုအပ်ချက်ကို နိုင်ငံရေးအတွက် အသုံးမချရန် သတိပေးခဲ့သည်။ လက်တွေ့တွင် ကိုဗစ်-၁၉ကို နိုင်ငံရေးအတွက်အသုံးချသူမှာ စစ်ကောင်စီပင်ဖြစ်နေကြောင်း မြေပြင်အခြေအနေများက ဖော်ပြနေသည်။

အောက်ဆီဂျင်ဖြန့်ဖြူးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းအပြင် ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ဆက်စပ်သည့်လုပ်ပိုင်ခွင့်များကို စစ်ကောင်စီကခန့်အပ်ထားသော ဒေသဆိုင်ရာအာဏာပိုင်များထံ အပ်နှင်းခြင်းအားဖြင့် အောက်ခြေအဆင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးစနစ်ကို အသက်ဝင်လာအောင် လုပ်ဆောင်နေသည်။

ဇူလိုင် ၂၀ရက်တွင် စစ်ကောင်စီသည် ​အောက်ဆီဂျင်ဝယ်ယူရေးအတွက် ထောက်ခံစာများထုတ်​ပေးရန်နှင့် ​အောက်ဆီဂျင်ရောင်းချမှုကိုထိန်းချုပ်ရန် မြို့နယ်နှင့်ရပ်ကွက်အဆင့် ​အောက်ဆီဂျင်ထောက်ပံ့​ရေး​ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ထိုမြို့နယ်​ကော်မတီများတွင် မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် အခြားအရာထမ်းများ၊ ရပ်ကွက်လူကြီးများနှင့် လူမှုကူညီ​ရေးအသင်းဝင်များ ပါဝင်သည်။

ထို့သို့ ဖွဲ့စည်းပြီးနောက် ဇူလိုင်၂၈ရက်​တွင် စစ်ကောင်စီသည် အဆိုပါကော်မတီ၏ ​ထောက်ခံချက်ပါသူများကိုသာ အောက်ဆီဂျင်​ရောင်းချရန် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံ​များကို ညွှန်ကြားခဲ့သည်။

လက်တွေ့နှင့်ကွာဟသည့် ပြောဆိုမှုများ

ဇူလိုင်၂၄ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (လက်ရှိ ရန်ကုန်တိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်) ဦးလှစိုးက မြို့နယ်အလိုက် အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များဖွဲ့စည်းပြီးကြောင်း သူ၏လူမှုကွန်စာမျက်နှာတွင်ရေးသားခဲ့သည်။

မြို့နယ်အလိုက် အများပြည်သူသွားလာရန် လွယ်ကူသောနေရာတွင် အောက်ဆီဂျင်ဖြန့်ဝေသည့်စခန်းများ ဖွင့်လှစ်ပေးထားသည်ဟု လူထုကို သတင်းစကားပါးခဲ့သည်။ မြို့နယ်ထွေအုပ်ရုံးသို့လည်း တယ်လီဖုန်းဖြင့် ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း၊ ထောက်ခံစာယူလာရန် မလိုကြောင်းနှင့် အသုံးပြုမည့် လူနာအမည်၊ မှတ်ပုံတင်၊ အသက်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို မှတ်တမ်းရေးသွင်းကာ အောက်ဆီဂျင်တောင်းခံနိုင်ကြောင်း ဦးလှစိုးက ရေးသားထားသည်။

ကော်မတီများဖွဲ့စည်းရခြင်း အဓိကအကြောင်းအရင်းမှာ အမြတ်ကြီးစားပြန်လည်ရောင်းချသူများကို လျှော့ချရန်နှင့် အမှန်တကယ်လိုအပ်သည့် လူနာများထံ အောက်ဆီဂျင်ရောက်ရှိရန် ရည်ရွယ်ကြောင်း အာဏာပိုင်များက အကြောင်းပြချက်ပေးသည်။

သို့သော် ဦးလှစိုး၏ပြောဆိုချက်သည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူထုတောင်းဆိုသည့် အောက်ဆီဂျင်လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သဖြင့် စိတ်မသက်မသာဖြစ်နေသည်။

အကြောင်းမှာ မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီသည် ၎င်း၏ရပ်ကွက်အတွက် တစ်နေ့လျှင် ၄၀လီတာဆန့် အောက်ဆီဂျင်ဆလင်ဒါတစ်လုံးသာ ထောက်ပံ့ပေးနိုင်၍ဖြစ်သည်။ အချို့ရက်များဆိုလျှင် တစ်လုံးတစ်လေမှ မထောက်ပံ့ပေးနိုင်ပေ။

“တစ်နေ့ကို ၄၀လီတာတစ်အိုးနဲ့ လူတွေလိုအပ်ချက်ကို ဘယ်လိုကူညီပေးမလဲဗျာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ညည်းတွားသည်။ ၎င်း၏ရပ်ကွက်တွင် တစ်နေ့လျှင် အောက်ဆီဂျင်ဖြည့်သွင်းပေးရန် တောင်းဆိုသူ ၂၅ဦးခန့်ရှိသည်ဟု သူကပြောသည်။

“သူတို့လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ မိတ်ဆွေတွေနဲ့ တခြားအသင်းအဖွဲ့တွေဆီကနေ အကူအညီတောင်းရတာပဲ”ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်း၏ပြောဆိုအချက်အရ ၎င်းထံတွင် အောက်ဆီဂျင်ဖြည့်ပေးရန် လာရောက်တောင်းဆိုသူများသာရှိပြီး ပြင်ပမှ ဝယ်ယူရန်ထောက်ခံချက်လာတောင်းသူ မရှိသေးပေ။

“ကျနော်မကူညီနိုင်တော့ရင်တော့ အောက်ဆီဂျင်ထောက်ပံ့တဲ့ တခြားအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးရတာပေါ့”ဟု သူကပြောသည်။ သူ့အတွက် အားအထားရဆုံးအောက်ဆီဂျင်ရရှိရန် ကူပေးသောအဖွဲ့မှာ “စိတ္တအားမာန်” လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။

“စိတ္တအားမာန်အဖွဲ့က လူတွေက ရန်ကုန်တစ်မြို့လုံးအောက်ဆီဂျင်ပတ်ရှာရတာပေါ့။ ပြီးရင်တော့ လိုအပ်တဲ့သူတွေကို ပြန်ခွဲပေးတာမျိုးတွေလုပ်ရတယ်”ဟု အဆိုပါ အုပ်ချုပ်ရေးမှူးကပြောသည်။

မှော်ဘီမြို့နယ်၊ ကျေးရွာအုပ်စုတစ်ခုရှိ အုပ်ချုပ်ရေးမှူးကလည်း လက်ရှိအချိန်အထိ မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီထံမှ မည်သည့်အကူအညီမျှ မရသေးကြောင်း ပြောသည်။ သူ့အနေဖြင့် အောက်ဆီဂျင်ဝယ်ယူရန် ထောက်ခံချက်လိုအပ်သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များကိုသာ ထောက်ခံစာ ရေးပေးရလေ့ရှိကြောင်း ပြောသည်။

“ရွာထဲကနေ အောက်ဆီဂျင်ဝယ်ချင်လို့ဆိုပြီး သီးသန့်ထောက်ခံစာလာတောင်းတဲ့သူတော့မရှိတော့။ အောက်ဆီဂျင်ဖြည့်ပေးဖို့ လာပြောကြတယ်။ ကျနော်လည်း မကူညီနိုင်တော့ ဒေသခံပရဟိတအဖွဲ့တွေကို ဆက်သွယ်ဖို့ ညွှန်းပေးလိုက်တယ်”ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ထိုကန့်သတ်ချက်များ မထုတ်ပြန်ခင်ကပင် ကိုဗစ်တတိယလှိုင်း ပြင်းထန်စွာရိုက်ခတ်လာချိန်တွင် အောက်ဆီဂျင်လိုအပ်ချက်သည် အဆမတန်မြင့်မားခဲ့သည်။ အရေးပေါ်အခြေအနေခံစားနေရသည့် လူနာများအတွက် အောက်ဆီဂျင်ရရှိရန် တန်းစီနေသည့် လူအုပ်ကြီးကို စစ်ကောင်စီ၏လုံခြုံရေးအဖွဲ့များက ရံဖန်ရံခါ အတင်းအကျပ် လူစုခွဲစေသည့် သတင်းများလည်း ထွက်ပေါ်လာတတ်သည်။

အောက်ဆီဂျင်ပြတ်လပ်မှုကို ထိရောက်စွာဖြေရှင်းရမည့်အစား မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့များ ဖွဲ့စည်းခြင်းသည် တစ်ဦးချင်းလိုအပ်ချက်ရှိသူများနှင့် ပရဟိတအဖွဲ့များအတွက် အောက်ဆီဂျင်ရရှိရန် ပိုမိုခက်ခဲစေသည်ဟု ကျန်းမာရေးပညာရှင်များက ဝေဖန်ကြသည်။

မြို့နယ်ထောက်ပံ့ရေးကော်မတီများ၏ ထောက်ခံစာမပါလျှင် အောက်ဆီဂျင်ရောင်းပေးရန် ငြင်းဆန်သည့် စက်ရုံများရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များက ဖရွန်းတီးယားမြန်မာကိုပြောသည်။ အောက်ဆီဂျင်အမှန်တကယ်လိုအပ်ကြောင်း မြို့နယ်ဆရာဝန် (သို့) အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပြသရန် စက်ရုံများက တောင်းဆိုလေ့ရှိသည်ဟု ယင်းအဖွဲ့များကဆိုသည်။

အခြားတစ်ဖက်တွင်မူ အချို့စက်ရုံများသည် ထောက်ခံစာမပါသောသူများကိုလည်း အောက်ဆီဂျင် ရောင်းချပေးနေသည်။ သို့သော် ထောက်ခံစာပါသူများကို ဦးစားပေးရောင်းချသည်။ လက်ရှိအခြေအနေများအရ အောက်ဆီဂျင်ထောက်ပံ့ရေးကော်မတီများဖွဲ့စည်းလိုက်ခြင်းသည် အများစုအတွက် အကူအညီမရသည်မှာ အသေအချာပင်ဖြစ်သည်။

မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် ကိုအောင်အောင်ဦးနှင့်သူငယ်ချင်းတစ်စုတို့သည် စစ်ကောင်စီနှင့် ၎င်းခန့်အပ်ထားသောမြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေး ကော်မတီများသည် စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟု ဝေဖန်သည်။

မြို့နယ်ကော်မတီများနှင့် မဟာမိတ်ပြုထားသောလူမှုကူညီရေးအဖွဲ့များပင်လျှင် လိုအပ်ချက်မြင့်မားမှုကြောင့် အောက်ဆီဂျင်ရရှိရန် တန်းစီနေရဆဲဖြစ်သည်ဟု ကိုအောင်အောင်ဦးကပြောသည်။

“သူတို့က (ကော်မတီအဖွဲ့ဝင်များ) အာဏာပြချင်တာပဲရှိတာ။ အောက်ဆီဂျင်လုံလောက်အောင် ရအောင်လည်းမလုပ်ပေးနိုင်ဘူး။ နောက်တစ်ချက်က ထောက်ခံစာပြတာတောင် တန်းစီနေရမှာတော့ ကျနော်တို့က ဘာလို့ အချိန်ကုန်ခံ ထောက်ခံစာရဖို့လုပ်နေမလဲ။ ထောက်ခံစာမပါဘဲ အောက်ဆီဂျင်ရနိုင်တဲ့ တခြားနေရာတွေ အများကြီးရှိတယ်”ဟု ကိုအောင်အောင်ဦးကပြောသည်။

ယင်းအခြေအနေများသည် ရန်ကုန်မြို့တစ်နေရာတည်းတွင် ဖြစ်ပွားနေခြင်းမဟုတ်ပေ။ တိုင်းပြည်၏ အခြားနေရာများတွင်လည်း အောက်ဆီဂျင်မလုံလောက်သည့် ပြဿနာများရှိနေပြီး အာဏာပိုင်များထံက အကူအညီရရှိရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။ မန္တလေးတိုင်းတောင်ပိုင်း မိတ္ထီလာမြို့နယ်ရှိ ကိုဗစ်-၁၉ လူနာများကို ကုသပေးနေသော မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေးအသင်း၏ဥက္ကဋ္ဌကိုကျော်ကိုကိုက ကိုဗစ်-၁၉ လူနာများအတွက် ဆေးကုသမှုပေးနိုင်ရန်နှင့် အောက်ဆီဂျင်ရရှိရန် ၎င်းတို့ကိုယ်တိုင်ကြိုးစားရုန်းကန်နေရသည်ဟု ပြောသည်။

“မြို့နယ်အာဏာပိုင်တွေဆီက ဘာအကူအညီမရခဲ့ပါဘူး။ အားလုံး ကျနော်တို့ဘာသာပဲ စီမံနေရတာပါ။ အခက်အခဲတွေကတော့ အများကြီးပါပဲ”ဟု ကိုကျော်ကိုကိုက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ဖိအားအောက်က အောက်ဆီဂျင်စက်ရုံများ

ဇူလိုင်၂၈ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသည် ဒေသအာဏာပိုင်များ၏ ထောက်ခံစာပါရှိသူများကိုသာ အောက်ဆီဂျင်ရောင်းပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများကိုညွှန်ကြားခဲ့သည်။ အင်းစိန်နှင့်တောင်ဥက္ကလာပမြို့နယ်များရှိ စက်ရုံအချို့သည် အောက်ဆီဂျင်ဖြည့်လိုသူတိုင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ရှိရမည်ဟူသော ဆိုင်းဘုတ်များချိတ်ဆွဲခဲ့သည်။

အောက်ဆီဂျင်လိုအပ်ချက်ကတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးစနစ်ကို အသက်ဝင်ရန် ကြိုးပမ်းသည့် စစ်ကောင်စီ၏ အကြံအစည်က စက်ရုံပိုင်ရှင်အချို့အတွက် အခက်တွေ့စေသည်။ ယခင်က လိုအပ်ချက်အရ မည်သူ့ကိုမဆို လွတ်လပ်စွာ ရောင်းချခွင့်ရှိသည့်တိုင် စစ်ကောင်စီသည် ဇူလိုင်လဆန်းကတည်းက အောက်ဆီဂျင်ရောင်းချမှုအပေါ် စတင်ကန့်သတ်လာသည်။ လွတ်လပ်စွာရောင်းချခွင့်ရှိသည့်တိုင် စစ်ကောင်စီနှင့် ဆက်နွယ်သူများ၏လိုအပ်ချက်ကို ဦးစားပေးရမည်ဟု ညွှန်ကြားခဲ့သည်။

မြို့နယ်ကော်မတီများကို ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း စက်ရုံများ၏ထုတ်လုပ်နိုင်သည့် ပမဏအပေါ်မူတည်ကာ မြို့နယ်အလိုက်ကော်မတီများအတွက် ရောင်းချပေးရမည့်ပမာဏကို ညှိနှိုင်းသတ်မှတ်ပေးရသည်။ ထို့ပြင်ရောင်းချရာတွင် အစိုးရဆေးရုံများကို ပထမဦးစားပေးရောင်းချရန်၊ ယင်းနောက် ဒုတိယဦးစားပေးအဖြစ် ကွာရန်တင်းစင်တာများနှင့် နောက်ဆုံးမှသာ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တစ်ဦးချင်းဝယ်သူများကို ရောင်းချရန် ညွှန်ကြားခဲ့ကြောင်း စက်ရုံပိုင်ရှင်အချို့က ဆိုသည်။ စက်ရုံများလိုက်နာရသည့် နောက်တစ်ချက်မှာ နယ်ကျော်ရောင်းချခွင့်ဖြစ်သည်။ ဥပမာ ပဲခူးတိုင်းအတွင်းက အသင်းအဖွဲ့တစ်ခုခုသည် ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံတစ်ခုခုမှ အောက်ဆီဂျင်ဝယ်ယူခွင့်မရှိပေ။

စက်ရုံပိုင်ရှင်များသည် မြင့်တက်ဆဲ အောင်ဆီဂျင်လိုအပ်ချက်နှင့် စစ်ကောင်စီ၏ စည်းမျဉ်းစည်းကမ်းများအကြား ညှိနှိုင်းလုပ်ဆောင်ပေးရာတွင် ဖိအားများလည်း ရှိနေသည်။

ရပ်ကွက်ထောက်ခံစာမပါဘဲ တစ်ဦးချင်းစီကို အောက်ဆီဂျင်မရောင်းချရဟူသည့် ယတိပြတ်ကန့်သတ်ချက် မရှိသည့်တိုင် စစ်ကောင်စီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရချိန်တွင် အရေးပေါ်လိုအပ်ချက်အရ အသင်းအဖွဲ့တစ်ခု သို့မဟုတ် တစ်ဦးချင်းကို ကြားဖြတ်ရောင်းပေးရန် စက်ရုံတာဝန်ရှိသူက ဆေးကုသပေးသူ သက်ဆိုင်ရာ ဆရာဝန်၏ထောက်ခံစာတောင်းရလေ့ရှိသည်။

“တစ်ချို့ကပြောတယ်။ စက်ရုံက ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် မရောင်းပေးဘူးဆိုတာမျိုး။ တစ်ကယ်တော့ ကျနော်တို့က မရောင်းပေးတာမဟုတ်ဘူး။ တစ်ဘက်လိုအပ်ချက်ကို ဦးစားပေးလုပ်ပေးရချိန်မှာ ကြားဖြတ်ပြီး တစ်ဦးချင်းစီရောင်းဖို့ဆိုရင် သူတို့ကို အကြောင်းပြချင်ပေးရတာမျိုးရှိတယ်”ဟု ရန်ကုန်မြို့ရှိ အောက်ဆီဂျင်စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“တစ်ချို့ကိစ္စတွေက ဘောင်ဝင်အောင် လုပ်ရတာပေါ့ဗျာ။ ဒီလိုအခြေအနေတွေကို လူတွေကလည်း နားလည်ပေးဖို့ လိုတယ်”ဟု အမည်မဖော်လိုသူ စက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်ရှိ မိတ်ဆက်အောက်ဆီဂျင်စက်ရုံသည် တစ်နေ့လျှင် ငါးလီတာမှ ၂၀လီတာဆံ့ ဆလင်ဒါအိုးပေါင်း ၇၀၀ဝန်းကျင်နှင့် ၄၀လီတာဆံ့ ဆလင်ဒါအိုးအလုံးပေါင်း ၁၂၀အတွက် အောက်ဆီဂျင် ဖြည့်တင်းရောင်းချပေးနေသည်။ အိုးသေး ၇၀၀အနက် ထက်ဝက်ကျော် (၄၉၇လုံး) ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်က မြို့နယ်ကော်မတီအတွက် အောက်ဆီဂျင်အိုးများဖြည့်တင်းပေးရန် တာဝန်ယူရသည်။ ထို့ပြင် ၄၀လီတာဆံ့ ဆလင်ဒါအိုးများကိုလည်း ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများက အကူအညီတောင်းခံလာပါက ထောက်ပံ့ပေးရသည်။

သို့သော် သတ်မှတ်ချက် ၄၉၇လုံးကို ကော်မတီနှင့်၎င်းတို့နှင့်ချိန်ဆက်ထားသည့် လူမှုရေးအသင်းအဖွဲ့များက မထုတ်ယူနိုင်သည့်အတွက် ပြင်ပလိုအပ်ချက်ကို ပိုမိုရောင်းချပေးနိုင်သည်ဟု စက်ရုံ၏မန်းနေဂျင်းဒါရိုက်တာ ဦးတင်အောင်လွင်ကပြောသည်။

“သူတို့မှာလည်း အောက်ဆီဂျင်အိုးက အလုံအလောက်မရှိတော့ တောင်းထားတဲ့အတိုင်း လာမယူနိုင်ဘူး။ တစ်နေ့ကို အိုး ၃၅၀လောက်ပဲလာဖြည့်နိုင်ကြတယ်။ ဒီတော့ တခြားလိုအပ်တဲ့သူတွေကို ပိုရောင်းပေးပါတယ်”ဟု ဦးတင်အောင်လွင်ကပြောသည်။

စက်ရုံလည်ပတ်မှုအပိုင်းတွင် နှစ်ဦးနှစ်ဘက်အဆင်ပြေစေရန် စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ကာ လုပ်ဆောင်နေရသည်ဟုလည်း ၎င်းကဆိုသည်။ “ကျနော်တို့က သူတို့နဲ့အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် ရတာမျိုးရှိတယ်။ ဒီလိုညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ပဲ လူတွေအဆင်ပြေအောင် ဘယ်သူ့ကိုမဆို မခွဲခြားဘဲ ရောင်းပေးနေတယ်။ အရေးပေါ်လိုအပ်တာမျိုးဆိုရင်တော့ ဆရာဝန်ထောက်ခံစာပါလာရင်တော့ ပိုကောင်းတာပေါ့” ဟု ဦးတင်အောင်လွင်က သြဂုတ်၃ရက်တွင် တယ်လီဖုန်းကတစ်ဆင့် ဖရွန်းတီးယားမြန်မာကိုပြောသည်။

စစ်ကောင်စီသည် ပုဂ္ဂလိကစက်ရုံများကို ကန့်သတ်ချက်များပြုလုပ်နေစဉ် စစ်တပ်ပိုင်စက်ရုံတစ်ခုတွင် မည်သည့်ထောက်ခံစာမှမလိုဘဲ အောက်ဆီဂျင်များကိုရောင်းချပေးနေသည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၁)အောက်စီဂျင်နှင့် မီးသတ်ဆေးဗူးစက်ရုံ (မင်းဓမ္မ)စက်ရုံတွင် “မည်သည့်ပါမစ်မှမလိုပဲ ပြည်သူများအား ဖြန့်ဝေပေးနေကြောင်း” နိုင်ငံပိုင်မီဒီယာများကတစ်ဆင့် ကြေညာခဲ့သည်။ ထို့ပြင် “ကျနော်တို့စက်ရုံမှာ အောက်ဆီဂျင်လာရောက် ဖြည့်သွင်းမယ်ဆိုရင် ကိုယ်ပိုင်အိုးလေးတွေ ယူခဲ့ပြီးတော့မှ ထောက်ခံစာတွေမလိုပါဘူး”ဟု ယင်းစက်ရုံ၏ စက်ရုံမှူးက ဇူလိုင်၁၄ရက်က ထုတ်လွှင့်သည့် မြဝတီရုပ်မြင်သံကြားနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အဆိုပါစက်ရုံသည် ယခင်က ၂၄နာရီပိတ်ရက်မရှိ ဖြည့်တင်းနိုင်သော်လည်း လက်ရှိအချိန်တွင် မနက် ၈နာရီမှ ညနေခြောက်နာရီအထိ ၁၀လီတာမှ ၂၀လီတာဆံ့ ဆလင်ဒါအိုးများကို တစ်အိုးလျှင် ကျပ်၂,၀၀၀ဖြင့်ပင် အောက်ဆီဂျင်ဖြည့်သွင်းပေးနေသည်။ အောက်ဆီဂျင်ဝယ်ရန် ထောက်ခံစာမလိုအပ်သော်လည်း နိုင်ငံသားမှတ်ပုံတင်ကဒ်ပြရန် လိုအပ်သည်။

“ဒီမှာက စျေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူဝယ်လို့ရတယ်။ လူတော်တော်များများလည်း ဒီမှာ လာဝယ်နေကြတာပဲ”ဟု သြဂုတ်၂ရက်က စက်ရုံရှေ့တွင် အောက်ဆီဂျင်ရရှိရန် လာရောက်စောင့်ဆိုင်းနေသည့် အသက် ၅၀အရွယ် မမိုးမိုးကပြောသည်။ ဖရွန်တီးယားမြန်မာက အဆိုပါစက်ရုံရှေ့သို့ ရောက်ရှိခဲ့သည့် သြဂုတ် ၂ရက်၊ နေ့လယ်ပိုင်းအချိန်တွင် အောက်ဆီဂျင်ရရှိရန် စောင့်ဆိုင်းနေသူဦးရေ ၁၀၀ဝန်းကျင်ခန့် ရှိနေခဲ့သည်။ လူအများစုက ယင်းစက်ရုံကို စစ်တပ်ကပိုင်ဆိုင်ကြောင်း မသိကြပေ။

အသွားအလာ ကန့်သတ်ခြင်း

တောင်ဒဂုံမြို့နယ်ရှိ မိတ်ဆက်စက်ရုံတွင် အောက်ဆီဂျင် ဖြည့်တင်းရန် တန်းစီစောင့်ဆိုင်းနေသူများကို ဇူလိုင်၁၃ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ရပ်/ကျေးအုပ်ချုပ်ရေးစနစ် အသက်ဝင်၍ ခိုင်မာလာအောင် အောက်ဆီဂျင်လိုအပ်ချက်တစ်ခုတည်းကိုသာ စစ်တပ်က အသုံးချလာခြင်းမဟုတ်ပေ။ ကိုဗစ်ကပ်ဘေးကာကွယ်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင်လည်း ပြည်သူအများ၏ လွတ်လပ်စွာသွားလာခွင့်ကို ထိန်းချုပ်မှုများ ပြုလုပ်လာသည်။ မြို့နယ်အချို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးလက်မှတ်ပါသည့် ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခွင့်ကတ်များကို အသုံးပြုလာသည်။

နိုင်ငံအတွင်းမြို့နယ်အချို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများထုတ်ပေးသော ကတ်များဖြင့်သာ မြို့နယ်အတွင်းသွားလာရန် လူထုကိုအသိပေးထားသည်။

ထို့ပြင် နေ့လယ်၁၂နာရီမှ မွန်းလွဲသုံးနာရီအထိ ဆေးဆိုင်မှအပ အခြားစျေးဆိုင်များကို ရောင်းချခွင့်မပြုပေ။ လူနေရပ်ကွက်များတွင် နေ့လယ်၁၂နာရီနောက်ပိုင်း အကြောင်းတစ်စုံတစ်ရာမရှိဘဲ အပြင်မထွက်ရန်လည်း သတိပေးထားပြီး အရေးပေါ်လိုအပ်ချက်အရ ရပ်ကွက်ပြင်ပကိုထွက်ခွာမည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်သာ အပြင်ထွက်ရန် စာထုတ်သတိပေးခြင်း၊ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံသတိပေးခြင်းတို့ကို စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ နောက်လိုက်များက ပြုလုပ်ခဲ့သည်။

သို့သော် ယင်းစည်းကမ်းများသည် တစ်နိုင်ငံတစ်ဝန်းတွင် တစ်ပြေးညီ ထုတ်ပြန်ခြင်းမဟုတ်ပေ။ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်သည့် မြို့နယ်များတွင်သာ ထုတ်ပြန်ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးက စစ်တပ်နယ်မြေဟု နာမည်ကြီးသည့် မှော်ဘီမြို့နယ်တွင် နေ့လယ် ၁၂နာရီနောက်ပိုင်း အပြင်မထွက်ရဆိုသည့် ကန့်သတ်ချက်နှင့် ထွက်လိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာနှင့်သာ ထွက်ရမည်ဟု ဒေသအာဏာပိုင်များက စာထုတ်သတိပေးထားသည်။ ရန်ကုန်မြို့လယ်က လူနေရပ်ကွက်အများစုတွင်မူ အဆိုပါ စည်းကမ်းချက်များ ချမှတ်ထားခြင်းမရှိကြောင်း ရပ်ကွက်တွင်းနေထိုင်သူများကပြောပါတယ်။

အလားတူ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်ထဲက မြို့နယ်အချို့နှင့် အခြားမြို့နယ်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ လုပ်ပိုင်ခွင့်နှင့် ကတ်စနစ်ကျင့်သုံးပြီး အချိန်အကန့်အသတ်ဖြင့် ပြင်ပသို့ သွားလာခွင့်ပြုထားသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ကိုဗစ်ကပ်ရောဂါ မကူးစက်၊ မပြန့်ပွားစေရန် ရပ်ကွက်တွင်း လူဝင်လူထွက်ကို ကတ်စနစ်ကျင့်သုံးလုပ်ဆောင်နေကြောင်း ရပ်ကွက်တစ်ခု၏ အုပ်ချုပ်ရေးမှူးက ပြောသည်။ သို့ သော် စည်းကမ်းမလိုက်နာသူများကို အရေးယူခြင်းမျိုးတော့ မရှိပေ။

“လူတွေကတော့ ဘာလုပ်လုပ် အမျိုးမျိုးဝေဖန်တာပေါ့ဗျာ”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးကပြောသည်။ “ဒါပေမဲ့ ကပ်ရောဂါကာကွယ်ရေးအတွက် ကျနော်တို့ အကောင်းဆုံးလုပ်ပေးနေတာပါ။ အောက်ဆီဂျင် ရအောင်လည်း လူမှုရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီး ဖြန့်ဝေပေးနေတာပဲ။ ကျနော်တို့ အသင်းတွေကို ထောက်ခံစာလုပ်ပေးရင် အောက်ဆီဂျင်ရဖို့ ပိုမြန်တာပေါ့” ဟု သူကပြောသည်။

စစ်ကောင်စီကခန့်အပ်ထားသည့် ဒေသအာဏာပိုင်များအပေါ် မယုံကြည်မှုနှင့် ရန်လိုမုန်းတီးမှုသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကိုလည်း ထိခိုက်စေသည်။ လူအများစုသည် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ကာကွယ်ဆေးထိုးချင်စိတ်မရှိကြပေ။ ကာကွယ်ဆေးထိုးချင်သူများသည် ရပ်/အုပ်ချုပ်ရေးမှူးများထံ အမည်၊ မှတ်ပုံတင်၊ အသက်၊ သန်းခေါင်စာရင်းနှင့်အတူ ဆေးထိုးရန် စာရင်းသွင်းရသည်။

“အုပ်ချုပ်ရေးမှူးကို ကျမတို့ရပ်ကွက်လူတွေက လက်မခံဘူး။ ဆေးထိုးဖို့ သူတို့နဲ့ ပတ်သက်ရမယ်ဆိုရင်တော့ မထိုးတော့ဘူး။ ကျမအမေလည်း မထိုးဘူး။ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့သူတွေနဲ့ ဘာအကြောင်းနဲ့မှ ပတ်သက်စရာမရှိဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

နုတ်ထွက်သွားသော အုပ်ချုပ်ရေးမှူးများ

စစ်ကောင်စီသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အာဏာပေးအပ်ကာ အုပ်ချုပ်ရေးစနစ်ကို အောက်ခြေအဆင့်အထိ အားကောင်းအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်။ ထိုစဉ် အသက်အန္တရာယ်ကြောင့် နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်စာတင်သည့်သတင်းများလည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသည်။

အထင်ရှားဆုံးဖြစ်ရပ်တစ်ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဇူလိုင်၄ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ၁၀ဦးထက်မနည်း အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြသည်။ ထိုသို့နုတ်ထွက်လိုက်ကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်းတို့က အသိပေးခဲ့ကြသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကိုးဦးသည် နယ်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးခံရပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရာထူးက နုတ်ထွက်ခဲ့ကြသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားမှ အားလုံးနုတ်ထွက်ရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး မလိုက်နာပါက သက်ညှာမည်မဟုတ်ဘဲ “ပြည်သူ့သစ္စာဖောက်”အဖြစ် သတ်မှတ်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်၂၉ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးငါးဦးသည် ဩဂုတ်၁ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံရကြောင်း ဝန်ခံပြောဆိုခဲ့ကြသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လနှောင်းပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် စစ်တပ်သတင်းပေးများဟု စွပ်စွဲခံရသူ ၁၇၃ဦး အသတ်ခံရသည်ဟု ဇူလိုင်၁၂ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

စစ်ကောင်စီသည် အုပ်ချုပ်ရေးမှူးများအတွက် လုံခြုံရေးအပြည့်အဝမပေးနိုင်ကြောင်းဝန်ခံခဲ့ပြီး ၎င်းတို့ ခရီးသွားသည့်အခါ သက်ဆိုင်ရာကိုအကြောင်းကြားရန် ပြောဆိုခဲ့သည်။

သတင်းအချက်အလက်များနှင့် သတိပေးချက်များပေးနိုင်ရန် လက်နက်မဲ့လုံခြုံရေးအဖွဲ့များကို ရပ်ကွက်နှင့် ကျေးရွာများတွင် ဖွဲ့စည်းခဲ့သည်ဟု သူကပြောသည်။ ယင်းအဖွဲ့များကို နိုင်ငံအတွင်း မြို့နယ်ထက်ဝက်နီးပါးတွင် ဖွဲ့စည်းထားပြီး ဆက်လက်ဖွဲ့စည်းသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖယ်ရှားခံလိုက်ရသည့် ရွေးကောက်ခံအုပ်ချုပ်ရေးမှူးများ

ဖေဖော်ဝါရီ၁ရက်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၆,၈၀၀ ခန့်ကို ရာထူးမှ ဖြုတ်ချလိုက်သည်။ ၎င်းတို့အားလုံးသည် ရပ်ကွက်နေလူထုက ရွေးကောက်တင်မြှောက်ခံထားရသူများဖြစ်ပြီး ၂၀၁၆-၂၀၁၇မှ စတင်ခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်သည်။

စစ်ကောင်စီသည် ဖြုတ်ချခံရသူများအနက် အချို့ကိုပြန်လည် ရွေးချယ်ခဲ့သော်လည်း ခန့်အပ်ခံရသူ အများစုမှာတပ်မတော် (သို့) ၎င်း၏မဟာမိတ်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူများဖြစ်နေသည်။ ထိုအပြောင်းအလဲသည် ရက်ပိုင်းအတွင်းမှာပင် လူထု၏ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်မှုခံခဲ့ရပြီး အုပ်ချုပ်ရေးမှူးအချို့ ရက်ပိုင်းအတွင်း နုတ်ထွက်ခဲ့ရသည်။ ထို့ပြင် အချို့မြို့နယ်များတွင်လည်း ယနေ့အချိန်အထိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ခန့်အပ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသည့် အုပ်ချုပ်ရေးမှူးများသည် လစာငွေအဖြစ် တစ်လလျှင် ကျပ်၅၀,၀၀၀နှင့် ရုံးသုံးစရိတ် ကျပ် ၂၀,၀၀၀ ရရှိကြသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ရပ်ကွက်အတွင်း စစ်ကောင်စီကိုဆန့်ကျင်သူ တက်ကြွလှုပ်ရှားသူများ၏ သတင်းအချက်အလက်များကို မှတ်တမ်းတင်ကာ မြို့နယ်ထွေအုပ်ရုံးများသို့ အသေးစိတ်အစီရင်ခံစာ တင်ပြရသည်။

“မြေအောက်တက်ကြွလှုပ်ရှားသူတစ်ချို့က မြို့ပေါ်မှာပဲ ပုန်းအောင်းပြီး လှုပ်ရှားနေကြတာ။ စစ်တပ်က ကျနော်တို့ လှုပ်ရှားမှုတွေအားလုံး သိနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် သတင်းအချက်အလက် ရယူဖို့ကြိုးစားကြတာပဲ။ ဒါကြောင့် ဒလန်သတင်းပေး အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့က သုတ်သင်ရှင်းလင်းရမှာပဲ”ဟု ရန်ကုန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

တစ်ချိန်က ရွေးကောက်ခံအုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ကို ခန့်အပ်ခဲ့သည့်လူထုကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် စစ်ကောင်စီ၏အာဏာသိမ်းမှုကြောင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့်ပင် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကျရောက်ခဲ့ချိန် ကပ်ရောဂါတိုက်ဖျက်ရေးတွင် လူထု၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့သည်။ လက်ရှိ ကိုဗစ်-၁၉တတိယလှိုင်း ရိုက်ခတ်မှုခံရချိန်တွင် ယခင်ကလို အခြေအနေမျိုး ပြန်မရနိုင်တော့ပေ။

နားလည်ပေးရန် အသနားခံခြင်း

အာဏာသိမ်းပြီးနောက် ပြန်လည်ခန့်အပ်ခံရသော မရမ်းကုန်းမြို့နယ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကမူ အင်န်အယ်လ်ဒီ အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ရပ်ကွက်အတွင်း သူ၏လုပ်ဆောင်မှုများမှာ မထိရောက်တော့ကြောင်း ဝန်ခံသည်။

“အရင်လို လူတွေက တက်တက်ကြွကြွ မကူညီတော့ဘူး။ တချို့ကလည်း ကျနော့်ကို ကူညီချင်ပေးချင်ပါတယ်။ ဒါပေမဲ့ ကူညီတဲ့သူကို တခြားသူတွေက စစ်တပ်အတွက်အလုပ်လုပ်နေတယ်လို့ ဝေဖန်ထိုးနှက်ခံရမှာစိုးလို့ မကူပေးနိုင်ဘူး”ဟု သူကပြောသည်။ “ကျနော်ကတော့ တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးတယ်။ ဒီလိုပဲ အပြောအဆိုတော့ ခံရတာပေါ့ဗျာ။ တစ်ချိန်တော့ ကျနော့်စေတနာကို နားလည်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု အမည်မဖော်ပြရန် မေတ္တာရပ်ခံသည့် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းထားသည့် ခြောက်လတာကာလအတွင်း နည်းမျိုးစုံသုံးကာ အောက်ခြေအဆင့် ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အသက်ဝင်အောင် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒေသခံအုပ်ချုပ်ရေးမှူးများစွာသည် ၎င်းတို့၏လုံခြုံရေးအတွက် လူထုနှင့်ပြဿနာမဖြစ်ရန် ဂရုတစိုက် နေထိုင်နေရဟန် ရှိသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမရှိသည့် နေရာများတွင် ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများကသာ အဆင်ပြေသလို လူထုနှင့်ညှိနှိုင်းကာ ရပ်ကွက်အရေးကို ဖြေရှင်းနေကြသည်။ တစ်ချိန်တည်းမှာပင် စစ်ကောင်စီသည် အသတ်ခံရခြင်း သို့မဟုတ် နုတ်ထွက်သွားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနေရာများကို အစားထိုးခန့်အပ်ရန်လည်း အခက်တွေ့နေသည်။

နေရာအချို့တွင်မူ စစ်တပ်ထောက်ခံသူဟု လူသိများသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်ကိုပင် ကာကွယ်ရန် လုံခြုံရေးပေးနေရသည်။

စစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်သူဟု လူသိများသော မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက သူ၏ရုံးခန်းတွင် လုံခြုံရေးယူပေးနေသည့် စစ်သား၁၀ ဦးရှိသည်ဟု ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့သည်။ ၎င်းသည် ရပ်ကွက်ငယ်ပေါင်း ကိုးခုစုဖွဲ့ထားသည့် ရပ်ကွက်ကြီးတစ်ခု၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး လူဦးရေ ၁၅၀,၀၀၀ခန့်ကို အုပ်ချုပ်နေရသူဖြစ်သည်။

“ကျနော်တို့က လူထုအတွက် အကောင်းဆုံးလုပ်ပေးနေတာပဲဗျာ။ ဒါပေမဲ့ ဘယ်လောက်ကောင်းအောင်လုပ်ပေးပေး တိုက်ခိုက်ချင်တဲ့သူကတော့ ရှိတာပဲ။ ဒါကြောင့် လုံခြုံရေးထားပေးထားတော့ ပိုလုံခြုံတာပေါ့”ဟု ၎င်းက ပြောသည်။ ယခင်စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သူ အဆိုပါပုဂ္ဂိုလ်သည် ၂၀၁၆တွင် အင်န်အယ်လ်ဒီအစိုးရဦးဆောင်ပြုလုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ ပြုလုပ်သည့်အချိန်မတိုင်မှီ ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီလလယ်တွင် စစ်ကောင်စီက သူ့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။

ဇူလိုင်၂၇ရက်တွင် ၎င်း၏အုပ်ချုပ်မှုအောက်ရှိရပ်ကွက်အုပ်စုတစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးအား အမည်မသိလူတစ်ယောက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အိမ်နီးချင်းများ၏ ပြောဆိုချက်အရ ထိုသေနတ်သမားသည် ထောက်ခံစာတောင်းခံရန် ဟန်ဆောင်ပြီး နေအိမ်အတွင်းဝင်ရောက်ကာ အုပ်ချုပ်ရေးမှူးအား ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

“အခုထိတော့ ကျနော့်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ဇူလိုင်၂၇ရက်က ကျနော့်လက်အော်က အုပ်ချုပ်ရေးမှူးပစ်သတ်ခံလိုက်ရတော့ ကိုယ့်အတွက်လည်း စိတ်ပူမိတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ “ဘာမဆို အချိန်မရွေး ဖြစ်သွားနိုင်တယ်လေ”ဟု သူ၏ စိုးရိမ်စိတ်ကို ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar