နေပြည်တော်၊ ဇွန် ၁၃
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူက သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ယနေ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ နံနက်ပိုင်းက ဆွေးနွေးပြီးတဲ့နောက် သမ္မတဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံဝန်ကြီးနှစ်ဦးဟာ ရခိုင်ပြည်နယ်အရေး နှစ်ဖက်ရပ်တည်ဆောင်ရွက်မှုတွေအတွက်အပြန်အလှန်ချီးကျူးပြောဆိုခဲ့ကြပါတယ်။
“ရခိုင်ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားအားထုတ်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားရရှိရေး ပထမဆုံးဆောင်ရွက်နေတဲ့ အဆင့်အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့တဲ့အခြေအနေကို နားလည်ပေးတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်တယ်လို့ ပြန်လည်ပြောကြားပါတယ်။ ဒါ့အပြင် ဘင်္ဂလီလို့ သုံးနှုန်းပြီး မေးခွန်းမေးမြန်းခဲ့တဲ့ သတင်းထောက်တစ်ဦးကိုလည်း အငြင်းပွားဖွယ်ရာ စကားလုံးသုံးစွဲမှုတွေကို ရှောင်ကြဉ်ဖို့ သတိပေးလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်စဉ်မှာလည်း ရခိုင်ပြည်နယ်အရေးမှာ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းကြောင့် မီးလောင်ရာလေပင့်ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းမေးမြန်းသူကို “ဝန်ကြီးကနေပြီး သေသေချာချာဘယ်သူမှ ကန့်ကွက်နိုင်တဲ့ အသုံးအနှုန်းတွေကို မသုံးဖို့ ဆင်ခြင်ပါတယ်။ မေးတဲ့သူကလည်း ဒီအတိုင်းပဲဆင်ခြင်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။
ဒါဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ မိတ်ဆက်စကားမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့မသုံးပဲ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေလို့ သုံးနှုန်းခဲ့တာကို ထောက်ရှုပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။
မစ္စတာ မာလက်ကာဘူတိုဂလူကတော့ ဒါနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေး ပြောဆိုတာမျိုးမရှိဘဲ ရခိုင်ပြည်နယ်အရေးမှာ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရက တောင်းဆိုတဲ့ အကူအညီတွေကို သူတို့အနေနဲ့ လိုက်ပါဆောင်ရွက်ပေးနေတဲ့အကြောင်း အဓိကထားပြောကြားသွားပါတယ်။
“ဒီနိုင်ငံမှာရှိတဲ့အစိုးရနဲ့ ဒေသခံတွေက သူတို့ဘာလိုတယ်ဆိုတာ သူတို့ပိုသိလို့ပါပဲ” လို့ သူကပြောပါတယ်။ တူရကီဟာ တူရကီအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (တီကာ)ကတစ်ဆင့် ရခိုင်ပြည်နယ်ကို အကူအညီတွေ ပေးနေပါတယ်။
“ဆေးခန်းတွေဖွင့်ဖို့နဲ့ အခြားလိုအပ်ချက်တွေဖြည့်ဆည်းတဲ့ အကူအညီတွေကိုလည်း ဆောင်ရွက်ဖို့ရှိတယ်။ ဒီအကူအညီတွေကို တူရကီအစိုးရကလည်း ကူညီမှာပါ”လို့ မစ္စတာ မာလက်ကာဘူတိုဂလူကပြောတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရခိုင်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် လူမျိုးဘာသာ မခွဲခြားဘဲ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့တိုင်းရင်းသား ၁၃၅ရှိတဲ့အထိ ကွဲပြားခြားနားမှုတွေရှိနေတဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝမှုဆီ အရောက်သွားနိုင်ဖို့ သူတို့မှာရှိတဲ့ အတွေ့အကြုံနဲ့ ကူညီနိုင်ပါတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “ရခိုင်မှာအခြေအနေတွေပိုကောင်းေအာင်လုပ်နေပါတယ်” လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးကို ပြောပါတယ်။ နှစ်ဖက်တွေ့ဆုံမှုများအတွင်း ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသားလုပ်ငန်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ နှစ်နိုင်ငံသံရုံးများအရေးနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ရခိုင်နဲ့ မွတ်ဆလင်ဘာသာဝင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ “ခွဲခြားမှုမရှိဘဲ နှစ်ဖက်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမယ်” လို့ မစ္စတာ မာလက်ကာဘူတိုဂလူက ဆိုတယ်။
တူရကီနိုင်ငံဟာ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှာလည်း ဦးဆောင်မှုအခန်းကဏ္ဍကနေ တာဝန်ယူထားပါတယ်။ တူရကီနိုင်ငံရဲ့ လက်ရှိ သမ္မတ Recep Tayyip Erdoğan ဟာ OIC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း