ရန်ကုန်၊ မေ ၁၇
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အာစီအာစီ) ၏ လုပ်ငန်းများက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်သည်ဟု မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိုင်စီအာစီဥက္ကဋ္ဌက ပြောကြားသည်။
အိုင်စီအာစီဥက္ကဋ္ဌ Peter Maurer သည် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယမြောက်ခရီးစဉ်အဖြစ် မေ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ လာရောက်ခဲ့ကာ ကချင်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့သည်။ ထို့ပြင် နေပြည်တော်တွင် သမ္မတဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုလည်း တွေ့ဆုံခဲ့သည်။
“မြန်မာနိုင်ငံက ခေါင်းဆောင်တွေနဲ့ ကျွန်တော်ဆွေးနွေးခဲ့ရာမှာ အိုင်စီအာစီရဲ့ လုပ်ငန်းတွေက လူသားချင်းစာနာထောက်ထားမှု သက်သက်သာ ဖြစ်သော်လည်းပဲ တည်ငြိမ်းရေးကို အထောက်အကူပြုနိုင်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ကြောင်းနဲ့ ဖွံ့ဖြိုးရေးကြိုးပမ်းမှုတွေနဲ့ ကိုက်ညီမှုရှိကြောင်းကို ကျွန်တော်အလေးထားပြီး ပြောကြားခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲရေးသည် ထူးခြားထင်ရှားပြီး ကမ္ဘာတွင် အလေးထား အာရုံစိုက်ခံလာရကြောင်း၊ သို့ရာတွင် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် လျစ်လျူရှုမထားသင့်သည့် ဆင်းရဲဒုက္ခနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် မိမိနေရပ်ကို စွန့်ခွာလာကြရသည့် ရာထောင်ချီသော ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဆွေးနွေးရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အခြားအဆင့်မြင့်အရာရှိများကိုလည်း ၎င်းက တွေ့ဆုံခဲ့သည်။
“ကျွန်တော်ရဲ့ခရီးစဉ်ကြောင့် အဲဒီလူတွေရဲ့လိုအပ်ချက်တွေကို အာရုံစိုက်လာကြမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးဖို့ မြန်မာအစိုးရပိုင်းနဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေက လက်ခံယုံကြည်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု Peter Maurer က ပြောကြားသည်။