အလုပ်သမားအခွင့်အရေး ကြိုးပမ်းသူ အန်ဒီဟောကို ထိုင်းအစိုးရက ထောင်ဒဏ်ချမှတ်

ဗြိတိသ ျှ အလုပ်သမားအရေးလှုပ်ရှားသူ အန်ဒီဟောအား ထိုင်းတရားရုံးတစ်ခုက အသရေဖျက်မှုတွင် အပြစ်ရှိသည်ဟုဆိုပြီး ဆိုင်းငံ့ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းမှာ ထိုင်းနိုင်ငံအတွင်းရှိ မတရား ခိုင်းစေခံရသည့် ရွှေ့ပြောင်းလုပ်သားများအား ကူညီပေးနေသူများကို အကြပ်တွေ့စေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားလိုက်သည်။

ဘန်ကောက်တောင်ပိုင်းရှိ ရာဇဝတ်မှုဆိုင်ရာတရားရုံးက အန်ဒီဟောကို ဆိုင်းငံ့နှစ်နှစ်အပါအဝင် ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ၁၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၃၀၀) ကို စက်တင်ဘာ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Finnwatch ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအား ထိန်းသိမ်းထားပြီး ဒဏ်ငွေ ပေးဆောင်ပြီးပါက ပြန်လည် လွှတ်ပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အန်ဒီဟောအနေဖြင့် ပြစ်ဒဏ်အား အယူခံဝင်သွားမည်ဖြစ်ကာ စိတ်ဓာတ်အခြေအနေ ကောင်းမွန်သည်ဟုလည်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် Finnwatch က ထုတ်ပြန်ခဲ့သည့် Cheap Has a High Price ဟူ အမည်ပေးထားသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး အန်ဒီဟောအပေါ် Natural Fruit Company Ltd က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အစီရင်ခံစာကြောင့် အန်ဒီဟောသည် ကွန်ပျူတာရာဇဝတ်မှု အက်ဥပဒေအရလည်း ရာဇဝတ်ကြောင်းဆိုင်ရာ ပြစ်မှုတစ်ခုကို ရင်ဆိုင်နေရသလို တရားမမှုနှစ်ခုနှင့်လည်း ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံ Prachuap Khiri Khan ခရိုင်ရှိ Natural Fruit ၏ နာနတ်သီး ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၌ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။

ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုကြသူများ အားလုံးအတွက် အန်ဒီဟောက တန်ဆာခံလုပ်ခံလိုက်ရခြင်းဖြစ်သည်ဟု Finnwatch ၏ အမှုဆောင်ဒါရိုက်တာ မစ္စ Sonja Vartiala က ပြောသည်။ ရာဇဝတ်ကြောင်းအရ အသရေဖျက်မှုကို အသုံးပြုခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူညီချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်ဟု ၎င်းကပြောသည်။

“ထိုင်းနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ။ အခြားသော လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ ကုမ္ပဏီတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရသူတွေဟာ ဒီဖြစ်ရပ်ကြောင့် ကြောက်လန့်ငြိမ်သက်သွားကြမှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းကပြောသည်။

“ကုမ္ပဏီတွေက အသရေဖျက်တယ်ဆိုပြီး လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေကို ရာဇဝတ်မှုတရားရုံးတွေမှာ တရားစွဲတာကို ခွင့်ပြုမယ့်အစား ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို လိုက်လံဖော်ထုတ် သင့်ပါတယ်” ဟု ၎င်းကပြောသည်။

တရားရုံးက အမိန့်မချမှတ်မီ Human Rights Watch က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် အန်ဒီဟော၏ အမှုက အလုပ်သမား၏ အခွင့်အရေးအတွက် ကာကွယ်ဆောင်ရွက်နေကြသည့် အခြားသော တက်ကြွ လှုပ်ရှားသူများအပေါ် စိုးထိတ်ဖွယ် အကျိုးသက်ရောက်မှု ဖြစ်စေမည်ဟု ဖော်ပြထားသည်။

“ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ သူတို့ရဲ့အခွင့်အရေးတွေ ရရှိဖို့က စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့နေရပါတယ်” ဟု Finnwatch ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရဒ်အဒမ်က ပြောသည်။

“အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်ဖို့အတွက် တသီးပုဂ္ဂလ ပါဝင်ဆောင်ရွက်မှုကြောင့် အန်ဒီဟောကို တရားစွဲဆိုတယ်ဆိုတာက ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ဖို့ ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

Natural Fruit က ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် လျောက်ထားခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလတွင် အသရေဖျက်မှုဖြင့် အန်ဒီဟောအပေါ် တရားဝင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းတို့ ထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် ဘတ်သန်း ၄၀၀ (ဒေါ်လာ ၁၁ ဒသမ ၅ သန်း) ရလိုမှုဖြင့်လည်း အန်ဒီဟောအပေါ် Natural Fruit က တရားမကြောင်းအရ အမှုဖွင့်ထားသည်။ သို့သော် အဆိုပါအမှုကို ရာဇဝတ်မှုကြောင်းအရ စွဲဆိုထားသည့်အမှု ပြီးပြတ်သည်အထိ ဆိုင်းငံ့ထားသည်။

Natural Fruit က အန်ဒီဟောအပေါ် စွဲဆိုခဲ့သည့် အသရေဖျက်မှုတစ်ခုကိုမူ ထိုင်းနိုင်ငံ၏ ရာဇဝတ်မှု ကျင့်ထုံးများနှင့် မကိုက်ညီဟုဆိုကာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ဘန်ကောက်ရှိ Prakanong တရားရုံးက ပယ်ချခဲ့သည်။ ထိုအမှုနှင့် ပတ်သက်ပြီး Natural Fruit နှင့် ရှေ့နေချုပ်ရုံးတို့က တင်သွင်းခဲ့သည့် အယူခံကို ထိုင်းနိုင်ငံ တရားရုံချုပ်က လက်ခံစဉ်းစားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် ပဏာမအယူခံလွှာကို ပယ်ချခဲ့သည်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.