စစ်တပ်၏ နှိမ်နင်းမှုအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိခဲ့ဟု ရခိုင်မြောက်ပိုင်းရှိရွာသားများက သတင်းထောက်များကို ပြောကြား

အိုလီဗာ ဆလိုး ရေးသားသည်။

ရခိုင်ပြည်နယ်ရှိ ရဲစခန်းများကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရမှုအပြီး ပြုလုပ်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာသားများက သတင်းထောက်များကို ပြောကြားခဲ့ကြသည်။

အစိုးရက ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များအား ကမကထ ပြု ခေါ်ဆောင်သွားခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံများက သတင်းထောက်များအား ပြောဆိုခဲ့သည့် အကြောင်းအရာများတွင် တရားဥပဒေပြင်ပ သတ်ဖြတ်မှုများ၊ မီးရှို့မှုများနှင့် တရားလက်လွတ် ဖမ်းဆီးမှုများပါဝင်သည်။ အစိုးရနှင့် စစ်ဘက်ကမူ ယင်းကဲ့သို့ဖြစ်ပျက်မှုများ မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအလယ်ပိုင်းက ကျားခေါင်းတောင်ကျေးရွာတွင် မိသားစုနေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့သွားပြီးနောက် မီးလောင်ကျွမ်းသွားသော ဖခင်၏ အလောင်းကို တွေ့ခဲ့ရသည်ဟု အသက် ၂၃ နှစ်အရွယ် လာလ်မူတီးက ပြာပုံငယ်တစ်ခုကို ညွှန်ပြရင်း ပြောသည်။ ၎င်း၏မိခင်မှာလည်း နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရမှုများအကြောင်း တိုင်ကြားချက်များမှာ လီဆယ်ပြောဆိုမှုများဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကာ ထောင်ခြောက်လချခဲ့သည်ဟု လာလ်မူတီက ထပ်မံပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးကာလဖြစ်သည့် နိုဝင်ဘာလလယ်က အိမ်ထောင်ပေါင်းများစွာ မီးရှို့ခံရသည်ကို သက်သေပြသရန် Human Rights Watch အဖွဲ့က ဂြိုဟ်တုပုံရိပ်များကို အသုံးပြုခဲ့ပြီး ဒီဇင်ဘာလက ထုတ်ပြန်သည့် ၎င်းတို့၏ အစီရင်ခံစာတစ်ခုတွင် ကျားခေါင်းတောင်နှင့်အနီးမှ ရေခတ်ချောင်းဂွဆုံရွာတို့မှ နေအိမ်များ မီးရှို့ခံရမှုတွင် ပါဝင်ခဲ့သည်ဟု ဖော်ပြထားသည်။ အစိုးရကမူ ရွာသားများကိုယ်တိုင် ၎င်းတို့၏နေအိမ်များကို မီးရှို့ခဲ့သည်ဟု ပြောကြားသည်။

အစိုးရက စီစဉ်ပေးသည့် ခရီးစဉ်

ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပေးသည့် ငါးရက်ကြာခရီးစဉ်အတွင်း သတင်းထောက်များမှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရွာများသို့ သွားရာတွင် အစိုးရ အစောင့်အရှောက်များ လိုက်ပါခဲ့ကြသည်။ ခရီးစဉ်အချိန်၏ အများစုကို ဘူးသီးတောင်တွင် အသုံးပြုခဲ့ပြီး ယင်းမြို့နယ်ရှိ နေရာများတွင် Arakan Rohigya Salvation Army (ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်) ဟု ခေါ်သော ရိုဟင်ဂျာသောင်းကျန်းသူအဖွဲ့တစ်ခုက မကြာသေးခင်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အစိုးရက ပြောကြားသည်။

ဇူလိုင် ၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ မောင်နှမကျေးရွာသို့ သတင်းထောက်များကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကျေးရွာတွင် ဇူလိုင် ၄ ရက်နေ့က ရွာသားတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် မျက်နှာဖုံးစွပ်ထားသည် လူတစ်ဒါဇင်ခန့်က သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ထားသည်။ ပြန်ပေးဆွဲခံရသည့်အကြောင်းရင်းကို မသိရှိကြောင်း၊ သို့သော်လည်း အစိုးရ၏ သတင်းပေးတစ်ယောက်အဖြစ် ယူဆခံရသည့်အတွက် ဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း အမှန်မှာ သတင်းပေးမဟုတ်ကြောင်း သတ်ဖြတ်ခံရသည့် အမျိုးသား၏ ကျန်ရစ်သူမိသားစုက Frontier ကို ပြောကြားသည်။

နောက်တစ်နေ့တွင် သတင်းထောက်များသည် ဇူလိုင် ၉ ရက်နေ့ဖြစ်ပေါ်ခဲ့သည့် မသင်္ကာဖွယ် စစ်သွေးကြွများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းမိခဲ့သည့် တင်းမေရွာမှ ဘူးသီးတောင်သို့ လှေဖြင့်သွားရောက်ခဲ့ကြသည်။ ထိုသို့ သွားရောက်စဉ် မောင်နှမရွာကိုအဖြတ်တွင် ကမ်းဖက်သို့ လာရောက်ရန် အမျိုးသမီးတစ်အုပ်က သတင်းထောက်များကို လက်ယပ်ခေါ်ခဲ့သည်။ အာဏာပိုင်များနှင့် ညိနှိုင်းပြီးနောက် ရွာနေသူများ၏ ထွက်ဆိုချက်ကို နားထောင်ရန် သတင်းထောက်များအား ယင်းကျေးရာသို့ သွားရောက်ခွင့်ပြုခဲ့သည်။

ယင်းနေရာတွင် လုံခြုံရေးထူထပ်စွာချထားသဖြင့် ကြောက်ရွံ့နေရသည်ဟု ရွာသားများက ပြောကြားကြသည်။ ထိုဒေသသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်တိုင်း အဖမ်းခံရမည်ကို စိုးရိမ်၍ ၎င်းတို့၏ခင်ပွန်းများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမျိုးသမီးများက ပြောကြားကြသည်။ သက်သေအထောက်အထားမရှိသော်လည်း သောင်းကျန်းမှုနှင့် ဆက်နွယ်သည်ဟုဆိုကာ သားဖြစ်သူ ဆာဒဲအူလာ အဖမ်းခံထားရကြောင်း မာမူလာဟာတူက ပြောကြားသည်။ သားဖြစ်သူသည် ဘင်္ဂလားဒေ့ရှ်သို့ ခရီးသွားခဲ့သည်ဟု တစ်စုံတစ်ယောက်က အာဏာပိုင်များကို သတင်းပေးသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘာသာပြန်များမှတဆင့် သူမက သတင်းထောက်များကို ပြောကြားသည်။

သားဖြစ်သူမှာ ထောင်ခြောက်လ ချမှတ်ခံခဲ့ရသော်လည်း ရှစ်လကြာသည့်အထိ ပြန်လွှတ်မပေးသေးဟု သူမကဆိုသည်။ ထို့အပြင် မိသားစုက ၎င်းအတွက် ရှေ့နေငှားပေးရန် မတတ်နိုင်ဟုလည်း သူမက ဆက်လက်ပြောကြားခဲ့သည်။

သူဘာအမှားမှ မလုပ်ခဲ့ဘူး

ဇွန် ၁၅ ရက်နေ့တွင် မောင်တောင်မြို့နယ်ရှိ ရိုဟင်ဂျာရွာ သုံးရွာဖြစ်သည့် ကျားခေါင်းတောင်၊ ရေခတ်ချောင်ဂွဆုံနှင့် ဒါကြီးဇားတို့သို့ ဝင်ရောက်ခွင့်ပြုမည်ဟု အာဏာပိုင်များက သတင်းထောက်များကို ကတိပေးခဲ့သည်။ လုံခြံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်မှု အဖြစ်များဆုံးနေရာအချို့အဖြစ် စွပ်စွဲခံရသည့်နေရာအချို့လည်း ရှိနေသည်။

အချိန်အကန့်အသတ်ရှိသောကြောင့် သတင်းထောက်အဖွဲ့သည် ကျားခေါင်းတောင် ကျေးရွာ တစ်ရွာတည်းကိုသာ သွားရောက်နိုင်တော့သည်။ မီဒီယာအဖွဲ့၏ ခရီးစဉ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က အစောင့်အရှောက် ထူထပ်စွာ စီစဉ်ပေးခဲ့သည်။ ကျားခေါင်းတောင်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရွာသားများနှင့် စကားပြောဆိုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့နှင့် အတူမလိုက်ပါရန် သတင်းထောက်များက အတင်းအကျပ်ပြောဆိုခဲ့ကြသည်။

အဓမ္မဖမ်းဆီးမှုများနှင့် အခြား လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲချက်များမှာ လုံခြုံရေးအဖွဲ့များ မမြင်နိုင်သည့်နေရာအရောက်တွင် ရွာသားများထံမှ ထွက်ပေါ်လာခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလလယ်တွင် ပြုလုပ်သည့် နှိမ်နင်းမှုတစ်ခုတွင် အိမ်အချို့အား မီးရှို့နေသည်ကို မိမိတွေ့မြင်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် ၎င်းမည်သူမည်ဝါဆိုသည်ကို မပြောကြားခဲ့ပေ။ ရွာသား ၃၂ ဦး သတ်ဖြတ်ခံရပြီး ကလေးနှစ်ဦးအပါအဝင် ၁၀ ဦးအဖမ်းခံရသည်ဟု ၎င်းက Frontier ကို ပြောသည်။

အမျိုးသမီးအချို့ကလည်း ၎င်းတို့၏ခင်ပွန်းများနှင့် သားများမှာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားမရှိသော်လည်း နှိမ်နင်းမှုအတွင်း အဖမ်းခံထားရပြီး ယခုအထိ ပြန်လွှတ်မပေးသေးဟု သတင်းထောက်များကို ပြောကြားသည်။ “ကျွန်မသားကတော့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတုန်း အဖမ်းခံရတာပါ။ သူဘာအမှားမှ မလုပ်ခဲ့ပါဘူး” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် သတင်းများမှာ မှားယွင်းပြီး ရွာသားများမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ကရုဏာကို ရရှိရန် ၎င်းတို့၏ အိမ်များကို ကိုယ်တိုင် မီးရှို့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့တပ်မှူး သူရစန်းလွင်က ဇွန် ၁၄ ရက်နေ့က သတင်းစာရှင်လင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ မမှန်သတင်းများကို ဖော်ပြသည့်အတွက်လည်း မီဒီယာများကို ၎င်းကအပြစ်တင်ခဲ့သည်။

ဒေသတွင်းမှ ထွက်ပြေးသည့် လူအရေအတွက်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ခန့်မှန်းချက်ကိုလည်း ၎င်းကငြင်းဆိုခဲ့ပြီး မှတ်တမ်းများအရ အောက်တိုဘာလနောက်ပိုင်း လူ ၂၂,၀၀၀ သာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့တွင် သတင်းထောက်များသည် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်အစိုးရမှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြသည်။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများက အချို့အဖွဲ့အစည်းများ ပြောကြားသကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ကြောင်း ဦးညီပုက ငြင်းဆိုခဲ့သည်။

“စစ်ဆင်ရေးအတွင်း အသေးအမွှား မတော်တဆမှုလေးတွေတော့ ဖြစ်နိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းထောက်များ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့သွားရောက်ရန် အစိုးရက စီစဉ်ပေးသည့် မီဒီယာခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိပ် သုံးသပ်ချက် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို ဇူလိုင် ၂၄ ရက်နေ့ ထွက်ရှိမည့် Frontier Myanmar မဂ္ဂဇင်းတွင် ဖော်ပြသွားမည်ဖြစ်ကာ မြန်မာဘာသာဖြင့်လည်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသွားမည်ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.