မြန်မာ့စပါးကြီးမြွေဆိုတဲ့ ဘွဲ့အမည်ကို သက်သေပြခဲ့တဲ့ပွဲ

အောင်လအင်န်ဆန်ရဲ့ ဘယ်ခြေကန်ချက်ကြောင့် ပြိုင်ပွဲအသက်ဝင်လာချိန်က ပွဲအစ ၁၀ စက္ကန့်ပဲ ရှိပါသေးတယ်။ လျှင်မြန်တဲ့ခြေကန်ချက်တွေ၊ အချိန်တိုတွင်း ပွဲသိမ်းနိုင်မှုတွေကြောင့် နာမည်ကြီးတဲ့ သူ့ ပြိုင်ဖက် အလိန်းဂါလာနီဟာလည်း အငိုက်မိမခံခဲ့ပါဘူး။

မြန်မာ့စပါးကြီးမြွေဘွဲ့ခံ အောင်လဟာ နောက်ထပ် ၁၀ စက္ကန့်အကြာမှာပဲ သူ့ထက် ဝိတ်တန်းပိုမြင့်တဲ့ ကင်မရွန်းနွယ်ဖွား ဟဲဗီးဝိတ်တိုက်ခိုက်ရေးသမားရဲ့ အောက်ပိုင်းကို ညာခြေနဲ့ ဝှိက်သိမ်းဖို့ ထပ်မံ ကြိုးပမ်းခဲ့ သေးပေမယ့် မအောင်မြင်ပြန်ပါဘူး။

အမေရိကန် တောင်ခြင်္သေ့ဆိုတဲ့ အမည်ကိုယူထားတဲ့ အလိန်းဂါလာနီကတော့ သူ့ရဲ့ တိုက်ခိုက်မှုကို ပထမအချီရဲ့ စက္ကန့် ၃၀ အရောက်မှာမှ ညာခြေအောက်ပိုင်းကန်ချက်နဲ့ စတင်ခဲ့ပါတယ်။

နောက်ထပ် ၁၀ စက္ကန့်အကြာမှာတော့ ခြင်္သေ့ကြီးဟာ ညာခြေနဲ့ ရုတ်တရက် ခုန်ကန်ဖို့ကြိုစားခဲ့တာကြောင့် အောင်လတစ်ယောက် ညာထောက်လက်သီးတစ်လုံး လျှင်လျှင်မြန်မြန်ပစ်သွင်း ဟန့်တားလိုက်ရပါတယ်။ အဲဒီအချိန်အထိ ဘယ်သူ့ဘယ်သူမှတော့ ချက်ကောင်းမထိကြသေးပါဘူး။

adux3676.jpg

 title=

title=

ဒီလိုနဲ့ ၄၄ စက္ကန့်အရောက် သံဇကာနား ချောင်ပိတ်မိသွားတဲ့ ပြိုင်ဖက်ကို အောင်လက ညာလက်သီးနဲ့ ပစ်ထိုးလိုက်တဲ့နောက်မှာတော့ပွဲဟာ အရှိန်အမြင့်ဆုံးကို ရောက်လာပါတော့တယ်။ အလိန်းဂါလာနီဟာ သံဇကာနဲ့ ကျောချင်းအပ်တဲ့အထိ နောက်ကိုလှန်ပြီး ရှောင်လိုက်ရပေမယ့် အရှိန်လွန်လာတဲ့ အောင်လကိုတော့ အလွတ်မပေးခဲ့ပါဘူး။

ရှောင်တိမ်းရင်း ဖမ်းချုပ် ကြမ်းပြင်ပေါ်လှဲချနိုင်ခဲ့လို့ အပေါ်စီးကနေ အသာရသွားတဲ့ ခြင်္သေ့ကြီးဟာ လက်သီး ချက်တွေ တရစပ်ပစ်သွင်း၊ ပက်လက် ဖြစ်နေတဲ့ အောင်လက ပြိုင်ဖက်ရဲ့ ခြေတွေလက်တွေကို ချုပ်ပြီး အထိမနာအောင် အားထုတ်၊ ဒီအခြေအနေတွေကြောင့် ပွဲဟာအတော့်ကို မြိုင်လာခဲ့ပါပြီ။

အလိန်းဂါလာနီဟာ ဒီအခြေအနေအတိုင်း ၂ မိနစ်နီးပါး အသာစီးရခဲ့ပေမယ့် မြန်မာ့စပါးကြီးမြွေရဲ့ ချုပ်ကွက်ကို ကျော်လွန်ပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၃ မိနစ် ၂၀ စက္ကန့်အရောက်မှာတော့ မတ်တပ် ပြန်ထလာနိုင်တဲ့ အောင်လက သူ့ထက်အရပ် နှစ်လက်မခန့်နိမ့်တဲ့ အလိန်းဂါလာနီရဲ့ လည်ပင်းကို ညာလက်နဲ့ချုပ်ကာ ညှစ်ထားပြီး ကိုယ်ကိုနောက်ပြန်လှဲချရင်း ပြိုင်ဖက်ကို အထိနာဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် ခြင်္သေ့ကြီးဟာ အကောင်းဆုံးပြန်ရုန်းထွက်နိုင်ခဲ့ပြီး ကြမ်းပြင်ပေါ်က အောင်လကို အထက်စီးက ထိုးသတ်ဖို့ နောက်တစ်ကြိမ် အခွင့်အရေးရသွားခဲ့ပြန်ပါတယ်။ အလိန်းဂါလာနီရဲ့ ဒီတစ်ကြိမ် အပေါ်စီးရမှုက ပထမအကြိမ်ကလိုတော့ အချိန်သိပ်မကြာလိုက်ပဲ အောင်လဟာ စက္ကန့် ၂၀ အတွင်း ပြန်ထလာနိုင်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း အောင်လဟာ အလိန်းဂါလာနီရဲ့ လည်ပင်းကို ညာလက်နဲ့ ညှစ်၊ ဘယ်လက်ကိုချုပ်တဲ့ ဗျူဟာကို ထပ်မံကျင့်သုံးပြန်တယ်။ ဒီတစ်ခေါက်မှာလည်း MMA မစ်ဒယ်ဝိတ်တန်းရဲ့ ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ အောင်လရဲ့ အားထုတ်မှုကို ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လေးကြိမ်ဖြစ်ဖူးတဲ့ ခြင်္သေ့ကြီးက ထပ်မံခွင့်ပြုခဲ့ရပြီး ဒါကပဲပြိုင်ပွဲရဲ့ အဆုံးသတ်ဖြစ်စေခဲ့ပါတယ်။

ပြိုင်ဖက်ရဲ့ ဦးခေါင်းကို ညာနံစောင်းထဲထည့် လည်ပင်းကို ဖြစ်ညှစ်ချုပ်ကိုင်၊ အရှိန်နဲ့နောက်ပြန်လှဲချတဲ့ အောင်လရဲ့ တိုက်ကွက်ထဲ နောက်တစ်ကြိမ် ကျရောက်ခဲ့ပြန်တဲ့ ခြင်္သေ့ကြီးဟာ ဒီတစ်ချီမှာတော့ စက္ကန့်ပိုင်း တောင် တောင့်မခံနိုင်ဘဲ ပြိုင်ကွင်းကြမ်းပြင်ကို လက်နဲ့ပုတ်ကာ အရှုံးပေးလိုက်ရပါတော့တယ်။

adux3721.jpg

 title=

title=

ဒီနိုင်ပွဲဟာ အသက် ၃၂ နှစ်အရွယ် ကချင်လူမျိုး အောင်လအင်န်ဆန်ရဲ့ ချန်ပီယံဘွဲ့နဲ့တော့ မသက်ဆိုင်ပါဘူး။ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစား ပြိုင်ပွဲရုံ (၁)မှာ နိုဝင်ဘာ ၃ ရက်နေ့ညက ကျင်းပခဲ့တဲ့ One Championship ရဲ့ အထူးစိန်ခေါ်ပွဲစဉ်တစ်ခုကို အနိုင်ရလိုက်တာပဲဖြစ်ပါတယ်။

ချုပ်အား၊ ညှစ်အားသန်လို့ ကြောက်စရာအဖြစ်နာမည်ကျော်တဲ့ မြန်မာ့စပါးကြီးမြွေကို ဘွဲ့ အဖြစ် အမည်ယူထားတဲ့ အောင်လဟာ ငါးမိနစ်တစ်ချီ သတ်မှတ်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲရဲ့ ပထမအချီ ၄ မိနစ်နဲ့ ၃၁ စက္ကန့်မှာပဲ ပွဲသိမ်းနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ “ကျွန်တော်တောင်းပန်တယ်၊ ဒီလောက်သိပ်မကောင်းလို့” လို့ အောင်လအန်ဆန်က မီဒီယာ တွေကို ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့မြန်မာတွေ စည်းလုံးကြမယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူးဗျာ” လို့လည်း သူ့ရဲ့ Facebook စာမျက်နှာမှာ သူက ရေးသားထားပါသေးတယ်။

အဲဒီပွဲကို ပရိသတ်အမြောက်အများ လာရောက်ကြည့်ရှုကြတဲ့အတွက် အားကစားရုံတစ်ခုလုံး ပြည့်လျှံသွားခဲ့ပြီး ဝင်ခွင့်မရလို့ ဝင်ပေါက်ကနေ ပြန်လှည့်သွားခဲ့ရသူတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အချိန်တိုအတွင်း အရှုံးပေးသွားတဲ့ အလိန်းဂါလာနီကြောင့် အားမလိုအားမရ ဖြစ်တဲ့အကြောင်း၊ ငွေအတွက်ထိုးတဲ့ပွဲဖြစ်တဲ့အကြောင်း စသဖြင့် Facebook ပေါ်မှာ ရေးသားထားကြတာတွေလည်း တွေ့ရှိရပါတယ်။

ဒါပေမယ့် ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးဇေသီဟကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။

“လုပ်ပွဲသာဖြစ်ခဲ့မယ်ဆိုရင် ၅ ချီထိ ဆွဲခေါ် ထိုးသွားမှာပါ။ ဘာဖြစ်လို့လဲသိလား။ Skynet မှာ လက်ခံထားတဲ့ ကြော်ငြာတွေကို ဘယ်လို ပြန်ရှင်းပေးရမလဲဆိုတာ တွေးကြည့်ပေါ့။ ဒီတစ်ခေါက် Skynet ကြော်ငြာက တစ်ချီစာပဲရလို့ မကိုက်ဘူးဆိုတာ အားလုံးသိစေချင်ပါတယ်” လို့ သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.