ကမ္ဘာ့ချန်ပီယံဆုအတွက် ရန်ကုန်တွင် ဒုတိယအကြိမ် လာရောက်ထိုးသတ်မည့် အောင်လအန်ဆိုင်း

ရန်ကုန်၊ ဇွန် ၅

“မြန်မာ့စပါးကြီးမြွေ” ဟု ထင်ရှားသည့် အောင်လအန်ဆိုင်းသည် ကမ္ဘာ့ချန်ပီယံဆုအတွက် ဗစ်တာလီ ဘစ်ဒက်ရှ်နှင့် ယခုလ ၃၀ ရက်နေ့၌ ရန်ကုန်မြို့တွင် ထပ်မံ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် ONE Middleweight World Championship ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် စိန်ခေါ်ထိုးသတ်ခဲ့ကြစဉ် အောင်လအန်ဆိုင်းက ဘစ်ဒက်ရှက်ကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုစဉ်က ပြိုင်ပွဲမစတင်မီ ရက်သတ္တပတ် နှစ်ပတ်ခန့်အလိုမှသာ စတင်ပြင်ဆင်ခဲ့ရသောကြောင့် အကောင်းဆုံး မထိုးသတ်နိုင်ခဲ့ဟု အောင်လအန်ဆိုင်းက ပြောကြားသည်။

“အရင်ပြိုင်ပွဲတုန်းက ပြိုင်ပွဲနားနီးတော့မှ သိခဲ့ရလို့ အကောင်းဆုံး မထိုးသတ်နိုင်ခဲ့ဘူး။ အခုဒီပွဲမှာတော့ စခန်းသွင်းလေ့ကျင့်ချိန် အပြည့်နဲ့ ပြင်ဆင်ချိန်ကောင်းကောင်းရတဲ့အတွက် ကျွန်တော် လုပ်နိုင်စွမ်းရှိသမျှထက်ပိုပြီး အကောင်းဆုံးဖြစ်စေရမယ်လို့ ကတိပြုပါတယ်” ဟု အောင်လအန်ဆိုင်းက ဆိုသည်။

ထို့ပြင် ၎င်းဘဝ၏ အကြီးမားဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်သောကြောင့် စိန်ခေါ်သူတစ်ဦးအနေဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသသွားမည်ဟုလည်း ၎င်းက ပြောကြားထားသည်။

အောင်လအန်ဆိုင်း (၁၉ ပွဲနိုင်၊ ၁၀ ပွဲရှုံး၊ ၁ ပွဲ အရှုံးအနိုင်မပေါ်) နှင့် ဗစ်တာလီ ဘစ်ဒက်ရှ် (၉ ပွဲနိုင်၊ ရှုံးပွဲမရှိ) တို့၏ ပြိုင်ပွဲကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ONE: LIGHT OF A NATION ၏ အဓိကတွဲဆိုင်းအဖြစ် ထိုးသတ်မည်ဖြစ်သည်ဟု Once Championship က သတင်းထုတ်ပြန်ထားသည်။

“ရန်ကုန်က ကျွန်တော့်ပရိသတ်တွေရဲ့ရှေ့မှာ အခုလိုယှဉ်ပြိုင်ရမှာကို အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ် ပြန်ယူဆောင်လာပေးနိုင်ဖို့ အားကုန်ယှဉ်ပြိုင်သွားမယ်လို့လည်း ကတိပေးပါတယ်။ အခုပြိုင်ပွဲက အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဖြစ်လာမှာပါ။ အဲဒီညမှာ ပိုတော်တဲ့သူက အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မှာပေါ့ဗျာ”ဟု အောင်လအန်ဆိုင်းက ပြောကြားသည်။

လက်ရှိချန်ပီယံ ရွှေခါးပတ်ပိုင်ရှင် ဘစ်ဒက်ရှ်က ၎င်းနှင့် ထိုးသတ်ခဲ့ဖူးသမျှထဲတွင် အောင်လအန်ဆိုင်းက အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦးဖြစ်သည်ဟု ဝန်ခံခဲ့သော်လည်း ချန်ပီယံဆုကိုတော့ လွှဲပြောင်းပေးရမည်ဟု မထင်ဟု ပြောကြားသည်။

“အောင်လအန်ဆိုင်းဟာ ကျွန်တော်ယှဉ်ပြိုင်ခဲ့သူသမျှ ပြိုင်ဘက်တွေထဲမှာ အမာဆုံးနဲ့ အတောင့်ခံနိုင်ဆုံး သူတစ်ယောက် ဖြစ်ပါတယ်။ အခုလို သူ့ရဲ့ဇာတိမြေမှာ လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ၎င်းကပြောကြားသည်။

ပြိုင်ဘက်မြေတွင် ယှဉ်ပြိုင်ရခြင်းကြောင့် တပန်းရှုံးနေသော်လည်း အောင်မြင်မှုကိုရယူနိုင်မည်ဟုလည်း ၎င်းကပြောကြားသည်။

“ပြိုင်ဘက်ရဲ့ဇာတိဖြစ်လို့ သူ့ဘက်က အားသာသွားမယ်လို့တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ကယ့် ချန်ပီယံတစ်ယောက်ဆိုတာ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်နိုင်လို့ပါပဲ” ဟု ၎င်းက ဆိုသည်။

“ကြိုးဝိုင်းထဲကို ပြန်ဝင်လာရတဲ့အတွက် စိတ်လှုပ်ရှားမိပြီး ဒီပွဲဟာ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ အောင်လအန်ဆိုင်းနဲ့ သူ့ရဲ့ထိုးသတ်ပုံတွေကို လေးစားပေမယ့်လည်း ကျွန်တော် အိမ်ကိုပြန်တဲ့အခါမှာတော့ အောင်မြင်မှုနဲ့အတူ ပြန်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပါတ်ကလည်း ကျွန်တော့်ပခုံးပေါ်မှာပဲ ရှိနေမှာပါ” ဟု ဘစ်ဒက်ရှက် ပြောကြားသည်။

မြစ်ကြီးနားဇာတိ ကချင်လူမျိုးတစ်ဦးဖြစ်သူ အောင်လအန်ဆိုင်းသည် ၎င်း၏ ပြိုင်ဘက်ကို ဖမ်းချုပ်ရစ်ပတ် တိုက်ခိုက်သည့်ဟန်ကြောင့် “မြန်မာ့ စပါးကြီးမြွေ” ဟူသည့် ဂုဏ်ပုဒ်ကိုရရှိခဲ့ခြင်းဖြစ်ကာ ဂျာကာတာတွင် ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်ဖြင့် မရှုံးနိမ့်ခင်က လေးပွဲဆက် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ အောက်တိုဘာ ၇ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် One Championship ဘက်စုံကိုယ်ခံပညာသုံးပြိုင်ပွဲ (MMA) တွင် အောင်လအန်ဆိုင်းက ပြိုင်ဘက်ပိုလန်နိုင်ငံသား မိုက်ကယ်ပတ်စတာနာ့ခ်အား သုံးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ကာ အနိုင်ရခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.