အောင်လအန်ဆန်နှင့် ဘရာဇီးချန်ပီယံတို့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုအတွက် ထိုးသတ်မည်

လာမည့် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပမည့် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ (ONE: QUEST FOR GOLD) တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အောင်လအန်ဆန်က ဘရာဇီးမှ ကမ္ဘာ့ချန်ပီယံ Alexandre Machado နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

“ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် အနိုင်ရလိုက်တာက ကျွန်တော်ရဲ့ကစားသမားဘဝမှာ အကြီးမားဆုံး အောင်မြင်မှု မှတ်တိုင်ဖြစ်ပါတယ်။ ဒီချန်ပီယံခါးပတ်ကို ကာကွယ်ဖို့နဲ့ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်ယူနိုင်စေဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ONE Championship ၏ သတင်းထုတ်ပြန်ချက်တွင် အောင်လအန်ဆန်က ပြောကြားထားသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် သူ၏ နာမည်ကျော် ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် “မြန်မာစပါးအုံး” အဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံထားရသူဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇွန် ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့်ပွဲတွင် ဗိုက်တလီဘစ်ဒက်ရှ်ကို အလဲထိုးကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူခဲ့သူလည်းဖြစ်သည်။

ထို့ပြင် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ONE Championship ၏ ပထမဆုံး ဝိတ်တန်းလွတ် အထူးကစားပွဲ (Open Weight Super-Bout) တွင် ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင်ချိန်ပီယံ အလိန်းဂါလာနီကို ပထမအချီမှာပင် အလဲထိုး အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။

“ကျွန်တော်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့်သူကတော့ ဘရာဇီးနိုင်ငံသား Alexandre Machado ဖြစ်ပြီး Light Heavyweight တန်း ပြိုင်ပွဲဖြစ်ပါတယ်။ အခုပွဲက ကျွန်တော့်အတွက် မူလရရှိထားတဲ့ မစ်ဒယ်ဝိတ် (Middleweight) ခါးပတ်ကို အနိုင်/အရှုံးမထိခိုက်စေဘဲ နောက်ထပ် လိုက်ဟဲဗီးဝိတ် (Light Heavyweight) ခါးပတ်တစ်ခုကို ရရှိပိုင်ဆိုင်စေဖို့ အခွင့်အရေးရစေမယ့် ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါမယ်ဗျာ။ အစွမ်းကုန် ပြင်ဆင်ထားပါတယ်” ဟု အောင်လအန်ဆိုင်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဘရာဇီးနိုင်ငံမှ ဟဲဗီးဝိတ်တန်းချန်ပီယံ Alexandre Machado သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးဖြစ်ပြီး လှပသေသပ်သော ချုပ်ကွက်များ၊ အတုံးအရုံး လဲကျသွားစေလောက်သည့် ထိုးသတ်ချက်များနှင့် အမှတ်ယူတတ်သူတစ်ဦးဖြစ်သည်ဟု ONE Championship ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဘရာဇီး ဂျူ-ဂျစ်ဆု ခါးပတ်နက်ပိုင်ရှင်ဖြစ်သလို ၎င်း၏ နောက်ဆုံးပွဲစဉ်တွင် အလိန်းဂါလာနီကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိထားသူလည်းဖြစ်သည်။

အောင်လအန်ဆိုင်းနှင့် Alexandre Machado တို့ပြိုင်ပွဲအပါအဝင် အခြားပွဲဆိုင်းများ ပါဝင်မည့် ONE: QUEST FOR GOLD ပြိုင်ပွဲအား ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဍမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။