ဉာဏ်လှိုင်လင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်သက်တမ်း နှစ်နှစ်စွန်းချိန်အတွင်း ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြန်ပြင်ဆင်ဖို့ ကြိုးစားနေပါပြီ။
လွန်ခဲ့တဲ့ လေးရက်မှာ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အမျိးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းတဲ့ ပြင်ဆင်ချက် နှစ်ရပ်ပါ အဲဒီ ဥပဒေကြမ်းကို ဒီနေ့မှာပဲ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ထောက်ခံတဲ့ အစီရင်ခံစာတစ်စောင် တင်သွင်းလိုက်တာပါ။
ဒေါက်တာမြတ်ဉာဏစိုးဟာ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပြီး အဲဒီဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နဲ့ ကော်မတီက တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် စာသားအချို့ ပြင်ဆင်ဖြည့်စွက်ခဲ့တာပါ။
ဥပဒေကြမ်းပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်ဆိုတဲ့ စကားရပ်ရဲ့ နောက်မှာ “အစီအစဉ် အပြည့်အစုံ”လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ခဲ့ပါတယ်။
ဒါကြောင့် မူလ ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဃ)ဟာ “ငြိမ်းချမ်းစွာ စုဝေးခြင်း၊ သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်း”ဆိုပြီး ဖြစ် သွားမှာပါ။ ဒီပုဒ်မဟာ ဆန္ဒပြပွဲအတွက် အသိပေးတင်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များပါဝင်တဲ့ မူလဥပဒေ အခန်း (၃)ရဲ့အောက်မှာပါဝင်ပါတယ်။
နောက်ထပ်ပြင်ဆင်ချက်တစ်ရပ်ကတော့ မူလဥပဒေ အခန်း ၇ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ ခေါင်းစဉ်အောက်က ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ကိုတော့ ဒေါက်တာမြတ်ဉာဏစိုးတင်သွင်းခဲ့တဲ့ စာသားနေရာမှာ ရေးထုံးအနည်းငယ်ကိုသာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ခဲ့တာပါ။
ဒါကြောင့် မူလဥပဒေ အခန်း (၇)ပါ ပုဒ်မ ၁၈ ဟာ “ပြည်သူတို့၏ ကိုယ်ကျင့်တရား ပျက်ပြားစေရန်၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင်လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”လို့ ဖြစ်သွားမှာပါ။
ပထမပြင်ဆင်ချက်ဟာ ဆန္ဒပြပွဲအတွက် အသိပေးတင်ပြရာမှာ ကုန်ကျစရိတ်ကျခံမယ့်လူ၊ ဒါမှမဟုတ် အဖွဲ့ အစည်းကိုပါ ထည့်သွင်းတင်ပြဖို့ ဖြစ်ပါတယ်။ ဒုတိယပြင်ဆင်ချက်ကတော့ ပြည်သူတို့ ကိုယ်ကျင့်တရား ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းတစ်ခုခုကို အသုံးပြုပြီး ဆန္ဒပြပွဲဖြစ်မြောက်အောင် လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်း၊ တိုက်တွန်းတယ်ဆိုရင် အရေးယူ ခံရမယ်ဆိုတာပါ။
ပထမပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့မယ်ဆိုရင်တော့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြပွဲခွင့်ပြုမိန့်ကို ၄၈ နာရီ ကြိုတင်တဲ့အခါ အစီအစဉ်အပြည့်အစုံနဲ့အတူ ခန့်မှန်းကုန်ကျစရိတ်၊ ကုန်ကျခံမည့် ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းကိုပါ ထည့်သွင်း တင်ပြရတော့မှာပါ။ ဒုတိယပြင်ဆင်ချက်ကတော့ မူလဥပဒေအရ ရဲအရေးပိုင်တဲ့ ပုဒ်မမဟုတ်တဲ့အတွက် ဒီပြစ်မှုနဲ့ အရေးယူဖို့ဆိုရင် တိုင်ကြားမှုတစ်ခုခုရှိဖို့ လိုအပ်မှာပါ။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့(အသံ)က အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကတော့ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တွေကို အပြည့်အဝ မပေးနိုင်သေးတဲ့ ဥပဒေပါ အချက်တွေကို မပြင်ဆင်ဘဲ ပိုမိုရှုပ်ထွေး၊ တင်းကြပ်မယ့် ပြဋ္ဌာန်းချက်တွေထပ်ဖြည့်တာဟာ မဖြစ်သင့်ဘူးလို့ Frontier ကိုပြောပါတယ်။
ဆန္ဒပြချင်ရင် ကိုယ်ရေးအချက်အလက်တွေကအစ ကြွေးကြော်သံတွေအဆုံး ၄၈ နာရီကြိုပေးနေရတာကြောင့် ချက်ခြင်းပြုလုပ်ဖို့လိုတဲ့ ဆန္ဒဖော်ထုတ်မှုတွေမလုပ်နိုင်တဲ့ အကန့်အသတ်လိုဟာမျိုးတွေကို မပြင်ဆင်ဘဲ ဆန္ဒပြမှုကို ထိန်းချုပ်လိုတဲ့ ပုံစံမျိုး၊ ငွေပေးခိုင်းစေတဲ့ ဆန္ဒပြပွဲတွေကို အပြစ်ပေးလိုတဲ့ ပြင်ဆင်ချက်မျိုးတွေသာဖြစ်နေတာကို အံ့သြမိတယ်လို့ သူကဆိုတယ်။
“ခက်တာက တစ်ဖက်တည်း စဉ်းစားလို့မရဘူး။ အခုက သူတို့အပြစ်ပေးချင်တဲ့သူတွေကိုပဲ ရည်ရွယ်ပြီး တစ်ဖက်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်လောက်ထိ အတားအဆီးဖြစ်နိုင်လဲဆိုတာကို ထည့်မစဉ်းစားဘူး”လို့ မောင်ဆောင်းခက ဆိုပါတယ်။
ဒါ့အပြင် ငါးရက်အတွင်း ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဥပဒေပြင်ဆင်ရေးကိစ္စကိုလည်း သူက ဝေဖန်ပါသေးတယ်။ “ ဒီတစ်ခါလုပ်တာကတော့ အတော်ကြီးကို ဆိုးရွားတယ်လို့ ပြောရမှာပဲ။ ဘယ်သူမှ ထင်မထားတဲ့အချိန်မှာ ထလုပ်တယ်”လို့ မောင်ဆောင်းခက ပြောပါတယ်။
NLD လွှတ်တော်ကာလ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ ပြင်ဆင်ခဲ့ချိန်တုန်းကလည်း အဲဒီဥပဒေအပေါ် သဘောထား ပြောခွင့်ရဖို့ အသည်းအသန်ကြိုးစားနိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ လုပ်မယ်မှန်း သိတောင်မသိလိုက်ရဘူး လို့ သူက ဆိုတယ်။
“လွှတ်တော်ဆိုတာ ပြည်သူလူထုရဲ့ အသံကို အခြေခံရမှာ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာကိုး။ ပြည်သူတွေရဲ့ အသံတွေ သဘောထားတွေကို မမြစ်မနေ နားထောင်ဖို့လိုအပ်ပါတယ်”လို့ မောင်ဆောင်းခက ဆိုပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကတော့ ဒီဥပဒေကြမ်းပြင်ဆင်ချက်ကို ဆွေးနွေးလိုတဲ့အမတ်တွေ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပြီးအမည်စာရင်တင်သွင်းဖို့ ဒီနေ့အစည်းအဝေးမှာ တပါတည်း အသိပေးလိုက်ပါတယ်။
ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်ထံပေးပို့၊ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုတွေရှိရင် ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူတဲ့အဆင့်တွေ ဆက်လက်ဆောင်ရွက်ဖို့ရှိနေပါတယ်။
ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအစလို့ခေါ်ဆိုနိုင်တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမဆုံးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်ပါတယ်။ မူလဥပဒေကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြဋ္ဌာန်းခဲ့တာပါ။
အဲဒီအချိန်တုန်းက ပြည်ထောင်စုလွှတ်တော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က ဦးဆောင်ခဲ့ပြီး သူ့ရဲ့ ၂၀၁၁ – ၁၅ လွှတ်တော်သက်တမ်းအတွင်း ၂၀၁၄ ခုနှစ်၊ ဇွန်လမှာ တစ်ကြိမ် ပြန်ပြင်ခဲ့ပါတယ်။
၂၀၁၆ -၂၀ ပြည်ထောင်စုလွှတ်တော်သက်တမ်းကို တာဝန်ယူတဲ့ NLD လက်ထက် စစခြင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာလည်း အဲဒီဥပဒေကို တစ်ကြိမ်ပြင်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ဒီနေ့မှာ နောက်တစ်ကြိမ် ပြန်ပြင်ဖို့ ထပ်မံ ဆောင်ရွက်တာဖြစ်ပါတယ်။