မူဆလင်များနှင့် ပတ်သက်ပြီး လှုံဆော်သည့် ရေးသားပြောဆိုမှုများအား Facebook တွင် လွှင့်တင်လေ့ရှိသူ ဦးဝီရသူ၏ စာမျက်နှာအား ဖယ်ရှားလိုက်ပြီဖြစ်သည်ဟု Facebook က အတည်ပြုပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
အမျိုးသားရေးလှုပ်ရှားသူဟု ထင်ရှားသည့် ဦးဝီရသူ၏ Facebook စာမျက်နှာအား Follow ပြုလုပ်ထားသူ သိန်းနှင့်ချီရှိနေပြီး ဦးဝီရသူက အဆိုပါစာမျက်နှာကိုအသုံးပြုကာ အမုန်းစကားရေးသား ပြောဆိုမှုများကို ပြုလုပ်လေ့ရှိသည်။
ဦးဝီရသူ၏ အဆိုပါစာမျက်နှာအား Facebook ပေါ်မှ ဖယ်ရှားလိုက်ပြီးဖြစ်သည်ဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို တနင်္လာနေ့ညနေက အတည်ပြု ပြောကြားခဲ့သည်။
“အခြားသူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို တားဆီးဖို့ ကျွန်တော်တို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်” ဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်မှတစ်ဆင့် ပြောကြားသည်။
ထိုကဲ့သို့ အမုန်းတရား တိုးပွားလာအောင် လုပ်ဆောင်နေသည့် အကြောင်းအရာများကို ရေးသားလွှင့်ထုတ်နေသူများအား Facebook မှ ခေတ္တတားမြစ်ခြင်း၊ သို့မဟုတ် အကောင့်အား အပြီးတိုင် ဖယ်ရှားခြင်းများ လုပ်ဆောင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဦးဝီရသူ၏ စာမျက်နှာအား ဇန်နဝါရီလနှောင်းပိုင်းက ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ဖယ်ရှားခံရခြင်းနှင့် ပတ်သက်ပြီး ဦးဝီရသူအား မေးမြန်းနိုင်ခြင်းမရှိသေးပေ။ သို့သော် ပြီးခဲ့သည့်နှစ်က ရက် ၃၀ တားမြစ်ခံခဲ့ရချိန်ကမူ “Facebook အား မူဆလင်များက သိမ်းပိုက်ထားလိုက်ပြီ” ဟု ဦးဝီရသူက ဗီဒီယိုထဲတွင် ပြောကြားခဲ့သည်။