အေအက်ဖ်ပီ
ဆွာချောင်းရေလှောင်တမံက ရေတွေ လျှံကျတာကြောင့် ရွာပေါင်း ၁၀၀ ခန့် ရေလွှမ်းသွားပြီး အဓိကအဝေးပြေးလမ်းမကြီးကို ပိတ်ဆို့သွားစေတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
မိုးများလွန်းတဲ့အတွက် ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ဆွာချောင်းရေလှောင်တမံရဲ့ ရေပိုလွှဲဟာ သြဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆည်က လျှံကျလာတဲ့ရေတွေဟာ မြေပြန့်ဒေသထဲကို စီးဆင်းလာတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်သလောက်သယ်ယူရင်း အိုးအိမ်တွေစွန့်ခွာကာ ခြေလျှင် ထွက်ပြေးခဲ့ကြရတာကို လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးပါတဲ့မြို့တော်တွေကို ချိတ်ဆက်ထားတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က တံတားတစ်စင်းဟာလည်း ရေစီးအားကြောင့် ပျက်စီးသွားခဲ့ပါတယ်။
“ရေဘေးသင့်သူအရေအတွက် အတိအကျကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့် နေထိုင်သူပေါင်း ၅၀,၀၀၀ လောက်ရှိမယ့် ကျေးရွာတွေကို ရေတွေရောက်ရှိသွားပြီဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
ရေကြီးမှုဒဏ်ကို ကျေးရွာပေါင်း ၁၀၀ လောက်က အိမ်ထောင်စု ၁၂,၀၀၀ လောက် ခံစားနေရတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
နိုင်ငံတကာက ဖိအားတွေ၊ ဝေဖန်မှုတွေ ခံနေရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲဒီနေရာကို အလျှင်အမြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။
“ကျွန်တော်တို့ အတူတူလုပ်ကြမှ ရမယ်” လို့ သူက ဒေသခံသတင်းထောက်တွေကို ပြောပါတယ်။ “လက်ရှိမှာ ရေပိုလွှဲကို မထိန်းနိုင်သေးဘူး။ ရေကလည်း ရပ်မှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။
ရေကြီးမှုဖြစ်ပွားတဲ့နေရာကို လှေတွေကို တင်ဆောင်ထားတဲ့ စစ်ကားတွေ သွားနေတာကို အေအက်ဖ်ပီသတင်းထောက်က မြင်တွေ့ခဲ့ပါတယ်။
နေရပ်စွန့်ခွာလာသူတွေအတွက် ယာယီစခန်းတွေကို တည်ထောင်ထားသလို အချို့တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။
“ဒါပေမယ့် လူဘယ်နှစ်ယောက် ထွက်ပြေးလာတယ်ဆိုတာနဲ့ ရွာတွေမှာ လူတွေဘယ်လောက် ကျန်နေသေးလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ကျွန်မတို့ မရရှိသေးပါဘူး” လို့ သူကပြောပါတယ်။