ရေကြီးမှုများကြောင့် အိုးအိမ်စွန့်ခွာရသူ တစ်သိန်းခွဲအထိ ရှိလာ၊ မိုးဆက်လက် ရွာသွန်းနေမှုကြောင့် စိုးရိမ်ပူပန်နေ

အေအက်ဖ်ပီ

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသည့် ရေကြီးမှုများကြောင့် လူပေါင်း တစ်သိန်းခွဲခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၁၂ ဦးခန့် သေဆုံးခဲ့ရသလို မိုးများ ထပ်မံရွာသွန်းနေတဲ့အတွက် ရေတားတာတွေ ကျိုးပေါက်သွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

စိုက်ပျိုးမြေဧရိယာအများအပြားဟာ ရွှံ့ရေတွေအောက်မှာ နစ်မြုတ်နေပြီး ရွာတွေက နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေကြသူတွေ၊ ထွက်မပြေးနိုင်သူတွေထံကို ကယ်ဆယ်ရေးအဖွဲ့တွေက လှေတွေနဲ့ သွားရောက်ကာ အစားအစာတွေ ပို့ဆောင်ပေးနေကြပါတယ်။

ပဲခူးတိုင်းဒေသကြီးက မဒေါက်မြို့မှာလည်း ရေက စိုးရိမ်ဖွယ်ဖြစ်နေတဲ့ တာထိပ်ကို ရောက်ရှိဖို့ လက်မအနည်းငယ်ပဲ လိုပါတော့တယ်။ အခုထိတော့ တာက ကြံ့ကြံ့ခံနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မိုးတွေ ထပ်မံ ရွာသွန်းနေတာကြောင့် ဘေးအန္တရာယ် ကျရောက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“နောက်တစ်ကြိမ် ရေကြီးလာတာကို တာက တောင့်မခံနိုင်ဘူးဆိုရင် နောက်ထပ်ရွာတွေအများကြီး ဒုက္ခရောက်မှာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလှိုင်မင်းဦးက ရေဘေးသင့်သူတွေထံကို ပေးပို့မယ့် စားနပ်ရိက္ခာတွေကို လုပ်အားပေးတွေက လှေပေါ်နေတင်နေကြတာ ကြီးကြပ်ရင်း အေအက်ဖ်ပီကို ပြောပါတယ်။

“အခုချိန်ထိတော့ ရေကျသွားမယ့် အလားအလာ နဲနဲပဲရှိတယ်” လို့ သူက ပြောပါတယ်။

ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီတို့မှာ ဆည်နဲ့ တာတမံ ၃၆ ခု လျှံကျနေတဲ့အတွက် ဒေသခံတွေကို အိုးအိမ်စွန့်ခွာကြဖို့ အသိပေးထားတယ်လို့ နိုင်ငံပိုင်းသတင်းဌာနက ပြောကြားပါတယ်။

ရေဘေးသင့်သူ ၁၄၈,၃၈၆ ဦးဟာ စခန်း ၃၂၇ ခုမှာ ခိုလှုံနေကြရတယ်လို့ နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၁ ရက်နေ့မှာ ပြောကြားပါတယ်။

မြန်မာ့အလင်းသတင်းစာရဲ့အဆိုအရ လူပေါင်း ၂၈,၀၀၀ ဟာ သူတို့ရဲ့ အိမ်တွေမှာ ဆက်လက် နေထိုင်နေကြဆဲဖြစ်ပါတယ်။ သူတို့ဟာ ကယ်ဆယ်ရေးစခန်းတွေကို မသွားနိုင်ကြတာ၊ ဒါမှမဟုတ် ရေပြန်ကျနေပြီလို့ ယူဆကြတဲ့အတွက် နေအိမ်တွေကို မစွန့်ခွာကြတာ ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က အေအက်ဖ်ပီသတင်းထောက်တွေဟာ ရွှေကျင်ခရိုင်က မအူပင်ကျေးရွာကို ရောက်ရှိဖို့ ကယ်ဆယ်ရေးလှေနဲ့ နာရီပေါင်းများစွာ သွားခဲ့ရပါတယ်။ လမ်းတစ်လျောက်မှာတော့ တစ်ဝက်တစ်ပျက် နစ်မြုတ်နေတဲ့ သက်ကယ်မိုးအိမ်တွေကို တွေ့ရှိခဲ့ပြီး ပိတ်မိနေတဲ့ ဒေသခံတွေက အိမ်အပေါ်ထပ် ပြတင်းပေါက်တွေကနေ ငေးကြည့်နေကြပါတယ်။

အိမ်ခြေ ၁၀၈ လုံးရှိတဲ့ မအူပင်မှာတော့ လှူဒါန်းကြတဲ့ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ ဘီစကတ်တွေကို ဘုန်းတော်ကြီးငါးပါးရှိတဲ့ ဘုန်းကြီးကျောင်းမှာ စုဆောင်းထားပါတယ်။

“ကျွန်တော်တို့အိမ်က မြစ်ကမ်းနဖူးလေးတင်၊ အဲဒါကြောင့် ပိုမြင့်တဲ့နေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားနေတယ်” လို့ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဦးအုန်းမြင့်က ကီလိုမီတာအနည်းငယ် အကွာအဝေးမှာ ရှိနေတဲ့တောင်ကုန်းတွေကို လက်ညှိုးထိုးပြပြီး ပြောပါတယ်။

သူ့ရဲ့ စိုက်ခင်းတွေ ရေလွှမ်းသွားမှာကို အစောပိုင်းက စိုးရိမ် စိတ်ပူနေခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် လယ်သမားနဲ့ တံငါသည်တစ်ဦးဖြစ်သူ ဦးဝင်းကြူရဲ့ စိုက်ခင်းတွေကတော့ ရေအောက်ကို လုံးလုံးနစ်မြုတ်သွားပါပြီ။

“ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကလည်း ဒါမျိုး ရေကြီးတာကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ဖူးတယ်။ ဒီနှစ်ကတော့ ပိုဆိုးတယ်” လို့ သူကပြောပါတယ်။ “ဒါမျိုးဆက်ဖြစ်နေရင် လူတွေ ရပ်တည်နိုင်ဖို့ ရုန်းကန်ကြရတော့မယ်” လို့သူက ဆက်ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar