ဒုက္ခသည်များ၏ နိုင်ငံသားတောင်းဆိုမှု မဖြစ်နိုင်ဟု မြန်မာအစိုးရပြော

ဆုမြတ်မွန်

ရိုဟင်ဂျာဒုက္ခသည်များ၏ နိုင်ငံသားပေးရေး တောင်းဆိုမှုကို အစိုးရက လိုက်လျောဖွယ်မရှိဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အုပ်ချုပ်သူများက ပြောကြားလိုက်ရာ ရိုဟင်ဂျာများ နေရပ်ပြန်လာရေးမှာ ဖြစ်မြောက်ခဲ့လျှင်သော်မှ အလွန် နှေးကွေးနေဦးမည့် လက္ခဏာကို မြင်တွေ့နေရသည်။

အောက်တိုဘာနှောင်းပိုင်းတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်မှ စိစစ်ပြီး ဒုက္ခသည် ၂,၂၆ဝ ဦးအထိ နိုဝင်ဘာ ၁၅ ရက်နေ့၌ စတင်ပြန်လာကြရန် စီစဉ်ထားသည်။ မြန်မာအစိုးရက တစ်ရက်လျှင် ဒုက္ခသည် ၁၅ဝ အထိ လက်ခံရန် သဘောတူညီထားသည်။ သို့သော် စစ်ဆေးစိစစ်ပြီးသူ တစ်ဦးတစ်လေမျှ ယနေ့အထိ ပြန်မလာခဲ့ကြသေးဘဲရှိရာ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း အတင်းအကြပ် ပြန်ခိုင်းလိုခြင်းမရှိပေ။

ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကလည်း မူဆလင်ရိုဟင်ဂျာအများစုဖြစ်သော ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် ၇၂ဝ,ဝဝဝ တို့အတွက် ရခိုင်မြောက်ပိုင်းအခြေအနေမှာ ဘေးကင်းလုံခြုံမှု မရှိသေးဟု သတိပေးနေသည်။

maungdaw_2.jpg

 title=

title=

ဒုက္ခသည်များအနေဖြင့် နိုင်ငံသားအခွင့်အရေးအပြည့်အဝရမှ နေရပ်ပြန်ကြမည် ဖြစ်သည်ဟု ရိုဟင်ဂျာခေါင်းဆောင်များက ပြောကြားနေကြသည်။ နိုင်ငံသားအပြည့်အဝရရေးနှင့် ပတ်သက်၍ မြန်မာအစိုးရအဆက်ဆက် ပေးခဲ့သော ကတိများကိုလည်း “ဘယ်တုန်းကမှ အကောင်အထည်မဖော်ခဲ့ကြပါ”ဟု ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် ရခိုင်ရိုဟင်ဂျာအသင်း၏ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များ၏ တောင်းဆိုမှုသည် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီခြင်းမရှိပါဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားသည်။

“သူတို့တောင်းနေတာတွေက မဖြစ်နိုင်ပါဘူး၊ သူတို့အားလုံးကိုသာ နိုင်ငံသားပေးရမယ်ဆိုရင်တော့၊ ဒါဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက မောင်တောမြို့နယ်ရုံးတွင် Frontier ကို ပြောကြားခဲ့သည်။ ပြန်လာသူများသည် နိုင်ငံသားစိစစ်ရေးကတ် NVC ကတ်များတွင် ဖြည့်စွက်ကြရသည်။ ထိုကတ်ပါ အချက်အလက်အပေါ်မူတည်၍ နိုင်ငံသားဖြစ်ရန် လျှောက်ထားမှုကို စဉ်းစားပေးသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားလျှောက်လွှာများကို စိစစ်မည်ဟု ၎င်းက Frontier ကိုပြောသည်။ Frontier သည် အခြားပြည်တွင်းမီဒီယာ ၁၁ ခုမှ သတင်းထောက်များနှင့်အတူ အစိုးရ၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်သတင်းရယူခဲ့ခြင်းဖြစ်သည်။

maungdaw_1.jpg

 title=

title=

“နိုင်ငံသားလျှောက်လွှာတွေအပေါ် အဆုံးအဖြတ်ပေးဖို့ ဘယ်လောက်ကြာဦးမယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု မောင်တောခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲတွင် ဆောက်လုပ်ထားသည့် နေရပ်ပြန် ဒုက္ခသည်များ ပြန်လည် လက်ခံရေးစခန်းတွင် ဦးသန့်ဇင်က ပြောကြားရာ၌ “ဒီလုပ်ငန်းက အချိန်ယူပြီး လုပ်ရဦးမှာပါ။ ဒါက အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်နေတော့ ချက်ချင်း လွယ်လွယ်ကူကူ ထလုပ်လို့ ဖြစ်နိုင်တဲ့ အလုပ်မဟုတ်ဘူး” ဟု ပြောသည်။

maungdaw_4.jpg

 title=

title=

အမှတ်တကယ်အားဖြင့် မြန်မာပိုင်မြေဖြစ်သော်လည်း နယ်ခြား ခြံစည်းရိုးအပြင်ဘက်တွင် ရောက်နေသော “ပိုင်ရှင်မဲ့မြေ” ဟု သိနေကြသည့် မြေကွက်ပေါ်တွင် ရိုဟင်ဂျာဒုက္ခသည် ၅,ဝဝဝ ခန့်မှာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လကတည်းက ရောက်ရှိနေကြသည်။ ရိုဟင်ဂျာခေါင်းဆောင်ဆိုသူက NVC အစီအစဉ်ကို ၎င်းတို့လက်ခံမည် မဟုတ်ဟု ပြောကြားနေသည်။ အသက် ၅၂ ရှိ ဒီးမိုဟာမက်ဆိုသူက NVC အစီအစဉ်အရဆိုလျှင် ၎င်းတို့အား နိုင်ငံသားအဖြစ် စဉ်းစားခံရတော့မည်ဖြစ်သည်ဟု ပြောသည်။ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေပါ၊ ကျွန်တော်တို့ အဖိုးအဖွားတွေ အားလုံးဟာ နိုင်ငံသားတွေပါ” ဟု ၎င်းက ပြောပါသည်။

သို့သော် နိုင်ငံသားဖြစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်စရာတွေ ရှိသေးကြောင်းနှင့် ၎င်းတို့၏ တောင်းဆိုချက်များအား “တစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအတွင်း” လိုက်လျောလျှင်ပင် ၎င်းတို့ပြန်လာကြမည်ဟုပြောသည်။ သို့သော် ယခုအချိန်အထိ တစ်ရာခိုင်နှုန်းပင် မရသေးကြောင်းနှင့် “သူတို့က မရိုးသားကြဘူး” ဟု ၎င်းက ပြောသည်။

maungdaw_6.jpg

 title=

title=

“ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုအပါအဝင် အခြေခံ အခွင့်အရေးနဲ့ အကာအကွယ်တွေ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

မောင်တောခရိုင် ဒု-အုပ်ချုပ်ရေးမှူး ဦးရဲထွတ်ကမူ ရခိုင်မြောက်ပိုင်းမှ အာဏာပိုင်များအနေဖြင့် နေပြည်တော်မှ အခြား ညွှန်ကြားချက် မလာမချင်း ပြန်လာမည့် ဒုက္ခသည်များကို စောင့်နေရမည်သာဖြစ်ကြောင်း ပြောသည်။

“ဘယ်သူမှ မလာကြသေးပေမယ့် ကျွန်တော်တို့ကတော့ အဆင်သင့်စောင့်နေကြမှာပါပဲ” ဟု ၎င်းက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.