အစိုးရသတင်းစာတွေက ဝါဒဖြန့်ချိရေးလက်နက် ဖြစ်နေဆဲလား

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရအစိုးရတွေရဲ့ဝါဒဖြန့်ချိရေးလုပ်ငန်းဖြစ်ခဲ့ရတဲ့ ပြည်သူ့ဘဏ္ဍာနဲ့ရပ်တည်ခဲ့တဲ့ အစိုးရသတင်းစာတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေဟာ အခုချိန်အထိတော့ ဝေဝါးနေဆဲပါ။

ထွန်းခိုင် ရေးသားသည်။

မြန်မာအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ MOI Webportal Myanmar ဆိုတဲ့ Facebook စာမျက်နှာက လွှင့်တင်လိုက်တဲ့ ၂၀၁၇ ခုနစ်ရဲ့ ပထမဦးဆုံးသော နံနက်ခင်းသတင်းတွေထဲက တစ်ပုဒ်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေလက်ထက်က မြန်မာသတင်းမီဒီယာတွေကို ပြန်လည် အမှတ်ရသွားစေခဲ့ပါတယ်။

“1.1.2017 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ထဲက ဆုံကွင်းကျေးရွာအုပ်စု ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား”ဆိုတဲ့ သတင်းနဲ့အတူ ဓာတ်ပုံ ၁၅ ပုံကို လွှင့်တင်ထားတာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံ ၁၅ ပုံလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သြဇာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင် ဦးဝင်းထိန် တစ်ယောက်ထဲကို ဦးတည်ပြီး ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပါတယ်။

အခမ်းအနားကျင်းပတဲ့နေရာကို ဦးဝင်းထိန်ရာက်လာတဲ့ပုံနဲ့ အစပြုထားပြီး ဖဲကြိုးမဖြတ်ခင်ပုံ၊ ဖဲကြိုးဖြတ်နေတဲ့ပုံ၊ ဖဲကြိုးဖြတ်လိုက်တော့ မိုးပေါ်တက်သွားတဲ့ လေပူပေါင်းတွေကို ကြည့်နေပုံ၊ ဖဲကြိုးဖြတ်ပြီးပုံ၊ စသည် စသည်ဖြင့် ဓာတ်ပုံ ၁၅ ပုံကို ဆက်တိုက်ရိုက်ယူပြီး လွှင့်တင်ထားပါတယ်။

“မြန်မာ့သတင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနက….မဲဆွယ်တဲ့….နေရာ…ဖြစ်သွားကြပြီလားဗျာ…။”လို့ဒီသတင်းအောက်မှာ Ko Phyo ဆိုတဲ့ Facebook သုံးစွဲသူက မှတ်ချက်ပေးထားပါတယ်။

ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်မှာ တန်ခိုးထွားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေလက်ထက်က နိုင်ငံပိုင် သတင်းဌာနတွေကို သတိရစေခဲ့ပါတယ်။

ဘုရားထီးတင်တာကနေစလို့ ကလေးသူငယ်တွေကို ကာကွယ်ဆေးတိုက်တဲ့နေရာအထိ စစ်ဗိုလ်ချုပ်ကြီးတွေ ဦးစီးကြပြီး နောက်တစ်နေ့ထွက်တဲ့ သတင်းစာတွေထဲမှာ စစ်စိမ်းရောင် ဝတ်ထားတဲ့ သူတို့ ရုပ်ပုံတွေဟာ သတင်းစာမျက်နှာဖုံးတွေမှာ နေရာယူထားကြပါတယ်။

အခုတော့ စစ်စိမ်းရောင်တွေအစား ပင်နီရောင်တွေ ပြောင်းသွားခဲ့ပါပြီလား။

၁၉၁၄ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တဲ့ မြန်မာ့အလင်းသတင်းစာဟာ စစ်အစိုးရလက်ထက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ သတင်းစာ ဖြစ်ပါတယ်။

နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုခဲ့ပြီး အနောက်အုပ်စုရဲ့ရုပ်သေးရုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပုံဖော်ခဲ့တဲ့ အဲဒီသတင်းစာက အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီသူရဲကောင်းအဖြစ် ဖော်ညွှန်းနေပြန်ပါတယ်။

နိုင်ငံပိုင်သတင်းမီဒီယာလို့ အမည်ခံထားပြီး အစိုးရ ထိန်းချုပ်ထားတဲ့သတင်းဌာနတွေဟာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို ထည့်သွင်းပေးတာထက် အာဏာရလာတဲ့အစိုးရရဲ့ လှုပ်ရှားမှုတွေကို ထည့်သွင်းဖို့ပဲ ဦးတည်နေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် ကြေးမုံသတင်းစာ ဖြန့်ချိသူတစ်ဦးက သတင်းစာများအား ဖြန့်ချိရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် ကြေးမုံသတင်းစာ ဖြန့်ချိသူတစ်ဦးက သတင်းစာများအား ဖြန့်ချိရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“ဒီလူအာဏာရတဲ့အချိန်မှာ ဒီလူ့အကြောင်းကို ဖတ်ရမယ်။ ဟိုလူအာဏာရတဲ့အချိန်မှာ ဟိုလူ့အကြောင်းကို ဖတ်ရမယ်”  လို့ အစိုးရသတင်းဌာနတွေရဲ့ ရပ်တည်နေတဲ့ မူဝါဒအပေါ် မော်ကွန်းသတင်းဌာနရဲ့ အယ်ဒီတာ ဦးဇေယျာလှိုင်က ဝေဖန်ပါတယ်။

အမျိုးသားဒီမိုကအရေစီအဖွဲ့ချုပ်က အာဏာရယူခဲ့တဲ့ ၂၀၁၆  ဧပြီလအတွင်းမှာဆိုရင် အစိုးရထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာဟာ အမျိုးသားဒီမိုကအရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို အကောင်းဘက်ကချည်း တောက်လျှောက် ရေးသားလာပါတော့တယ်။

Frontier Myanmar က အသေးစားသုတေသနပြုလုပ်ချက်အရ မြန်မာ့အလင်းသတင်းစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရခဲ့တဲ့နောက်ပိုင်း ၂၀၁၆ ခုနှစ်၊ ဧပြီလ တစ်လတည်းမှာပင် အာဏာရပါတီကို ရည်ညွှန်းပြီး “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (သို့) NLD “ ဆိုပြီး အကြိမ် ၂၀ ထက်မနည်း သုံးနှုန်း ရေးသားခဲ့ပါတယ်။

ဒီလိုမျိုးအခွင့်အရေးဟာ နိုင်ငံရေးပါတီတိုင်းရတာတော့ မဟုတ်ပါဘူး။ အာဏာရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် တစ်ခုတည်းကရရှိတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကျန်ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေအမည်တွေကိုတော့ ပုံနှိပ်ဖော်ပြမှု မရှိသလောက်ပါဘဲ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ရီကတော့ အခုအစိုးရလက်ထက် သတင်းစာတွေဟာ သူတို့ပါတီနဲ့ အခြားပါတီငယ်လေးတွေရဲ့ သတင်းကို ထည့်သွင်းအသုံးပြုတာ မရှိသလောက် နည်းပါးတယ်လို့ ဝေဖန်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ထုတ်ပြန်တဲ့သတင်းတွေကို အစိုးရသတင်းဌာနတွေဆီ ပေးပို့ခဲ့ပေမယ့် ဘယ်တော့မှ ဖော်ပြမခံရခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဒီအခြေအနေဟာ ရာထူးကဆင်းသွားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က အခြေအနေထက် ဆိုးရွားတယ်လို့လည်း ဦးတင်ရီကဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကတော့ ပါတီတွေနဲ့ ပတ်သတ်တဲ့လှုပ်ရှားမှုဆိုရင် အစိုးရသတင်းစာတွေမှာ ထည့်သွင်းခဲ့တာ မရှိသလောက်ပဲလို့ သူကဆိုပါတယ်။

“ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်မှုမှာ ပါတီလှုပ်ရှားမှုနဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကို သဲသဲကွဲကွဲမလုပ်ပဲနဲ့ ရောထွေးရှပ်တင်လုပ်နေတာတွေ တွေ့နေရတယ်” လို့ ဦးတင်ရီကပြောပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့သတင်းဌာနတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုဖြစ်နေခဲ့တာကို စိတ်ပျက်နေခဲ့ကြတဲ့ မြန်မာ့သတင်းသမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီး စာနယ်ဇင်းသမားတစ်ဦး ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့အချိန်မှာ ချုပ်ငြိမ်းသွားမယ်လို့ ထင်ခဲ့ကြပါတယ်။

တပ်မတော်အရာရှိတွေနဲ့ တပ်မတော်အရာရှိဟောင်းတွေသာ ဦးစီးလေ့ရှိတဲ့ ပြန်ကြားရေးဝန်ကြီးနေရာကို ၂၀၁၆ ခုနှစ်မှာ အာဏာရလာတဲ့ အစိုးရသစ်လက်ထက်မှာတော့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ ထုတ်ဝေသူတယောက်ဖြစ်တဲ့ ဒေါက်တာဖေမြင့်ကို ခန့်အပ်ခဲ့ပါတယ်။

လူသိများတဲ့ နိုင်ငံရေးသတင်းဂျာနယ်ဖြစ်တဲ့ ပြည်သူ့ခေတ်ကို ဦးဆောင်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် ဒေါက်တာဖေမြင့်ဟာ စာနယ်ဇင်းသမားဘဝမှာတုန်းက နိုင်ငံပိုင်သတင်းမီဒီယာတွေကို အစိုးရတွေက ဝါဒဖြန့်ချိရေးလက်နက်အဖြစ် သုံးနှုန်းခဲ့တာတွေကို ထောက်ပြဝေဖန်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဝန်ကြီးအဖြစ် ခန်အပ်ခံခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (Myanmar Press Council) က အဖွဲ့ဝင်တွေနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့အချိန်မှာတော့ “ဒီမိုကရေစီအစိုးရလက်ထက်မှာ အစိုးရက သတင်းစာမထုတ်ရဘူးလို့ ကျွန်တော် မယုံကြည်ပါဘူး”လို့ သူက ပြောကြားလိုက်ပါတယ်။

“ကျွန်တော် shock အကြီးကြီး ရသွားတယ်။ အဲဒီအချိန်မှာ”လို့ သတင်းမီဒီယာသမားတစ်ဦးအဖြစ် လုပ်သက် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ ဦးဇေယျာလှိုင်က ပြောပါတယ်။

ဒေါက်တာဖေမြင့် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးတဲ့အချိန်မှာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့အတိုင်း အာဏာရလာတဲ့သူတွေအကြောင်း ဦးစားပေးဖော်ပြတဲ့ မူဝါဒကိုပဲ အစိုးရသတင်းစာတွေက ဆက်လက်ကျင့်သုံးနေပါတယ်။

မော်ကွန်းမဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဇေယျာလှိုင်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

မော်ကွန်းမဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဇေယျာလှိုင်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့လို အခမ်းအနား သတင်းတစ်ပုဒ်ထဲကို နိုင်ငံပိုင်သတင်းစာနှစ်စောင်ဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာနှစ်စောင်လုံးမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးပါတီ ၁၀၀ နီးပါး မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုတည်းက ရရှိထားတဲ့ အခွင့်အရေးဖြစ်ပါတယ်။

ပြည်သူ့ဘဏ္ဍာနဲ့ ရပ်တည်နေပြီး အစိုးရက ထိန်းချုပ်ထားတဲ့ သတင်းစာတွေဟာ အာဏာရပါတီအတွက် ဝါဒဖြန့်ချိပေးတဲ့ပုံစံ ရေးသားတာတွေဟာ အခုမှမဟုတ်ပါဘူး။

ဦးနေဝင်းက အာဏာသိမ်းခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်များဆီကတည်းက စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ လွတ်လပ်တဲ့သတင်းခန်းတွေကို အာဏာရှိတဲ့သူတွေက ဝင်ရောက်ခြယ်လှယ်ခဲ့ကြပြီး လူထုကြားထဲရောက်ရှိတဲ့ သတင်းမီဒီယာတွေမှာ သူတို့ရဲ့ ရုပ်ပုံတွေ ပါဝင်လာစေဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။

အရင်ခေတ်က အစိုးရသတင်းစာတွေမှာ အစိုးရအရာရှိတွေ ပွဲလမ်းသဘင်တတ်ရောက်တဲ့ သတင်းတွေကိုကြည့်ပြီး ဘယ်သူဟာ အာဏာအရှိဆုံးလဲဆိုတာကို ပြည်သူတွေက ခန့်မှန်းရပါတယ်။

အစိုးရအဖွဲ့တွေထဲမှာ ရာထူးတူပေမယ့် ရှေ့မှာထားပြီး ရေးသားခံရတဲ့ပုဂ္ဂိုလ်ဟာ အာဏာစက်ပိုပြင်းတဲ့သူ လို့ စာဖတ်ပရိသတ်က အလိုလိုနားလည်ခဲ့ကြပါတယ်။

အစိုးရအဖွဲ့ချုပ်ထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိပ်ပိုင်းတာဝန်ရှိသူတွေကို အစိုးရသတင်းစာတွေက ဖော်ပြနေတာလည်း ဒီနည်းအတိုင်း အာဏာဘယ်ကလာတယ်ဆိုတာ လူထုကိုအသိပေးတဲ့သဘော ဖြစ်နိုင်တယ်လို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာဦးဇေယျာလှိုင်က ပြောပါတယ်။

“လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အာဏာဘယ်ကလာလဲ လေ့လာလို့ ရတာပေါ့။ ဒါကနည်းဟောင်းတွေပဲ” လို့ သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တဲ့အခါမှာ သူတို့လှုပ်ရှားမှုတွေကို လူတွေသိနိုင်ဖို့အတွက် သတင်းဂျာနယ်တွေမှာ ပါဝင်စေဖို့ ကြိုးစားခဲ့တယ်လို့ မကွေးတိုင်းအခြေစိုက် သတင်းစာဆရာ ဦးမြင့်ဇော်ဦးက ပြောပါတယ်။

“တက်လာတဲ့အစိုးရက သူတို့လုပ်ရပ်ကို ပေါ်လွင်စေချင်တယ်။ ပွဲတွေဆို အစိုးရသတင်းစာက သတင်းထောက်တွေကို တကူးတက ဖိတ်ကြတယ်”လို့ သူကပြောပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်သူ့အခွန်ငွေတွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံပိုင်သတင်းဌာနတွေဟာ ဝါဒဖြန့်ချီရေးကို လုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ငြင်းဆန်ပါတယ်။

“ဒီနေ့အစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်မီဒီယာတွေဟာ ဝါဒဖြန့်ချိတာပြုလုပ်ခြင်း မရှိတော့ဘူး”လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်ကဆိုပါတယ်။

ယနေ့နိုင်ငံပိုင်သတင်းဌာနတွေဟာ သတင်းတန်ဖိုးမပေါ် မူတည်ပြီး ရေးသားတင်ပြနေတယ်လို့လည်း သူက ဆိုပါတယ်။

သတင်းတစ်ပုဒ်ထဲမှာ အစိုးရတာဝန်ရှိသူမဟုတ်တဲ့ ဦးဝင်းထိန်တစ်ယောက်ထဲရဲ့ ပုံတွေကို ပြည့်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့သတင်းဌာနတွေက အလွန်အကျူးဖော်ပြတာမျိုးကိုလည်း ပြန်လည်စိစစ်မယ်လို့ သူကဆိုပါတယ်။

ဒီဖော်ပြချက်တွေဟာလည်း ပါတီတခုကို မဲဆွယ်ပေးတာမျိုး၊ အလေးပေးဆက်ဆံတာမျိုးမဟုတ်ဘဲ သတင်းတန်ဖိုးအရသာ ဖော်ပြတာဖြစ်တယ်လို့ ဦးရဲနိုင်ကပြောပါတယ်။

အစိုးရသတင်းဌာနတွေကို ဝေဖန်မှုတွေ ရှိနေပေမယ့် အခြားတစ်ဘက်မှာတော့ အစိုးရသတင်းစာတွေရဲ့ စောင်ရေဟာ ထိုးတက်နေပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာဟာဆိုရင် တစ်ရက်ကိုစောင်ရေ နှစ်သိန်းနီးပါး ရိုက်နှိပ်နေရပြီး ဒါဟာ သတင်းစာသက်တမ်း နှစ်ပေါင်း ၆၀ အတွင်းမှာ စံချိန်တင်တဲ့စောင်ရေဖြစ်တယ်လို့ ကြေးမုံရဲ့ စာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

ကြေးမုံကို မြန်မာ့သတင်းလောကမှာ လူသိများတဲ့ဦးသောင်းက ၁၉၅၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၆၀ ပြည့်နှစ် ကာလများက ဦးနေဝင်းရဲ့ နိုင်ငံတွင်းက လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းဆည်းတဲ့မူဝါဒအရ အစိုးရသတင်းစာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

သတင်းစာစောင်ရေတက်လာရုံသာမက သတင်းခန်းလွတ်လပ်မှုကလည်း ဒေါက်တာဖေမြင့်လက်ထက်မှာ အရင်ကထက် အများကြီးပိုလာတယ်လို့ ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

“အစိုးရလုပ်တာကိုလဲ ပြည်သူကိုအသိပေးရမယ်”ဆိုတဲ့ မူဝါဒအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တာကြောင့် အစိုးရသတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းတွေ များနေတာဖြစ်တယ်လို့ ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

အလွတ်တန်းနဲ့ တိုက်ပိုင်သတင်းသမား စုစုေါင်း ၁၅၀ ကျော်နဲ့ ရပ်တည်နေခဲ့တဲ့ ကြေးမုံသတင်းခန်းကို အစိုးရဘက်က ချုပ်ချယ်တာ တစ်စုံတရာမရှိဘူးလို့ သူကဆိုပါတယ်။

“လူမျိုးရေး၊ ဘာသာရေး အထိမခံတဲ့ကိစ္စတွေကလွဲပြီး ကျန်တာတွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးတယ်” လို့ သတင်းစာလုပ်သက် နှစ် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

သတင်းဖော်ပြခွင့်ဟာ အတိုင်းအတာတစ်ခုအထိ လွတ်လပ်တယ်ဆိုပေမယ့် နိုင်ငံပိုင်သတင်းဌာနတွေရဲ့ သတင်းတင်ဆက်ပုံတွေဟာ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။

အထူးသဖြင့် ပြည်တွင်းစစ်နဲ့ပတ်သတ်တဲ့ သတင်းရေးသားမှုတွေမှာ နှစ်ဘက်စုံလင်တဲ့ တင်ပြမှုတွေမပါဘဲ ဘက်လိုက်ရောထွေးမှုတွေကြောင့် ဝေဖန်ခံခဲ့ရတာပါ။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရတပ်မတော်တို့အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခ သတင်းတွေရေးတဲ့အခါမှာ အစိုးရသတင်းစာ၊ ရုပ်သံတွေရဲ့ ရေးသား၊ ထုတ်လွှင့်မှုတွေဟာ ဟိုးအရင် နအဖ အစိုးရလက်ထက်၊ စစ်အစိုးရတပိုင်း သမ္မတ ဦးသိန်းစိန် လက်ထက်ကနဲ့ လက်ရှိအချိန်အထိ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရသေးဘူး” လို့ ပြည်တွင်းစစ် ပြဿနာကို ၂၀၀၉ ခုနှစ်ကတည်းက သတင်းရေးသားလာတဲ့ ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက် ကိုကျော်ခက ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရအစိုးရတွေရဲ့ဝါဒဖြန့်ချီရေးလုပ်ငန်းဖြစ်ခဲ့ရတဲ့ ပြည်သူ့ဘဏ္ဍာနဲ့ရပ်တည်ခဲ့တဲ့ အစိုးရသတင်းစာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေဟာ အခုချိန်အထိတော့ ဝေဝါးနေဆဲပါ။

အခွင့်အရေးရှိတုန်း ပြောင်းလဲမှုမလုပ်ခဲ့ပါက ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို မော်ကွန်းမဂ္ဂဇင်းက အယ်ဒီတာ ဦးဇေယျာလှိုင်က အခုလိုသုံးသပ်ပါတယ်။

“အရင်အစိုးရကလည်း ဒီအတိုင်းလုပ်တယ်။ အခုအစိုးရကလည်း ငါတို့ အာဏာရှိတဲ့အချိန်မှာ ငါတို့ လုပ်မယ်ဆိုရင် နောင်အစိုးရကကော အလုပ်ဘူးလား။ ရွေးကောက်ပွဲဆိုတာ ငါးနှစ်တကြိမ်လာနေတာ” လို့ သူက ပြောပါတယ်။ 

ခေါင်းစီးဓာတ်ပုံ- ၂၀၁၅ ခုနှစ်၊ မေ ၃ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသည့် World Press Freedom အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.