သတင်းရယူပိုင်ခွင့်အခြေအနေအပေါ် ပြန်ကြားရေးဝန်ကြီးနှင့် စာနယ်ဇင်းအဖွဲ့များ သဘောထားကွဲလွဲ

ရန်ကုန်၊ မေ ၃

အစိုးရ၏ သတင်းအချက်လက်များကို လွတ်လပ်စွာ ရယူနိုင်မှုတိုးတက်လာသည်ဟု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့သော်လည်း စာနယ်ဇင်းသမားအဖွဲ့များကမူ ထိုအချက်အပေါ် သဘောထား ကွဲလွဲမှုများရှိနေသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းတွင် ဒေါက်တာဖေမြင့်က အစိုးရ၏ သတင်းအချက်အလက်များကို သတင်းသမားများ ရယူနိုင်ခွင့်မှာ ယခင်ကထက် ပိုမိုတိုးတက်မှုများရှိနေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် စာနယ်ဇင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံ သတင်းထောက်များကွန်ယက်၊ မြန်မာနိုင်ငံ သတင်းသမားများသမဂ္ဂနှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းတို့ကမူ ထိုအချက်ကို သဘောမတူညီကြပေ။

ဒေါက်တာဖေမြင့်က အစိုးရသစ်လက်ထက်တွင် သတင်းသမားများ သတင်းရယူနိုင်ရေးအတွက် ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အစိုးရနှင့် သတင်းမီဒီယာများ ထိတွေ့မှု များပြားလာပြီး သတင်းရယူခွင့် တိုးတက်လာသည်ဟု သတ်မှတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးသီဟစောကမူ “တကယ်လုပ်နေတဲ့ သတင်းသမားတွေ တကယ် သိမှာပါ။ သတင်းရယူမှု ပိုခက်လာသလိုပဲ အစိုးရသစ် တစ်နှစ်တွင်းမှာ သတင်းရယူမှု ပိုခက်သလို ခံစားရမှုတွေရှိနေပါတယ်။ သတင်းလွတ်လပ်ခွင့် အဆင့် ၁၂ ခုကို ခုန်တက်တယ်ဆိုပေမယ့် သတင်းရယူမှု ပိုခက်တာက ဟုတ်လားဆိုရင် ဟုတ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

ယခုနှစ် သတင်းလွတ်လပ်ခွင့် တိုင်းတာမှုအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၁၃၁ တွင် ရပ်တည်နေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအဆင့်မှာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်ထက် ၁၂ ဆင့်ခန့် မြှင့်တက်လာခြင်းလည်း ဖြစ်သည်။

အဆင့် ၁၂ ခုအထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်အဆင့်ကို ဒေါက်တာဖေမြင့်က အလေးအနက်ထား ပြောကြားခဲ့သေးသည်။ စာနယ်ဇင်းအဖွဲ့များကမူ အဆင့် ၁၂ ခုအထိ ခုန်တက်လာခြင်းအပေါ် ဝမ်းမြောက်သော်လည်း လက်တွေကျသည့် သတင်းမီဒီယာပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တိုက်တွန်းပြောဆိုခဲ့ကြသည်။

အလားတူ စာနယ်ဇင်းအဖွဲ့များကလည်း သတင်းရယူမှု ခက်ခဲမှုရှိနေသလို၊ သတင်းရယူရာတွင် သတင်းသမားများ ခြိမ်းခြောက်ခံနေရမှုများ၊ သတင်းသမားများ လုံခြုံရေးအတွက် ထိရောက်စွာ ကာကွယ်ပေးနိုင်မှုများ လိုအပ်နေသည်ဟုဆိုသည်။

သတင်းသမားအများစုဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့သတင်းထောက်များကွန်ယက်ကလည်း “ပြည်သူလူထုရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းသိပိုင်ခွင့်ကို သတင်းမီဒီယာများက ဖြည့်ဆည်းပေးနိုင်ခွင့်ရရန် ယနေ့မှာ လေးလေးနက်နက် တိုက်တွန်းအပ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားဒေသများတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှ သတင်းရယူခွင့်မှာ အခက်အခဲများရှိနေသည့်အပြင် ခွဲခြားဆက်ဆံခံရခြင်း၊ တိုင်းရင်းသားအခြေပြု ဘာသာစကားဖြင့် ထုတ်ဝေခွင့်ရရှိမှုနည်းပါးခြင်းစသည့် အခက်ခဲများရှိနေဆဲဖြစ်သည်ဟု BNI (Burma News International) ၏ ဒါရိုက်တာအဖွဲ့ဝင် ခိုင်မြတ်ကျော်က ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကမူ အစိုးရသစ်၏ ပြန်ကြားရေးဝန်ကြီးဌာနက ဌာနဆိုင်ရာအားလုံးနှင့် သတင်းသမားများ နီးကပ်စွာဆက်ဆံပြီး လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပြုခြင်း၊ ယင်းအတွက်ယန္တရားများ ဖော်ဆောင်ခဲ့ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သလို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

Frontier က သတင်းဆက်သွယ် မေးမြန်းသည့် အတွေ့အကြုံများအရ အစိုးရက ထုတ်ပြန်ပေးထားသည့် ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်းနှင့် ဆက်သွယ်မေးမြန်းရန် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်အများစုမှာ စက်ပိတ်ထားခြင်းနှင့် ရာထူးတာဝန် ပြောင်းလဲခြင်းများ ရှိနေသည်ကို တွေ့ရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ထံသို့ သတင်းမီဒီယာ နည်းဥပဒေ၊ ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် ပုံစံများဖြင့် လွန်ခဲ့သည့် ခြောက်လခန့်ကပင် မေးမြန်းထားပြီးဖြစ်ကာ ထိုသို့ မေးမြန်းထားခြင်းကို ၎င်းတို့ထံ အသိပေးခဲ့သော်လည်း ပြန်လည်ဖြေကြားသည့်အလေ့အထမရှိဟုသာ ၎င်းတို့က ပြန်လည် ပြောဆိုခဲ့ခြင်းလည်း ရှိခဲ့သည်။

သတင်း-ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.