ယနေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ သို့တိုင် မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာများသည် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှု၊ ဖမ်းဆီးမှုများ ခံနေကြရသည်။ ဖမ်းဆီးခံထားရသည့် သတင်းသမားအချို့သည် ရာဇသတ်ကြီး ပုဒ်မ၅၀၅-ကဖြင့် တရားစွဲဆိုခံနေကြရသည်။
ဖရွန်းတီးယားမြန်မာ
“သူတို့ကို (ရဲနဲ့ စစ်သားများ) မကြောက်နဲ့။ ငါတို့ ကြောက်နေမယ်ဆိုရင် သူတို့ ဘာတွေကျူးလွန်နေတယ်ဆိုတဲ့ အမှန်တရားကို ဖော်ထုတ်နိုင်မှာ မဟုတ်တော့ဘူး” ဟားခါးတိုင်းမ်သတင်းဌာနအမှုဆောင်အရာရှိချုပ် လားလော်မ်ပွီးယာ ခေါ် ကိုပါပွီးက ၎င်း၏ သတင်းခန်းကို မတ်၃ရက်တွင် မှာကြားနေခြင်းဖြစ်သည်။
သူသည် ဖေဖော်ဝါရီ၂၇ရက်က ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုကို သတင်းရယူ၍ သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ရုပ်သံသတင်းတင်ဆက်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။
“တွန်းလား ထိုးလားလုပ်တယ်။ ‘ကျနော်က သတင်းမီဒီယာသမားပါ’လို့ရှင်းပြတော့ ‘အရေးမပါတာတွေမပြောနဲ့ ငါတို့ေ-ာက်ဂရုမစိုက်ဘူး’လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတယ်။ ပြီးတော့ အချုပ်ကားပေါ် အတင်းတွန်းတင်တယ်”ဟု ၎င်းကပြောသည်။
ကိုပါပွီးကို ရဲတပ်ဖွဲ့ဝင်၁၀ဦးခန့်က ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ နောက်တစ်နေ့ နေ့လယ်၂နာရီခန့်တွင် ၎င်းကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။
“ဆန္ဒပြပွဲတွေနဲ့ စစ်တပ်က ဘယ်လိုလုံခြုံရေးယူထားတယ်ဆိုတာကို လိုက်ဖ်မလွှင့်တော့ပါဘူးဆိုတဲ့ ဝန်ခံချက်ကို လက်မှတ်ထိုးခိုင်းတယ်။ အဲဒါက အဓိပ္ပာယ်မရှိဘူးလေ။ ကျနော်က သတင်းထောက်တစ်ယောက်၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ”ဟု သူကပြောသည်။ ဝန်ခံချက်ကို လက်မှတ်ထိုးခဲ့ရသော်လည်း ဝန်ခံချက်ပါအချက်များကို လိုက်နာမည်မဟုတ်ဟု သူကဆိုသည်။
“ဝန်ခံချက်ကို လက်မှတ်ထိုးပေးခဲ့ပေမဲ့ ကျနော့်အလုပ်ကို အရင်အတိုင်း မတွန့်မဆုတ် ဆက်လုပ်မှာလို့ သူတို့ကို ပြောခဲ့တယ်။ မထိုးဘူးဆိုရင်လည်း ကျနော့်ကို ထောင်ထဲပို့တော့မှာလေ။ အလုပ်တွေပြန်စဖို့ မြန်မြန်အပြင်ရောက်ဖို့ အရေးကြီးတယ်ဆိုပြီး လက်မှတ်ထိုးခဲ့တာ”ဟု ၎င်းကပြောသည်။
ဟားခါးမြို့တွင် မီဒီယာခြောက်ခုခန့် အခြေစိုက်ပြီး ရန်ကုန်နှင့် မန္တလေးအခြေစိုက် သတင်းဌာနများအတွက် အလုပ်လုပ်ပေးနေသော သတင်းသမားများလည်း ရှိသည်။ ဟားခါးမြို့တွင် ကိုပါပွီးအပြင် ဟားခါးတိုင်းမ်နှင့် ချင်းလန်းပို့စ်သတင်းဌာနများမှ သတင်းထောက်တစ်ဦးစီလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သတင်းရယူရင်း အဖမ်းခံခဲ့ရသေးသည်။ သို့သော် ၎င်းတို့သည် နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုပါပွီးအဖမ်းခံခဲ့ရသည့်နေ့ တစ်ရက်တည်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် မုံရွာတွင် ပို၍ရက်စက်ကြမ်းကြုတ်သော အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ မုံရွာဂေဇက်သတင်းဌာနအမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်ဝင်းကို ရဲများက ကန်ကျောက်၍ ဖမ်းဆီးနေသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံနှင့် ရုပ်သံဖိုင်တစ်ခုတွင် မြင်တွေ့ရသည်။ သူသည်လည်း ကိုပါပွီးကဲ့သို့ ဆန္ဒပြပွဲကို Live လွှင့်ရင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဦးကျော်ကျော်ဝင်း၏ဖုန်းမှာ ဖမ်းဆီးခံရစဉ်အတွင်း ကိုင်ပေါက်ဖျက်ဆီးခံခဲ့ရသည်။
တစ်ရက်ချုပ်နှောင်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ရိုက်နှက်ခံရခြင်း၏ အကျိုးဆက်များအဖြစ် ခေါင်းမူးခြင်းနှင့် ကျောရိုးနာခြင်း ဝေဒနာများ ခံစားနေရသည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မုံရွာဂေဇက်သတင်းထောက် ကိုနိုင်စိုးက မတ်လဆန်းပိုင်းတွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။ “ခေါင်းကနောက်နေတာကြောင့် သူဖုန်းမပြောနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။
ဆန္ဒပြပွဲကို သတင်းရယူနေစဉ်အတွင်း သတင်းသမားအဖြစ် သိသာထင်ရှားအောင် သတင်းမီဒီယာအမှတ်အသားပါ ဦးထုပ်နှင့် အင်္ကျီမဝတ်ဆင်ထားသော်လည်း ဦးကျော်ကျော်ဝင်းကို သတင်းထောက်မှန်း သိလျက်နှင့်ပင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကိုနိုင်စိုးက ဆိုသည်။
“ကျနော်တို့မြို့က ကျဉ်းကျဉ်းလေး။ ဘယ်သူက ဘယ်သူဆိုတာသိကြတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ စီအီးအိုကို ဖမ်းတာပါ”ဟု ၎င်းက ပြောသည်။
ဖိနှိပ်မှုကို အရှိန်မြှင့်တင်ခြင်း
အာဏာသိမ်းပြီးခါစ အချိန်တွင် စစ်တပ်သည် သတင်းမီဒီယာများကို ထိန်းချုပ်ရန် ညင်သာစွာ ချဉ်းကပ်ခဲ့ပုံရှိသည်။ ဆင်ဆာဖြတ်တောက်ခြင်း၊ သတင်းဌာနများကို ပိတ်သိမ်းခြင်းနှင့် သတင်းထောက်များကို ဖမ်းဆီးခြင်း စသည့်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းမရှိပေ။
သို့သော် နိုင်ငံအနှံ့အပြားတွင် လူထုအုံကြွမှုနှင့် စစ်ကောင်စီ၏အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်တွင် စစ်တပ်သည် သတင်းထောက်များအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်ဖမ်းဆီးပြီး တရားစွဲဆိုလာသည်။ အမှီအခိုကင်းပြီး လွတ်လပ်သောသတင်းဌာနများ၏ သတင်းတင်ဆက်နိုင်သည့် စွမ်းရည်များ အဆုံးစွန်ထိ လျော့ကျလာစေရန် လုပ်ဆောင်လာသည်။
မြန်မာနိုင်ငံမှ ပြည်တွင်းသတင်းထောက်များ စုစည်းထားသည့် အချက်အလက်များအရ ဖေဖော်ဝါရီ၁ရက်မှ ဧပြီ၃၀ရက်အထိ သတင်းသမား၇၃ဦး ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ ၃၀ဦး ရှိခဲ့သည်။ ကျန်သတင်းသမား ၄၃ဦးမှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရသည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထားသည့် သတင်းထောက်ဦးရေမှာလည်း ၄၂ ဦးရှိသည်။ ၎င်းတို့အနက် အများစုမှာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရပြီး အချို့ကိုမူ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များပင် မသိရှိရပေ။
ဖေဖော်ဝါရီ၁၄ရက်က စစ်ကောင်စီက ဖြည့်စွက်ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သည် အစိုးရအဖွဲ့နှင့် အစိုးရဝန်ထမ်းများကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အနှောက်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကြောက်ရွံ့စေခြင်းနှင့် မမှန်သတင်းလွှင့်ခြင်းတို့အတွက် မည်သူကိုမဆို တရားစွဲဆိုနိုင်မည့် ပုဒ်မတစ်ခုဖြစ်လာသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မလည်းဖြစ်သည်။
တရားစွဲဆိုခံရသော သတင်းထောက်များတွင် Myanmar Now၊ 7Day၊ The Voice နှင့် DVB တို့မှ သတင်းထောက်များပါဝင်ပြီး ဖမ်းခံရသည့်သတင်းထောက်များသည် ၎င်းတို့၏ ရှေ့နေအပါအဝင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရပေ။
Myanmar Now သတင်းဌာနက ရုပ်သံသတင်းထောက် မကေဇွန်နွေးနှင့် ဆဲဗင်းဒေးသတင်းထောက် ကိုအောင်ရဲကိုတို့၏ရှေ့နေဖြစ်သော ဒေါ်နီလာခိုင်က တရားစွဲတင်ထားသော ရဲစခန်းများက သတင်းထောက်နှစ်ဦးကို မည်သည့်အတွက်ကြောင့် တရားစွဲဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဟု ဆိုသည်။ ထို့ပြင် တရားစွဲဆိုရန် ခိုင်လုံသော သက်သေများလည်း ထုတ်ဖော်ပြသခြင်းမရှိဟု ပြောသည်။
“စမ်းချောင်းရဲစခန်းမှူးက မကေဇွန်နွေးကို စွဲတယ်။ ကမာရွတ်ရဲစခန်းမှူးက ကိုအောင်ရဲကို ကိုစွဲတယ်။ တစ်ယောက်မှ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး ဘာအချက်အလက်မှ မပေးဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါသတင်းထောက်နှစ်ဦးလုံးကို မတ်၁၂ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိသားစုဝင်တစ်ဦးစီသာ အင်တာနက်ရုပ်သံစနစ်မှတစ်ဆင့် ၎င်းတို့ကို တွေ့ဆုံခွင့်ရရှိခဲ့သည်။ သို့သော် လူချင်းတွေ့ဆုံခွင့်ကိုမူ ရှေ့နေဖြစ်သူ ဒေါ်နီလာခိုင်က လျှောက်ထားခဲ့သော်လည်း ကိုဗစ်ကန့်သတ်ချက်များကို အကြောင်းပြ၍ တရားရုံးက တွေ့ဆုံခွင့် မပေးပေ။
သတင်းထောက်များကို ပုဒ်မ၅၀၅-ကဖြင့် တရားစွဲဆိုခြင်းသည် ယုတ္တိမရှိဟု သူကဝေဖန်သည်။ “သတင်းထောက်တွေက သူတို့အလုပ်သူတို့ လုပ်နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။ သတင်းသမားမှာ သတင်းလိုက်ခွင့်ရှိတယ်၊ ရေးခွင့်ရှိတယ်၊ သတင်းတင်ဆက်ခွင့်ရှိတယ်။ ဒါကို ဒီပုဒ်မနဲ့တရားစွဲဆိုတာက အဓိပ္ပာယ်မရှိဘူး”ဟု ဒေါ်နီလာခိုင်က ပြောသည်။
ဖရွန်းတီးယားမြန်မာက Myanmar Now သတင်းဌာနကို မတ်လဆန်းပိုင်းက အင်တာဗျူးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယင်းကာလတွင် စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသော Myanmar Now သတင်းဌာနသည် မတ်၈ရက်တွင် စစ်ကောင်စီက ပိတ်သိမ်းသော သတင်းဌာနငါးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းမတိုင်ခင်တစ်ရက်က ရဲနှင့်စစ်သားများသည် မြို့ထဲရှိ Myanmar Now ရုံးခန်းသို့ ဝင်ရောက်စီးနင်းခဲ့သည်။
ထုတ်ဝေခွင့် ပိတ်သိမ်းခံရသည့် ပြည်တွင်းမီဒီယာများတွင် 7Day၊ မဇ္စျိမ၊ DVB နှင့် ခေတ်သစ်မီဒီယာတို့လည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ကမာရွတ်မီဒီယာတိုက်ကို ဝင်ရောက်စီးနင်း၍ ပိုင်ရှင်နှင့် အယ်ဒီတာချုပ်တို့ ဖမ်းဆီးခဲ့သည်။
မတ်၁၁ရက်က ပြုလုပ်သော စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါသတင်းစာတိုက်များသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်အောင်ပြုလုပ်ခြင်းကြောင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မီဒီယာတွေကို ဆင်ဆာဖြတ်တာတွေ မလုပ်ပါဘူး။ ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သတင်းမီဒီယာကို စတုထ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ သူတို့သတင်းတွေက ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်မှုတွေကို ဖန်တီးနေတယ်ဆိုရင်တော့ ကျနော်လည်း သည်းခံနေမှာမဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။
အကြောက်တရားနှင့် မျက်နှာလိုက်ခြင်း
သတင်းမီဒီယာတိုက်အားလုံးက ညီတူညီမျှ ဖိနှိပ်ခံနေရသည်တော့ မဟုတ်ပေ။ မတ်၅ရက်က Eleven သတင်းဌာနက သတင်းထောက်တစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဖမ်းဆီးခံခဲ့ရသော်လည်း နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုဝဏ္ဏစိုးအမည်ရှိ အဆိုပါသတင်းထောက်က သူအဖမ်းခံရပြီး နောက်တစ်နေ့ Myanmar Now သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းမှုတွင် ရဲတပ်ဖွဲ့က ၎င်းကို သတင်းထောက်မှန်းမသိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး Elevenသတင်းဌာနမှ သတင်းထောက်မှန်း သိသောအခါ ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။ ခံဝန်လက်မှတ်လည်း ရေးထိုးခဲ့ရကြောင်း ၎င်းကဆိုသည်။
လူအချို့က ယင်းဖြစ်စဉ်ကြောင့် သတင်းတိုက်အချို့ပေါ် စစ်ကောင်စီက မျက်နှာသာပေးမှုများရှိနေသည်ဟု ယုံကြည်ကြသည်။ စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ “အာဏာသိမ်းအစိုးရ”၊ “အာဏာသိမ်းစစ်တပ်”စသည့် အသုံးအနှုန်းများကို အခြားမီဒီယာတိုက်များသုံးစွဲနေချိန်၌ Daily Eleven သတင်းစာကမူ အသုံးအနှုန်းများကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။
ထို့ပြင် ပြည်တွင်းမီဒီယာအများစု သပိတ်မှောက်ခဲ့သော ဖေဖော်ဝါရီ၁၆ရက်က စစ်ကောင်စီ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို Eleven Media ကတက်ရောက်ခဲ့ပြီး Live လွှင့်၍ တိုက်ရိုက်တင်ဆက်ခဲ့သည်။ ဖရွန်းတီးယားမြန်မာက ကိုဝဏ္ဏစိုးကိုလည်းကောင်း၊ Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ကိုလည်းကောင်း ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာသတင်းပညာသိပ္ပံသင်တန်းကျောင်း အမှုဆောင်ဒါရိုက်တာဦးကျော်မင်းဆွေက စစ်ကောင်စီသည် ၎င်းမကြိုက်နှစ်သက်သော သတင်းဌာနများကို ပစ်မှတ်ထားဖိနှိပ်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။
“လွတ်ချင်တဲ့သူလွတ်၊ တရားစွဲချင်တဲ့သူစွဲဆိုတာတွေကို ကြည့်ရခြင်းအားဖြင့် စစ်တပ်က တချို့သတင်းစာတိုက်တွေကို အမုန်းတရား၊ အငြိုးတရားနဲ့လုပ်နေတာကို တွေ့ရတယ်။ ဒါကလည်း အရင်ကတည်းက စစ်တပ်က လုပ်နေကျပဲ။ အခုကပိုဆိုးလာတာပေါ့”ဟု ၎င်းကပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများ မြင့်တက်လာသည်နှင့်အမျှ သတင်းယူနေသော သတင်းထောက်များ ပစ်မှတ်ထား အနှိပ်စက်ခံလာရမည်ကို စိုးရိမ်ပူပန်မိသည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
“သူတို့ (စစ်ကောင်စီ) အခြေခိုင်လာလေလေ သတင်းစာလွတ်လပ်ခွင့်က ဆိုးဝါးလာလေလေပဲ။ အဖမ်းခံရပြီး ထောင်ထဲအပို့ခံရမယ့် သတင်းသမားအရေအတွက် တိုးလာမှာပဲ။ ပြီးတော့ ဆန္ဒပြပွဲတွေဖြိုခွဲချိန်အတွင်း သတင်းထောက်တွေကို ကျည်အစစ်တွေနဲ့ ပစ်လာနိုင်တယ်။ တချို့ပစ်မှတ်ထားခံရတဲ့ သတင်းထောက်တွေဟာ နှိပ်စက်ခံရတာတွေဖြစ်မယ်။ နိုင်ငံသားတွေရဲ့သတင်းသိခွင့်က အနာဂတ်မှာ စိုးရိမ်စရာအရမ်းကောင်းလာလိမ့်မယ်”ဟု ၎င်းကပြောသည်။
ယင်းသို့ ခက်ခဲကြမ်းတမ်းဖွယ် ရှေ့အလားအလာရှိသည့်တိုင် ဟားခါးတိုင်းမ်သတင်းဌာနက ကိုပါပွီးကတော့ နောက်တွန့်မည်မဟုတ်ဟု ဆိုသည်။ ပြည်သူထံ သတင်းရောက်ရှိရန် သူ့တွင်တာဝန်ရှိသည်ဟု သူက ဆိုသည်။
“ပြည်သူတွေက ဆန္ဒပြပွဲတွေမှာ အသက်တွေကိုရင်းရတယ်။ ဝန်ထမ်းတွေကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဘဝတွေကိုရင်းရတယ်။ ကျနော်တို့ သတင်းမီဒီယာကလည်း ကိုယ့်တာဝန် ကိုယ်ယူကြရမယ်။ ကြောက်နေရင်တောင်မှ ဒါဟာ ကျနော်တို့ရဲ့ တာဝန်ပဲ။ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ သတင်းသမားတွေမှာလည်း တာဝန်ရှိတယ်”ဟု ၎င်းကပြောသည်။