ဖမ်းဆီးခံသတင်းထောက်များ ထောင်ထဲတွင် သတင်းစာဖတ်ရှုခွင့် ကန့်သတ်ခံရ

သီပေါ၊ ဇူလိုင် ၂၈

သီပေါထောင်မှာ ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ သတင်းထောက်တွေဟာ သူတို့အကြောင်း ရေးသားထားတဲ့ သတင်းတွေ ဖတ်ခွင့်မရဘဲ ပိတ်ပင်ခံရတယ်လို့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒီဗွီဘီသတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော် (ခေါ်) ကိုလဝီတို့က ဇူလိုင် ၂၈ ရက်နေ့ ရုံးချိန်းမှာ အခုလိုထုတ်ဖော်ပြောလိုက်တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကနဲ့ အစိုးရသတင်းစာတွေက သူတို့အကြောင်းပါဝင်တဲ့ စာမျက်နှာတွေကို ဖြုတ်ထားတဲ့ သတင်းစာတွေကိုဘဲ ထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ ဖတ်ရှုခွင့်ရတာကြောင့် သူတို့အမှုနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာ တိုက်ရိုက်သိခွင့်မရခဲ့ဘူးလို့ ဒီဗွီဘီက Planning Editor ဖြစ်သူ ဦးသန်းဝင်းထွဋ်က ပြောပါတယ်။

ဒီသတင်းထောက် သုံးဦးဟာ ဇွန် ၂၆ ရက်နေ့မှာ တအာင်းအဖွဲ့ (တီအန်အယ်လ်အေ)က ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သွားရောက်သတင်းယူပြီး အပြန် ရှမ်းပြည်နယ်၊ အရှေ့မြောက်ဒေသရှိ နမ့်ဆန်-သီပေါကားလမ်းမှာ အခြားလူသုံးယောက်နဲ့အတူ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် သီပေါထောင်မှာ သူတို့ကို ထိန်းသိမ်းထားပြီး သီပေါတရားရုံးမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး တစ်လကျော်အတွင်း သူတို့အကြောင်း ရေးသားထားတဲ့သတင်းတွေ ဖတ်ရှုခွင့်မရခဲ့ဘဲ ဧည့်တွေ့ချိန်မှာ ရောက်လာတဲ့ သူတို့မိသားစုဝင်တွေဆီကတဆင့်ဘဲ သူတို့အမှုအကြောင်း သိခွင့်ရတယ်လို့ ဒီဗွီဘီက ဦးသန်းဝင်းထွဋ်ကပြောပါတယ်။

“အမှန်တော့ အကျဉ်းထောင်ထဲမှာ သတင်းဖတ်ခွင့်ရှိပါတယ်။ တရားဝင်ထုတ်နေတဲ့ဟာတွေကို ဖတ်ခွင့်ရှိပါတယ်။ ဒီလိုဖြုတ်ပြီးမှ ပို့တယ်ဆိုတာကို ကျွန်တော်တို့ရှေ့နေများအဖွဲ့ကနေ သက်ဆိုင်ရာအကျဉ်းထောင်နဲ့ ညှိပါ့မယ်။ ကျွန်တော်တို့ တောင်းဆိုပါ့မယ်”လို့ ဒီဗွီဘီ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ထိန်းသိမ်းခံရအပြီး တစ်လကျော်အတွင်း လေးကြိမ်မြောက်ရုံးချိန်းမှာ သက်သေအဖြစ် တပ်မတော် အရာရှိတစ်ဦးရဲ့ ထွက်ဆိုချက်ကို သုံးနာရီနီးပါးကြာအောင် ရယူခဲ့ပါတယ်။

အဲဒီနောက် သြဂုတ် ၄ ရက်နေ့မှာ နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် တရားရုံးက ထပ်မံချိန်းဆိုခဲ့ပါတယ်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar