မြိတ်ကျွန်းစုကို အန္တရာယ်ပြုနေသော တစ္ဆေငါးဖမ်းပိုက်များ

လူတို့စွန့်ပစ်ထားခဲ့ကြသော ငါးဖမ်းပိုက်များသည် အဏ္ဏဝါပတ်ဝန်းကျင်ကို ဖျက်ဆီးနေပြီး မြိတ်ကျွန်းစု၏ ထူးခြားသော သဘာဝအလှနှင့် ဇီဝမျိုးကွဲမျိုးစုံတို့ကို ခြိမ်းခြောက်လျက်ရှိသည်။

သန္တာကိုကြီး ရေးသားသည်။

မြန်မာနိုင်ငံတွင် စွန့်ပစ်ငါးဖမ်းပိုက်ပြဿနာ ကြီးမားစွာရှိနေသည်။ စွန့်ပစ်ငါးဖမ်းပိုက်များသည် သန္တာကျောက်တန်းများကို ဖိ၍ဖျက်ဆီးပစ်နေကြပြီး ပင်လယ်သတ္တဝါများကိုလည်း သတ်ဖြတ်နေသည်။ ထိုသို့ ဖျက်ဆီးနေမှုကို သက်သေလိုက်မည့်သူလည်းမရှိ၊ ပြောမည့် ဆိုမည့်သူလည်း သိပ်မရှိချေ။

စွန့်ပစ်ထားခဲ့သော၊ ပျောက်ဆုံးသွားသော၊ လွှင့်ပစ်လိုက်သော ငါးဖမ်းပစ္စည်းကိရိယာများ၊ Abandoned, Lost or discarded Fishing Gear (ALDFG) ကို ပိုက်တစ္ဆေများ၊ တစ္ဆေငါးဖမ်းပစ္စည်းများ Ghost nets (or) Ghost gears ဟု ခေါ်ကြသည်။ ယင်းတို့ထဲတွင် ငါးဖမ်းပိုက်ကွန်များ၊ ကြိုးများ၊ ဖော့လုံးများနှင့် အခြားငါးထောင်ချောက်များ ပါဝင်သည်။ ပင်လယ်သမုဒ္ဒရာထဲတွင် မတော်တဆ၊ သို့မဟုတ် တမင်တကာ စွန့်ပစ်ထားခဲ့သော အရာများဖြစ်သည်။ တစ္ဆေပိုက်များသည် ဂေဟဗေဒအရလည်းကောင်း၊ စီးပွားရေးလည်းကောင်း ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု ဖြစ်လာနေသည်။

လွန်ခဲ့သော နှစ် ၅၀ အတွင်း တကမ္ဘာလုံး၌ ပင်လယ်စာဝယ်လိုအားမှာ နှစ်ဆကျော်တိုးလာခဲ့သည်။ ထိုလိုအပ်ချက်နှင့်အတူ ငါးဖမ်းသင်္ဘောများ၊ စက်လှေများ တိုးလာလေရာ ပင်လယ်သမုဒ္ဒရာထဲတွင် လူတို့စွန့်ပစ်လိုက်သော ငါးဖမ်းပိုက်တွေလည်း တိုးလာတော့သည်။ ယင်းတို့က ပင်လယ်နေသတ္တဝါများကို သတ်ဖြတ်လျက်ရှိပြီး ပလတ်စတစ်ပြဿနာကိုလည်း ကြီးထွားစေသည်။ တစ္ဆေပိုက်များ ဖြစ်လာရသည့်အကြောင်း များစွာရှိသည်။

ဆိုးရွားသောရာသီဥတုကြောင့် ငါးဖမ်းပိုက်များ ပြတ်ထွက်သွားပြီး မျောသွားရာမှ ကျောက်စွန်းများ၊ ကျောက်ဆောင်များ၊ သန္တာကျောက်တန်းများနှင့် ငြိသွားသည်။ သန္တာကျောက်တန်းနှင့် နီးကပ်စွာ ငါးဖမ်းကြသောအခါများ၌လည်း ကျောက်တန်းနှင့် ပိုက်ငြိတတ်သည်။ ငြိသွားလျှင် ထိုပိုက်ကို စွန့်ပစ်ခဲ့ကြသည်။ တခါတရံပြတ်ထွက်သွားသဖြင့် စွန့်ပစ်ခဲ့ရသည်လည်းရှိသည်။

စွန့်ပစ်ရန်သတ်မှတ်ထားသည့် နေရာလည်းမရှိ၊ ကုန်းပေါ်ပြန်ယူလာဖို့ကလည်း သင်္ဘောပေါ်မှာ ထားစရာနေရာကမရှိ၊ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ တစ္ဆေငါးဖမ်းပစ္စည်းများသည် အဏ္ဏဝါအတွင်းမှ သက်ရှိသတ္တဝါများကို နှစ်ပေါင်းများစွာ ဆက်လက်ဖမ်းဆီး သတ်ဖြတ်နေသည်။ တချိန်က အလွန်ကြွယ်ဝခဲ့သော သမုဒ္ဒရာကြီးများကို ကုန်ခမ်းအောင် လုပ်နေကြပြီး ပင်လယ်စာနှင့် ဝင်ငွေရရှိရာ အရင်းအမြစ်ဖြစ်သော ဂေဟစနစ်ကို ဖျက်ဆီးလျက်ရှိသည်။

၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ လေ့လာချက်အရ ကမ္ဘာ့သမုဒ္ဒရာကြီးများအတွင်း ပြန့်ကျဲနေသော တစ္ဆေငါးဖမ်းပိုက်များမှာ တန်ပေါင်း ၆၄၀,၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းသည်။ ကြီးထွားလာနေခဲ့သော ကမ္ဘာလုံးဆိုင်ရာ စက်မှုစွမ်းအင်ဖြင့် လုပ်ဆောင်နေကြသည့် ငါးဖမ်းလုပ်ငန်းကြီးကို မှန်းဆကြည့်ပါက ထိုအချိန်နောက်ပိုင်း တစ္ဆေပိုက်ကွန်ပမာဏ မည်မျှလောက်ရှိနေမည်ကို တွေးဆကြည့်နိုင်ပါသည်။

၂၀၁၆ ခုတွင် အပြီးသတ်ခဲ့သော နယ်သာလန်နိုင်ငံအခြေစိုက် NGO The Ocean Cleanup ၏ လေ့လာတွေ့ရှိချက်အရ ပစိဖိတ်သမုဒ္ဒရာတွင်းမှ အမှိုက်ပုံကြီး Great Pacific Garbage Patch ဟု ခေါ်တွင်နေကြသည့် ပလတ်စတစ် အမှိုက်ပုံကြီး၏ ၄၆ ရာခိုင်နှုန်းသည် မသုံး၍ စွန့်ပစ်ထားခဲ့ကြသော ငါးဖမ်းပိုက်နှင့် ငါးဖမ်းပစ္စည်းများဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါသည်။

မြိတ်ကျွန်းစု၏ အဏ္ဏဝါလောကကို စွန့်ပစ်ငါးဖမ်းပိုက်များက ဖုံးအုပ်ဖျက်ဆီးလျက်ရှိသည်။ ဓာတ်ပုံ - သန္တာကိုကြီး

မြိတ်ကျွန်းစု၏ အဏ္ဏဝါလောကကို စွန့်ပစ်ငါးဖမ်းပိုက်များက ဖုံးအုပ်ဖျက်ဆီးလျက်ရှိသည်။ ဓာတ်ပုံ – သန္တာကိုကြီး

ယနေ့ခေတ်တွင် ငါးဖမ်းပိုက်များကို ပလတ်စတစ်နှင့်သာ ပြုလုပ်ကြပါသည်။ ပေါ့လည်းပေါ့ပါးပြီး ကြာရှည်လည်းခံသည်။ ဆွေးမြေ့ပုပ်သိုးပျက်စီးမှု biodegrade ကို နှစ် ၆၀၀ ထိ ပလတ်စတစ်ကခံနိုင်သည်။ နောက်ဆုံးကြေမွပျက်စီးသွားသောအခါ microplastic ပလတ်စတစ်မှုန်လေးများဖြစ်သွားပြီး အစားအစာကွင်းဆက် food-chain ထဲရောက်သွားကာ နောက်ဆုံး ကျွန်မတို့ပါးစပ်ထဲ ရောက်လာသည်။ ပလတ်စတစ်မှုန်များသည် ပင်လယ်သတ္တဝါများနှင့် ၎င်းတို့ကို စားသုံးသူများအား မည်သို့အန္တရာယ်ပြုနေသည်ကို ယခုမှ စတင်သိရှိကာစ ရှိပါသေးသည်။

ကျွန်မ မြန်မာနိုင်ငံမှာ ရေငုပ်တိုင်း ငါးဖမ်းပစ္စည်းအမျိုးမျိုးနှင့် ရေထဲမှာ ရင်ဆိုင်ရတာကြီးပါပဲ။ ပထမတော့ ကျွန်မ ဒေါသဖြစ်မိသည်။ စိတ်အနှောင့်အယှက် ဖြစ်ရသည်။ နောက်ဘာလုပ်ရမှန်း မသိအောင်ဖြစ်မိသည်။ နောက်တော့ ကျွန်မလည်း အကျင့်ရသွားသည်လို့ ဆိုရမှာပါပဲ။ မြန်မာ့ကျေးရွာ လယ်ကွင်းတွေထဲမှာ စွန့်ပစ်ပလတ်စတစ်တွေ ပြန့်ကျဲနေတာမြင်ရတာ၊ လေညှင်းလေးတွေထဲမှာ ပလတ်စတစ်မီးလောင်နံ့တွေ ရှူရှိုက်ရတာတွေကို အကျင့်ဖြစ်သွားလို့ မထူးဆန်းတော့သလိုပေါ့၊ ရေထဲမှာ စွန့်ပစ်ထားသည့် တစ္ဆေငါးဖမ်းပိုက်တို့ကို တွေ့လိုက်ရင် မအံ့သြတော့ပါဘူး။

တနေ့တော့ မြိတ်ကျွန်းစုမှာ ကြီးမားသည့် စွန့်ပစ်ငါးဖမ်းပိုက်ကြီးထဲမှာ ဝါးငါးမန်း Bamboo Sharks တစ်ဒါဇင်ခန့်နှင့် အခြားသန္တာငါးမျိုးစုံတို့ ထွေးလုံးရစ်ပတ်နေကြတာ မြင်တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းဒေသကြီးက ကျွန်းပေါင်း ၈၀၀ ခန့်စီတန်းနေသော မြိတ်ကျွန်းစုကို ဟိုတုန်းက Mergui Archipelago လို့ ခေါ်တွင်ခဲ့ကြပါသည်။

ဝါးငါးမန်းတို့သည် ကျောက်ဆောင်များအောက်မှာ ပုန်းအောင်းနေတတ်ကြပြီး အစာရှာချင်မှ အပြင်ထွက်လာတတ်ကြပါသည်။ သူတို့ခိုနားရာကို ကြီးမားသည့် ငါးဖမ်းပိုက်ကွန်ဟောင်းကြီးများက ဖုံးအုပ်ထားသလို ဖြစ်နေပါသည်။ ပိုက်ကွန်အတွင်းမှာ ငါးမန်းအသေးလေးများလည်း တွေ့ရသဖြင့် အဲဒီမှာပဲ သားပေါက်သောငါးလေးများ ဖြစ်နိုင်ပါသည်။

ဒီရေငုပ်သည့်နေရာကို နောက်တစ်ပတ်လောက်ကြာပြီးမှ ရောက်လာခဲ့ရင် ပိုက်ကွန်များထဲမှာ ငါးတွေကို တွေ့ရတော့မည်မဟုတ်ပါ။ အခြားကျောက်ဆောင်ကို ဖုံးထားသည့် နောက်ထပ်ပိုက်ကွန်ကိုသာ တွေ့ရခဲ့မည်ဖြစ်သည်။ ထိုငါးများမသေအောင် ပိုက်တွေကို အခုလိုဖယ်ရှားရင်း ရေငုပ်ချိန်များကို ကုန်ဆုံးစေခဲ့လိမ့်မည်မဟုတ်ပါ။ ယင်းတို့ကို တွေ့မြင်လိုက်ရသော အတွေ့အကြုံသည် ကျွန်မအပေါ်တွင် ကြီးမားစွာ ရိုက်ခတ်မှုရှိခဲ့ပါသည်။

နောက် ၈ လလောက်အကြာမှာ အဆိုပါရေငုပ်သည့်နေရာကိုပင် တစ်ခေါက်ပြန်လာခဲ့ပါသည်။ ပိုက်ကွန်များကို အရင် ကျွန်မတွေ့မြင်ခဲ့သည့်အတိုင်းပင် ပြန်တွေ့ရပါသည်။ အထဲမှာ ဝါးငါးမန်းတစ်ကောင်မှ မတွေ့ရတော့ပါ။ သန္တာငါးတွေလည်း နည်းနည်းပဲတွေ့ရပါသည်။ ကျွန်မတို့သာ ဒီငါးဖမ်းပိုက်တွေကို ဖယ်ရှားမပေးခဲ့ရင် မြိတ်ကျွန်းစုတလျှောက် ထိုကဲ့သို့အဖြစ်မျိုးတွေ ထပ်တွေ့နေရဦးမည်ဟု ကျွန်မသဘောပေါက်သွားပါသည်။

လွန်ခဲ့သောနှစ်က Global Ghost Gear Initiative, Ocean Conservancy and National Geographic Society တို့၏ အထောက်အပံ့အကူအညီဖြင့် မြန်မာ့ရေပြင်မှ တစ္ဆေပိုက်ကွန်များ၏ ပြဿနာအတိုင်းအတာကို သိရှိနားလည်စေရန် ရည်ရွယ်၍ မြန်မာ့အဏ္ဏဝါပရောဂျက် Myanmar Ocean Project ကို ကျွန်မ စတင်အုပ်မြစ်ချနိုင်ခဲ့ပါသည်။

ကျွန်မလေ့လာရေး အစီအစဉ် စတင်စီစဉ်တုန်းက ကျွန်မမှာ ဒွိဟသံသယတွေတော့ ဖြစ်ခဲ့မိပါသည်။ အောင်မြင်သော လေ့လာစူးစမ်းမှုဟုပြောနိုင်အောင် မည်သို့လုပ်ရပါမည်နည်း။ ရေအောက်မှာ ပိုက်ကွန်တွေ မတွေ့တော့ရင် ဘယ်လိုလုပ်မလဲ၊ အချိန်တွေ၊ လုပ်အားတွေ၊ ငွေတွေကို ဖြုန်းသလိုဖြစ်တော့မည်။ တစ္ဆေပိုက်ကွန်များက နေရာတိုင်းရှိတာမဟုတ်၊ ကျွန်မက မဟုတ်သည့်နေရာ သွားငုပ်မိတာလည်း ဖြစ်နိုင်သည်။

မြိတ်ကျွန်းစု၌ ရေငုပ်သမားများက စွန့်ပစ်တစ္ဆေငါးဖမ်းပိုက်များကို ရှာဖွေရှင်းလင်းကြသည်။ ဓာတ်ပုံ - သန္တာကိုကြီး

မြိတ်ကျွန်းစု၌ ရေငုပ်သမားများက စွန့်ပစ်တစ္ဆေငါးဖမ်းပိုက်များကို ရှာဖွေရှင်းလင်းကြသည်။ ဓာတ်ပုံ – သန္တာကိုကြီး

ကျွန်မတို့ မြိတ်ကျွန်းစုမှာ သီတင်း ခုနစ်ပတ်နေပြီး နေရာ ၂၂ နေရာမှာ ရေငုပ်လေ့လာ ရှာဖွေကြရာ ပိုက်ကွန်ကီလို ၁,၀၀၀ ကျော် ဆယ်ယူနိုင်ခဲ့သည်။ မြန်မာ့ကမ်းလွန်တွင် တစ္ဆေပိုက်ကွန်ပြဿနာ၏ ပမာဏကို သိရှိနိုင်ရန် အချက်အလက်စုဆောင်းခြင်း၊ ရှင်းလင်းမှုပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်မတို့၏ လေ့လာရေးပထမအခန်းကဏ္ဍကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

ဤလေ့လာရေးခရီးအတွင်း ကျွန်မ အကြိမ်ကြိမ်ပင် စိတ်မကောင်းဖြစ်ခဲ့ရသည်။ တွေ့ရသော ပိုက်ကွန်များမှာ အရေအတွက်များလွန်း၍လည်း စိတ်မကောင်းဖြစ်ရပါသည်။ ဒီပိုက်တွေကြောင့် ထိခိုက်သေဆုံးကြရသော ရေသတ္တဝါမျိုးစုံ မြင်ရ၍လည်း စိတ်မကောင်းဖြစ်ရပါသည်။ ရေသတ္တဝါက မျိုးစုံပါသည်။ manta rays (Manta birostris) ခေါ် ငါးလိပ်ကျောက်တမျိုးမှနေ၍ သန္တာငါးများ၊ ရေလွှာပေါ်နေငါးများ pelagicfish နှင့် ခွံမာရေသတ္တဝါ crustaceans (ဂဏန်း၊ ကျောက်ပုစွန်၊ ပုစွန်) လို သတ္တဝါအထိမျိုးစုံပါသည်။

ပို၍စိတ်ထိခိုက်ရသည့်အချက်မှာ ဒီလိုတစ္ဆေပိုက်များ ရှိနေပါလျက် ကျွန်မတို့ဘယ်နေရာသွားသွား၊ ပင်လယ်နေသတ္တဝါမျိုးစုံကို အလျှံပယ် တွေ့နေရသောကြောင့်ဖြစ်သည်။ မြန်မာ့သန္တာကျောက်တန်းများနှင့် ရောင်မျိုးစုံလင်လှစွာသော ရေအောက်ကျောက်တောင်၊ ကျောက်ထွဋ်တို့သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ ရေငုပ်စခန်းများနှင့်မဆို ယှဉ်ပြိုင်နိုင်ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ ရေငုပ်လုပ်ငန်းမှာ မွေးကင်းစသာရှိပါသေးသည်။ မြန်မာနိုင်ငံသားများ သူတို့အိမ်နောက်ဖေးက အလှအပတို့၏တန်ဖိုးကို သိရှိနားလည်ပြီး ကမ္ဘာကို ထုတ်မကြွားနိုင်ခင်မှာပင် နှစ်အနည်းငယ်အတွင်း ယင်းအလှအပများအားလုံး ပျောက်ဆုံးပျက်စီးသွားနိုင်ပါသည်။ မြန်မာ့ငါးဖမ်းလုပ်ငန်း ထိခိုက်ပြီး ကမ်းရိုးတန်းတလျှောက်က တံငါရေလုပ်သား တံငါရွာလေးတွေ လုပ်စားကိုင်စား ဆိတ်သုဉ်းသွားနိုင်ပါသည်။

လေ့လာရေးလုပ်ပြီး ရှင်းလင်းနေရုံမျှနှင့် မပြီးပါ။ တွေ့ခဲ့ရသည့် စွန့်ပစ်တစ္ဆေ ငါးဖမ်းပိုက်တို့က အလွန်များပြီး ကျွန်မတို့လူအင်အား၊ ရသည့်အချိန်နှင့် မတတ်နိုင်တော့သဖြင့် ရနိုင်သလောက်သာ ရွေးဆယ်ယူပြီး မတတ်နိုင်တော့သည်များကို ဒီအတိုင်းထားခဲ့ကြရပါသည်။

တံငါလှေတွေ၊ သင်္ဘောတွေ၊ သူတို့ပိုက်ဟောင်းတွေ စွန့်ပစ်ဖို့နေရာကို ကိုယ့်ဒေသနှင့်ကိုယ် ရှာဖွေသတ်မှတ်ပြီး စွန့်ပစ်ကြဖို့လိုပါမည်။ ကာကွယ်စောင့်ရှောက်ထားသော အဏ္ဏဝါဥယျာဉ်များ ထားဖို့လိုပါသည်။ စဉ်ဆက်မပြတ် ငါးဖမ်းနိုင်သော နည်းစနစ်များ ကျင့်သုံးပြီး အန္တရာယ်ရှိသော နည်းလမ်းများကို တားမြစ်ပိတ်ပင်ရေး၊ (ဥပမာ- ကျွန်းနှင့်နီးကပ်စွာငါးမဖမ်းရေး၊ အကွက်စိပ်လွန်းသောပိုက်ကွန်များ အသုံးမပြုရေး၊ စည်းကမ်းများချမှတ်ကာ လိုက်နာစေဖို့လိုပါမည်။ ရေလုပ်သားမိသားစုများအတွက် အခြားဝင်ငွေရရာ ရလမ်းများကို ရှာဖွေဖန်တီးပေးရပါမည်။ စားသုံးသူ ကျွန်မတို့ကလည်း စက်မှုလုပ်ငန်းလို ငါးဖမ်းလုပ်ငန်းကြီးများ၏ ထုတ်ကုန်များ၊ ပြုပြင်ထားသော ပင်လယ်စာများကို မစားသုံးဘဲ ရှောင်ရှားသင့်ကြပါသည်။

ကျွန်မတို့ ဖယ်ရှားသန့်စင်ပေးခဲ့သော နေရာများ ဆက်လက်သန့်ရှင်းနေသည်ကိုသာ မြင်လိုပါသည်။ နောက်ထပ်ပိုက်ကွန်များ လာပစ်တာမျိုး မမြင်တွေ့လိုပါ။ မြန်မာ့အဏ္ဏဝါ ဇီဝဝလာကတခုလုံး ရှင်သန်လျက် အလျှံပယ်စွာ ဆက်လက်ရှိနေစေချင်ပါသည်။ ဝါးငါးမန်းတွေအားလုံးလည်း သူတို့ဖြစ်ထွန်းကျက်စားရာ နေရာမှာပင် ရှင်သန်ကြီးပွားနေကြစေချင်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သန္တာကိုကြီး/ မြန်မာ့အဏ္ဏဝါပရောဂျက်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.