ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဟာ ရေကြီးမြေပြိုမှုဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ တိုးမြင့်ကြုံလာရချိန်မှာပဲ နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံလိုက်ရလို့ ဒုက္ခသည်တွေရဲ့ ဘဝအခြေအနေတွေ ပိုမိုဆိုးဝါးလာနေပါတယ်။
ဖရွန်တီးယား
နေ့စဉ်ရက်ဆက်ရွာနေခဲ့တဲ့မိုးညတစ်ညမှာ မိုးခြိမ်းသံကြောင့် ရှိုဟီဒါတစ်ယောက် အိပ်ရာက နိုးလာခဲ့တယ်။ မကြာပါဘူး.. ပြိုကျလာတဲ့ မြေစိုင်မြေခဲတွေက သူတို့နေထိုင်တဲ့ ဝါးအကာ၊ တာပေါ်လင်အမိုးနဲ့ ခနော်နီခနော်နဲ့ အိမ်လေးကို တစ်ပါတည်း တိုက်ချသွားတော့တယ်။
“မိဘတွေနေတဲ့ အခန်းဆီ ပြေးသွားဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အရမ်းကို နောက်ကျသွားပြီ။ နံရံက ရွံ့ဗွက်ထဲ နစ်နေပြီ။ တံခါးကို ဖွင့်လို့ မရတော့ဘူး” လို့ သူက ဖရွန်တီးယား ပြောပါတယ်။
တဲအိမ်ထဲကနေ ခက်ခက်ခဲခဲ ရုန်းထွက်လာပြီး ရှိုဟီဒါက အမှောင်ထဲမှာ အော်ဟစ်ပြီး အကူအညီ တောင်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေနဲ့ အန်ဂျီအိုဝန်ထမ်းတွေ ရောက်လာတဲ့အချိန်မှာတော့ သူတို့ မိသားစုကို ကယ်တင်ဖို့ အတော့်ကို အချိန်နှောင်းသွားခဲ့ပါပြီ။
ဒီကြေကွဲစရာအဖြစ်က မနှစ်က ဇွန်လမှာ ကြုံခဲ့ရတာပါ။ သူတို့နေတဲ့ ဒုက္ခသည်စခန်းအပေါ် ညဖက်ကြီး မြေပြိုကျလို့ သူ့အဖေ၊ သူ့အမေ၊ အစ်ကိုသုံးယောက်ထဲက တစ်ယောက်နဲ့ မရီးတစ်ယောက်တို့ အိပ်နေရင်း မြေပိ သေဆုံးသွားကြတာပဲ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ရှိုဟီဒါဟာ သူ့ဘဝ တဝက်ကျော်ကို ဒုက္ခသည်အဖြစ်သာ ရှင်သန်နေထိုင်ခဲ့ရပြီး မိုးသံတွေ ကြားရင်ကို မိသားစုလိုက် ဆုံးရှုံးထားရတဲ့ စိတ်ဒဏ်ရာ အကင်းမသေနိုင်ဘဲ ကြေကွဲဝမ်းနည်းနေရဆဲ ဖြစ်ပါတယ်။
“မိုးရွာတိုင်း ကျမ အရမ်းကြောက်တယ်” လို့ မြေပြိုမှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ အစ်ကိုနှစ်ယောက်နဲ့အတူ နေထိုင်နေတဲ့ ရှိုဟီဒါက ဆိုပါတယ်။
“ကျမ ကလေးဘဝကို သတိရတယ်။ မိဘတွေ ဘေးမှာ ကျမ အိပ်နေကျပေါ့။ အခုတော့ ညတွေဟာ တိတ်ဆိတ်ပြီး ခြောက်ခြားစရာ ကောင်းလွန်းနေတယ်” လို့ သူက ပြောပြတယ်။
ရှိုဟီဒါတို့မိသားစုအပါအဝင် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းတွေဆီ အရောက်ပို့ခဲ့တဲ့ ရိုဟင်ဂျာ အကြပ်အတည်းက ဆယ်စုနှစ်တွေနဲ့ ချီအောင် ကြာမြင့်ခဲ့ပါပြီ။ ဒီအကြပ်အတည်းကြောင့် မွတ်ဆလင်လူနည်းစုတွေဟာ မျိုးရိုးအစဉ်အဆက် မြန်မာနိုင်ငံသား ဖြစ်ခွင့်မရရှိဘဲ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်တို့ကို ငြင်းပယ်ခံထားနေရဆဲ ဖြစ်သလို နှိပ်စက်ညှင်းပန်းမှု၊ အကြမ်းဖက်မှုတွေကိုလည်း ဒုနဲ့ဒေး ခံနေရပါတယ်။
မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီးတော့ အစောပိုင်း အရေးအခင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြသူ သိန်းပေါင်းများစွာနဲ့ ပူးပေါင်းမိကြတယ်။
အခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရဲ့ လူတွေပြွတ်သိပ်နေတဲ့ စခန်း ၃၃ ခု မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ဒဿမ၁ သန်းကျော် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အရေးအခင်းတွေ ဖြစ်လိုက်၊ ဒုက္ခသည်တွေ များလာလိုက်နဲ့ ဒုက္ခသည်တို့ အခြေချရာ ဒေသကြီးတစ်ခု ဖြစ်လာခဲ့တယ်။
‘၁၀၂၇ စစ်ဆင်ရေး’ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အာရက္ခတပ်တော်က စစ်ကော်မရှင်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းအရောက်မှာ ဒုက္ခသည် ၁၂၀,၀၀၀ ကျော် ထပ်တိုးလာပါတယ်။ အဲ့ဒီအချိန်ကတည်းက အေအေက ရခိုင်ဒေသအများစုကို ထိန်းချုပ်လာနိုင်သလို ရိုဟင်ဂျာ တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။

သဘာဝတရားကပေးတဲ့ အကြပ်အတည်း
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သဘာဝဘေးဒုက္ခနဲ့ ကြုံတွေ့နေရချိန်မှာပဲ နိုင်ငံတကာအကူအညီတွေ လုံးဝဖြတ်တောက်ခံရတာနဲ့လည်း ရင်ဆိုင်နေရပြန်ပါတယ်။
တစ်စတုရန်းကီလိုမီတာမှာ လူ ၅၀,၀၀၀ လောက် ပြွတ်သိပ်နေထိုင်နေရတဲ့ ရိုဟင်ဂျာစခန်းတွေဟာ မိုးရွာလည်း ကပ်ဆိုက်၊ မီးလောင်လည်း ကပ်ဆိုက်နဲ့ တကယ့်ကို အတိဒုက္ခရောက်နေတဲ့ ရပ်ဝန်းပါ။ ဒီသဘာဝဘေးတွေဟာ စခန်းတွေထဲ လူအသေအပျောက်ဖြစ်စေမှုနဲ့ ပြင်းပြင်းထန်ထန် ရောဂါဖြစ်ပွားမှုတွေရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
ရှိုဟီဒါတို့ မိသားစုရဲ့ ကြေကွဲစရာဖြစ်ရပ်ဟာလည်း မိုးကြီးတဲ့အချိန် ကော့ဇ်ဘဇား စခန်းတွေ တလျှောက် ရေကြီးပြီး မြေပြိုခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ခဲ့ရတာပါ။
လူ ၁၀ ဦး သေဆုံးပြီး ရွက်ဖျင်တဲအလုံး ၁,၂၀၀ လောက် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေက အတည်ပြုပါတယ်။ အိမ်သာတွေ၊ အများသုံး ရေကန်တွေနဲ့ ကျောင်းတွေလည်း ပျက်စီးခဲ့ရပါတယ်။
သူတို့စခန်းတွေ ဆောက်ထားတဲ့နေရာက အရင်က တောထူထပ်ခဲ့ပါတယ်။ တောင်ကုန်းတွေပေါ်မှာ မြေညှိပြီး စခန်းတွေကို အမြန်ဆောက်ခဲ့ရတော့ သစ်ပင်တွေ အကုန်လုံးနီးပါး ခုတ်လှဲခဲ့ရပါတယ်။ တောင်စောင်းတွေပေါ်က သစ်ပင်တွေ နေရာမှာ ထောင်နဲ့ချီတဲ့ တာပေါ်လင်မိုး ဝါးအိမ်တွေ အစားထိုး ပေါ်ပေါက်လာခဲ့တာပါ။
ဒါ့တွေကြောင့် သစ်တောထူထပ်တဲ့ တောင်ကုန်းတွေကနေ သစ်တောအလွန်အမင်းပြုန်းတီးတာနဲ့ မီးလောင်လွယ်၊ ရေကြီးလွယ်၊ မြေပြိုလွယ်တဲ့ အခြအနေ ရောက်ရှိသွားခဲ့ပါတယ်။
သဘာဝ ရေစီးဆင်းရာလမ်းကြောင်းတွေလည်း ပျောက်ဆုံးခဲ့ပြီး ပြိုလွယ်ပျက်လွယ် မတည်ငြိမ်တဲ့ မြေပြင်အနေအထား၊ ရေတိုက်စားဖို့ လွယ်ကူတဲ့ တောင်စောင်းတွေနဲ့ ရေဝပ်နိုင်တဲ့ လွင်ပြင်တွေ ဖြစ်ကျန်ခဲ့ပါတယ်။
အခုလောလောဆယ် ဒုက္ခသည်စခန်းအများစုမှာ ခိုင်ခိုင်မာမာဆောက်လုပ်ထားတဲ့ လမ်းတံတား အဆောက်အအုံတွေ မရှိပါဘူး။ လူသွားလမ်းတွေကို ဒုက္ခသည်တွေ ကိုယ်တိုင်ဖောက်လုပ်ထားတာဖြစ်ပြီး အရေးပေါ်အခြေအနေ ကြုံလာမှ သဲဖို့မြေကာ လုပ်ကြပါတယ်။
ရိုဟင်ဂျာတွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးရာ ကန့်သတ်ချက်တွေလည်း ရှိနေပါတယ်။ အမြဲတမ်းနေရမယ်လို့ အဓိပ္ပာယ်ပေါက်သွားမှာ စိုးရိမ်လို့ ဒုက္ခသည်စခန်းတွေမှာ အခိုင်အမာ အဆောက်အအုံတွေ တည်ဆောက်ဖို့ကို အာဏာပိုင်တွေက ခွင့်မပြုပါဘူး။
ဒါကြောင့် ဒုက္ခသည်စခန်းတွေမှာဆိုရင် ကွန်ကရစ်အောက်ခံအုတ်မြစ်၊ အုတ်နံရံတွေနဲ့ ဆောက်လုပ်ခွင့် မရှိပါဘူး။ တာပေါ်လင်အမိုးနဲ့ ဝါးတွေ၊ ကြိုးတွေကိုပဲ ခွင့်ပြုထားပါတယ်။ အခုလောလောဆယ်မှာ ဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ခွင့်ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ် ပိတ်ပင်ထားတယ်။
နာဆာနဲ့ လူသားချင်း စာနာမှု အေဂျင်စီတွေက ထုတ်ဝေတဲ့ သဘာဝဘေးအန္တရာယ် အခြေပြမြေပုံတွေအရ အကြီးဆုံး စခန်းဖြစ်တဲ့ ကူတူပါလောင်စခန်းဟာလည်း သဘာဝဘေး အန္တရာယ်အကျရောက်နိုင်ဆုံး အခြေအနေ ကြုံနေရပါတယ်။ လူတွေ အလွန်အမင်း ပြွတ်သိပ်နေတဲ့ အဲ့ဒီစခန်းကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းတဲ့ နေရာကို ရွှေ့ပြောင်းပေးနိုင်ဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။
မိုးတွင်းကာလ မိုးကြီးလို့ မြေပြိုတဲ့အခါ တဲတွေအပေါ် မြေပိပြီး လူအသေပျောက်ရှိနိုင်ပါတယ်။ လေပြင်းတိုက်တဲ့အခါလည်း ခနော်နီခနော်နဲ့ ရွက်ဖျင်တဲတွေဟာ လေထဲ လွင့်ပါသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ လပိုင်းတွေမှာတော့ စခန်းအပေါ် ကျရောက်တဲ့ အန္တရာယ်က တစ်မျိုးပြောင်းသွားပါတယ်။ အဲဒီအန္တရာယ်ကတော့ မီးဘေးအန္တရာယ်ပါ။ တဲဆိုတာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်လို့ မီးလောင်ရာလေပင့်ဆိုသလို လေကလေး နည်းနည်းဖေးကူလိုက်ရင် စခန်းထဲက တဲအိမ်တန်းတစ်ခွင်လုံး မိနစ်ပိုင်းအတွင်း ပြာကျသွားနိုင်တဲ့ ဘေးဆိုးကြီး ဖြစ်သွားပါတယ်။
၂၀၂၁ ခုနှစ် မတ်လတုန်းက မီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို့ တဲအလုံးရေ ၁၀,၀၀၀ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။
မီးလောင်မှု အများအပြားဟာ မီးဖိုချောင်က စတင်တယ်လို့ ယူဆရပါတယ်။ LPG လို့ခေါ်တဲ့ အရည်အသွေးမကောင်းတဲ့ မီးဖိုချောင်သုံး ဓာတ်ငွေ့အိုးတွေကြောင့်လည်း ပါပါတယ်။ ရံဖန်ရံခါ တမင်မီးရှို့တာလည်း ဖြစ်ဖွယ် ရှိပါတယ်။ မီးလောင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတချို့က အကြောင်းရင်းအမှန်ကို အဖြေမထုတ်နိုင်ကြသေးပါဘူး။
ဒုက္ခသည်တွေဟာ ဖြစ်ပေါ်လာမယ့် သဘာဝဘေးတွေအတွက် သတိပေးချက်တွေကို အချိန်မီ မရခဲ့ကြဘူးလို့ ဖရွန်တီးယားကို ပြောပါတယ်။
“ဒါ လုံးဝကို မျှော်လင့်မထားတာ။..အန်ဂျီအိုတွေ အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ကျမတို့ကို ကြိုသတိပေးတာ၊ ယာယီဘေးကင်းတဲ့ တစ်နေရာကို ရွှေ့ပြောင်းပေးတာမျိုး မရှိခဲ့ဘူး” လို့ ရှိုဟီဒါက မိုးကြီးပြီး မြေပြိုလို့ မိသားစုဝင်တွေ အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်ကို ပြောပြပါတယ်။

နိုင်ငံတကာအကူအညီ ဖြတ်တောက်မှုများ
စခန်းအမှတ် ၁၃ မှာ နေတဲ့ အသက် ၂၅ နှစ်အရွယ် ဟက်ဖဇာရာမန်က သူ့ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့သူပါ။
ပြီးခဲ့တဲ့ ဇူလိုင်လက မိုးသည်းထန်လို့ သူ့တဲလေးရှိတဲ့ တောင်ကုန်းဟာ အချိန်မရွေး မြေပြိုနိုင်တာမို့ ထိတ်လန့် စိုးရွံ့နေခဲ့ရပါတယ်။ သူ့တဲအိမ် အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသူများ အဖွဲ့အစည်ဆီ(IOM)ကို အသိပေးထားပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုဟာ အားရစရာ မရှိဘူးလို့ ရာမန်က ဆိုပါတယ်။
ဒီအပေါ်ကို မှတ်ချက်ပေးဖို့ IOM ကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
“သူတို့မှာ ရန်ပုံငွေအကြပ်အတည်း ဖြစ်နေပါတယ်လို့ ပြန်ဖြေတယ်။ ဘာအကူအညီပေးမယ်လို့ သူတို့ ကမ်းလှမ်းတာ မရှိဘူး။ ဒီလောက်ကြီးမားတဲ့ တောင်စောင်းအတွက် သူတို့ လုပ်ပေးနိုင်တာ ဘာမှ သိပ်မရှိဘူးလို့ ပြောတယ်” လို့ ရာမန်က ပြန်ပြောပြပါတယ်။
ညဆို သူနဲ့ တခြားဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တဲထဲက မြေပြိုဖို့ အန္တရာယ်နည်းလောက်မယ် ထင်ရတဲ့ ဘက်ခြမ်းမှာပဲ အိပ်ကြရတယ်လို့ သူက ဆိုပါတယ်။
“တဲထဲမှာ အိပ်ရမှာ ကျနော်တို့ ကြောက်နေတယ်။ ဒါပေမဲ့ ကျနော်တို့မှာ တခြားရွေးချယ်စရာလည်း မရှိဘူး” လို့ သူက ဆိုပါတယ်။
အကူအညီပေးတဲ့အဖွဲ့တွေက ဒီအန္တရာယ်တွေကို သတိပြုမိကြပါတယ်။ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များ ကဏ္ဍပေါင်းစုံ ညှိနှိုင်းရေးအဖွဲ့ရဲ့ အဆိုအရ မနှစ်တုန်းက တောင်စောင်းမြေမာရေး ဆောင်ရွက်မှု၊ ရေစီးရေလာကောင်းအောင် ပြုပြင်မှုနဲ့ ဘေးအန္တရာယ် စောင့်ကြည့်ထိန်းကျောင်းမှုတွေ လုပ်ဆောင်ပေးခဲ့လို့ ဒုက္ခသည် ၂၀၀,၀၀၀ နီးပါး အကျိုးကျေးဇူး ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ရာသီဥတုအခြေအနေ မဆိုးဝါးမီ၊ ဒါမှမဟုတ် ရာသီဥတု ဆိုးဝါးမှုကို တွေ့ကြုံပြီးချင်းမှာပဲ ဒုက္ခသည် ၆၀,၀၀၀ လောက်ကို အန္တရာယ်ကြီးမားတဲ့ နေရာတွေကနေ ပြောင်းရွှေ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကိန်းဂဏန်းဟာ စခန်းထဲက ဒုက္ခသည်လူဦးရေနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ ပမာဏပဲ ရှိပါတယ်။ တကယ့်အခြေအနေမှန်ကတော့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ကမ္ဘာတစ်လွှား အပြိုင်အဆိုင် ကပ်ဘေးတွေအကြား မနိုင်မနင်းဖြစ်ရာကနေ တစ်စထက်တစ်စ လျော့နည်းလာတဲ့ နိုင်ငံတကာအကူအညီ ရန်ပုံငွေ တည်းတည်းကလေး အပေါ် မရေမရာနဲ့ ရပ်တည်ရှင်သန်နေရတယ်ဆိုတဲ့ အချက်ပါပဲ။
“ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတုကို ဆက်လက်ခံစားနေရချိန်မှာ ရန်ပုံငွေ လျော့နည်းလာခြင်းက မိတ်ဖက် အဖွဲ့တွေရဲ့ အရေးပေါ်အခြေအနေ ကာကွယ်တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေပါတယ်” လို့ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များ ကဏ္ဍပေါင်းစုံ ညှိနှိုင်းရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူခရီဇီယာဗစ်တောရီက ဆိုပါတယ်။
“ဒါကြောင့်လည်း ဘေးအန္တရာယ်လျှော့ချရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးတွေမှာ လိုအပ်ချက် ကြီးကြီးမားမား ရှိနေခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့တွေ ယမန်နှစ်က ရေးဆွဲတဲ့ ပူးတွဲတုံ့ပြန်ရေး စီမံချက်အတွက် အကူအညီ ဒေါ်လာ ၈၅၂ သန်း တောင်းခံခဲ့ပေမဲ့ နှစ်ကုန်ချိန်အထိ တောင်းခံငွေရဲ့ ၆၈ ရာခိုင်နှုန်းပဲ လက်ခံရရှိခဲ့တယ်။
ယခုနှစ် စီမံချက်မှာဖြင့် ဒေါ်လာ ၉၃၅ သန်းအထိ တိုးမြှင့်တောင်းခံထားပြီး ဇွန်လ ၁၀ ရက်အထိ တောင်းခံငွေရဲ့ ၃၆ ရာခိုင်နှုန်းပဲ လက်ခံရရှိသေးတယ်လို့ ကုလသမဂ္ဂအေဂျင်စီရဲ့ အောက်တိုဘာလ ၁၉ ရက် အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ကြေညာချက်ထဲမှာ နိုင်ငံခြားအကူအညီတွေ ရပ်ဆိုင်းဖို့ ဇန်နဝါရီလ ၂၀ ရက်က ရုတ်တရက် အတည်ပြုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမိန့်ကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ လူသားချင်း စာနာမှုလိုအပ်နေတဲ့ ကပ်ဘေးကြီးကို ပိုမိုဆိုးဝါးလာစေခဲ့တယ်လို့ ဆိုပါတယ်။
ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာနဲ့ လူ့အခွင့်အရေးဆိုင်ရာ သီးခြားလွတ်လပ်တဲ့ ပညာရှင် ၂ ဦးကို ကိုးကားပြီးတော့ “ဒီအကူအညီ ဖြတ်တောက်မှုတွေကြောင့် ကလေးသူငယ် ၂ သိန်းကျော် အပါအဝင် ကမ္ဘာတစ်လွှား လူဦးရေ ၃ သိန်းခွဲကျော် အသက်ဆုံးရှုံးရမယ်လို့ ခန့်မှန်းကြောင်း” အဲ့ဒီ ကြေညာချက်က ဆက်လက်ဖော်ပြပါတယ်။
အကူအညီတွေ အကြီးအကျယ်လျှော့ချလိုက်မှုရဲ့ ဆိုးကျိုးကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သိသိသာသာ မြင်နေရပါပြီ။ အရင်မြင်နေကျ တောင်စောင်းတွေ၊ လမ်းတွေကို ပြုပြင်ထိန်းသိမ်းနေတဲ့ အလုပ်သမားတွေကို အခု မတွေ့ရတော့ပါဘူး။ ရေမြောင်းတွေဟာ ပိတ်ဆို့ပြီး ရေလျှံနေကြသလို လူသွားလမ်းတွေကလည်း ပျက်စီးနေပါတယ်။ အလှူငွေ လျော့နည်းလာတဲ့အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းတွေ သိသိသာသာ ကျဆင်းသွားတာ တွေ့မြင်နေရပါတယ်။

တက်ကြွလူငယ်တို့ဖြင့် အစားထိုးခြင်း
ဒီလို အခြေအနေတွေမှာ အစိုးရနဲ့ အန်ဂျီအိုတွေ မလုပ်ကြတဲ့ လစ်ဟာမှုတွေကို ရိုဟင်ဂျာလူငယ်အချို့က ဝင်ရောက် တာဝန်ယူ လုပ်ကိုင်လာကြတာကိုလည်း တွေ့ရပါတယ်။
ဒီလူငယ်တွေထဲက တစ်ဦးကတော့ ရိုဟင်ဂျာ အစိမ်းရောင်သဘာဝအဖွဲ့ကို တည်ထောင်သူ အသက် ၂၁ နှစ်အရွယ် အာဇတ်ခန်းပဲ ဖြစ်ပါတယ်။
ထင်းရဖို့နဲ့ အိမ်ဆောက်ဖို့အတွက် သစ်ခုတ်ကြလို့ တောင်ကုန်းတွေ ကတုံးဖြစ်နေတာ ကြည့်ပြီး တစ်ခုခုလုပ်သင့်ပြီဆိုတာကို သူသိလာတယ်လို့ ပြောပါတယ်။
“၂၀၁၇ တုန်းက ဒီနေရာတစ်ခွင်လုံး သစ်ပင်တွေနဲ့ စိမ်းစိုနေခဲ့တာပါ။ ဒါပေမဲ့ အိမ်ဆောက်ဖို့၊ ထင်းရဖို့ ကျနော်တို့ သစ်ပင်တွေ ခုတ်လှဲခဲ့ကြတယ်။ ၂၀၁၈ ရောက်ရော တောင်ကတုံးတွေ ဖြစ်ကုန်တယ်” လို့ ခန်းက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်က တည်ထောင်ခဲ့တဲ့ သူ့အဖွဲ့မှာ အခုဆို ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ အဖွဲ့ဝင် ၁,၅၀၀ အထိ တိုးပွားလာပြီ ဖြစ်ပါတယ်။ သူတို့က သစ်ပင် စိုက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပညာပေးကြသလို အရေးပေါ်အကူအညီတွေမှာလည်း ပါဝင် ကူညီဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က ဒီမှာ နေထိုင်နေသူတွေ ဖြစ်တဲ့အတွက် ဒီအရပ်ကို ကာကွယ်ဖို့ဟာ ကျနော်တို့ရဲ့ တာဝန်ပါ။ ဘယ် အန်ဂျီအိုနဲ့မှ တွဲလုပ်နေတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ စတင်ပြီး လုပ်ခဲ့ကြတာပါ” လို့ ခန်းက ပြောတယ်။
သူတို့လုပ်ရပ်ရဲ့ အကျိုးရှိမှုကိုတော့ အသိအမှတ်မပြုလို့ မရပါဘူး။ ရေကြီးတုန်းက လူငယ်စေတနာရှင်တွေ မြောင်းတူးကြတယ်၊ တောင်စောင်းတွေ မြေဖို့ကြတယ်၊ မိသားစုတွေကို ကူညီကယ်ထုတ်ပေးကြခဲ့ပေမဲ့ သူတို့မှာ ငွေအရင်းအမြစ် မရှိဘူးလို့ ဆိုပါတယ်။
“နောက်ထပ် စာနာသနားမှုတွေ ကျနော်တို့ မလိုပါဘူး။ ကျနော်တို့ လိုချင်တာ ခိုင်ခိုင်ခံ့ခံ့ တဲတွေ၊ ရေကြီးတာကို ကာကွယ်ဖို့ တမံတွေ၊ ရေမြောင်းတွေနဲ့၊ မီးဘေးကာကွယ်ရေးစနစ်တွေပါ။ မိုးကောင်းကင်ကို မကြောက်မရွံရဘဲနဲ့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေထိုင်ခွင့်ကို လိုအပ်နေပါတယ်” လို့ ခန်းက ပြောပါတယ်။
“နိုင်ငံတကာ အကူအညီတွေ မရဘူးဆိုရင် နောက်နှစ် မုတ်သုန်ရာသီ၊ ဒါမှမဟုတ် ဆိုင်ကလုံးမုန်တိုင်း ကြုံလာရင် ပိုဆိုးမယ်။ ကျနော်တို့ တဲတွေ ပြိုကျကုန်မယ်။ ဒုက္ခသည်တွေ အတိဒုက္ခရောက်မယ်။ ကျနော်တို့ မတားဆီးနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်ရည်မရှိတဲ့အပေါ် ကျနော်တို့ကိုပဲ အပြစ်ပုံချကြလိမ့်ဦးမယ်” လို့ သူက ဆိုပါတယ်။
ရှိုဟီဒါဟာ မိသားစုဝင်တွေ သေဆုံးခဲ့ရပြီးကတည်းက ဘာလူကာလီစခန်းအမှတ် ၁၀ မှာ အစ်ကို ၂ ဦးနဲ့အတူ ဆက်လက်နေထိုင်နေပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အသက် ၁၈ နှစ် အရွယ် သူရဲ့အစ်ကို မိုဟာမက်ဆာဒက်ဟာ မြေပြိုတဲ့ညမှာ တခြားစခန်းက အမျိုးတွေဆီ အလည်ရောက်နေခဲ့တယ်။ ၈ တန်း ကျောင်းသားတစ်ဦးသာ ဖြစ်တဲ့ ဆာဒက်ဟာ နေ့ချင်းညချင်း ဆိုသလို အိမ်ထောင်ဦးစီး ဖြစ်လာခဲ့ရပါတယ်။
ရှိုဟီဒါဟာ မိခင်နိုင်ငံကနေ မောင်းထုတ်ခံထားရလို့ နိုင်ငံမဲ့ဖြစ်နေပေမဲ့ ဒုက္ခသည်စခန်းမှာ မိဘတွေနဲ့ အတူနေထိုင်ပြီး နေ့စဥ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။
“မြေမပြိုခင်က ကျမမှာ ပုံမှန်မိသားစုလေး ရှိခဲ့တယ်။ အဖေက စက်ချုပ်သမား၊ စခန်းအမှတ် ၁၀ က ဒိန်းမတ်ဒုက္ခသည်ကောင်စီမှာ စေတနာ့ဝန်ထမ်း အလုပ်ရတယ်။ အမေကတော့ အိမ်ရှင်မပေါ့။ အဖေ၊ အမေ တို့နဲ့ အတူတူ ဘဝတစ်ခုကို ဖြတ်သန်းရလိမ့်မယ်ပဲ ကျမ ထင်ထားခဲ့မိတာ။ အခု ကျမ အနာဂတ်အတွက် ကျမ အရမ်းစိုးရိမ်မိပါတယ်” လို့ သူက ဆိုပါတယ်။
မြေပြိုမှုအပြီး ကျန်ရစ်သူ မိသားစုကို တခြားစခန်းဆီ ရွှေ့ပေးဖို့ ဒိန်းမတ်ဒုက္ခသည်ကောင်စီက ကမ်းလှမ်းပေမဲ့ သူတို့က လက်မခံခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အမျိုးတွေနဲ့ ကွဲကွာသွားမှာဖြစ်သလို ရပ်ဆွေရပ်မျိုးတွေရဲ့ အကူအညီမရတော့မဲ့ အနေအထားမျိုး ရောက်သွားနိုင်လို့လည်း ဖြစ်ပါတယ်။
“ကျနော့ ညီလေးနဲ့ ညီမလေးက အရွယ်မရောက်သေးတော့ အဲ့ဒီ[တခြားစခန်း]မှာ နေဖို့ စိတ်မချရဘူး။ အခု ကျနော်တို့ ဝမ်းကွဲမောင်နှမ တစ်ယောက်ရဲ့အိမ်မှာ နေနေတယ်။ ဒီနေရာထက် ပိုဘေးကင်းပြီး ပိုစိတ်ချရတဲ့ အိမ်မျိုး ဆောက်ဖို့ကလည်း ကျနော်တို့ ဘာအကူအညီမှ ရမနေဘူး” လို့ ဆာဒတ်က ပြောပါတယ်။
ဒုက္ခသည်စခန်းတွေရဲ့ ဆိုးဝါးလွန်းတဲ့ အခြေအနေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အရာတွေထဲမှာ ပတ်ဝန်းကျင်ရဲ့ဖေးမကူညီမှုနဲ့ စည်းလုံးညီညွတ်မှုတွေလည်း ပါဝင်ပါတယ်။ ရာမန်နဲ့ သူ့ အိမ်နီးချင်းတွေဟာ လိင်ပိုင်းအကြမ်းဖက်ခံရမှာကိုလည်း စိုးရိမ်နေရပါတယ်။
အထူးသဖြင့် ညဖက်တွေမှာ အမျိုးသမီးတွေ ခပ်ဝေးဝေးက အိမ်သာဆီ အပေါ့အပါးသွားတာ၊ ရေချိုးသွားတာက အစ စိတ်ချလက်ချ မသွားနိုင်ကြပါဘူး။ စခန်းတွေမှာ အလုပ်လုပ်နေတဲ့ အကြီးဆုံး လူသားချင်းစာနာမှုအဖွဲ့တစ်ခုဖြစ်တဲ့ ActionAid ရဲ့ မကြာသေးမီက ဆန်းစစ် လေ့လာမှုအရ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ဆယ်ကျော်သက် မိန်းမပျိုတွေအတွက် အကြီးမားဆုံးနဲ့ ဖြစ်ပွားမှု အများဆုံး အန္တရာယ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ကော့ဇ်ဘဇားက ဒုက္ခသည်တွေရဲ့ ၇၈ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
“အိမ်သာတွေက ဝေးလွန်းတဲ့အတွက် နေ့ခင်းဖက်မှာတောင် အမျိုးသမီးတွေဟာ အပေါ့အလေး မသွားရဲဘူး။ ညဖက်ကျ ပိုပြီးတော့တောင် အန္တရာယ်များသေးတယ်။ လိင်ပိုင်း အကြမ်းဖက်ခံရမယ့် အန္တရာယ်အတွက် စိုးရိမ်ရတယ်။ အကူအညီတွေ ရောက်မလာခင်အထိ စခန်းအနီးအနားမှာ ယာယီ အိမ်သာတစ်လုံး ဆောက်လိုက်ရတယ်” လို့ ရာမန်က ပြောပါတယ်။
ဒီအတောအတွင်း ခနော်နီခနော်နဲ့အိမ်တွေရဲ့ နံရံကို အန်ဂျီအိုတွေက အင်္ဂတေနဲ့ ကာရံပေးစေလိုတယ်လို့ ဆာဒတ်က ဖရန်တီးယားကို ပြောပါတယ်။
“အဲ့သလို လုပ်ပေးရင် တခြားမိသားစုတွေမှာ သူတို့ အဖေ၊ အမေနဲ့ ချစ်ရသူတွေ ထပ်ပြီး မဆုံးရှုံးရတော့ဘူးပေါ့” လို့ သူက ဆိုပါတယ်။
ရာမဒန်ဥပုသ်လပြီးဆုံးတဲ့ အစ်နေ့လိုမျိုး နေ့ထူးနေ့မြတ်တွေဆို ဝတ်ပြုဆောင်ကနေ အိမ်ဆီ အပြန်လမ်းမှာ အဝတ်အစားသစ်တွေ ယူဆောင်လာတတ်တဲ့ သူ့အဖေကို လွမ်းနေမိကြောင်း ဆာဒတ်က ဆိုပါတယ်။
ရှိုဟီဒါရဲ့ ဆန္ဒကလည်း သူ့အစ်ကိုရဲ့ဆန္ဒလို ရိုးရှင်းလှပါတယ်။
“မိုးရွာရင် ပြိုကျမသွားမယ့် အိမ်တစ်လုံးပဲ ကျမ လိုချင်တယ်။ ကျမလိုချင်တာ ဒီတစ်ခုပါပဲ”လို့ ရှိုဟီဒါက ဆိုပါတယ်။
Mohammed Zonaid နှင့် Redwan Ahmed တို့ ရေးသားသည်။