ဖို့ဒ်ကားများကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ရောင်းချမည်

ရန်ကုန်၊ ဇူလိုင် ၂၃

ပြည်တွင်းဈေးကွက်တွင် ရောင်းချမည့် ဖို့ဒ်ကားများကို ပြည်တွင်း၌ပင် တပ်ဆင်ထုတ်လုပ်ကာ ရောင်းချသွားမည်ဟု ဖို့ဒ်နှင့် Capital Automotive ကုမ္ပဏီများမှ တာဝန်ရှိသူများက ပြောကြားသည်။

ပြည်ပမှ တင်သွင်းလာမည့် ဖို့ဒ် (Ford) ကားအစိတ်အပိုင်းများအား တပ်ဆင်ပေးမည့် စက်ရုံကို ကားကုမ္ပဏီကြီးဖြစ်သည့် ဖို့ဒ်၊ RMA Thailand နှင့်အတူ CDSG ကုမ္ပဏီခွဲ Capital Automotive Limited (CAL) နှင့် Capital Motors Limited (CML) တို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင် ဇူလိုင် ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“CML ကားတပ်ဆင်တဲ့စက်ရုံဖွင့်လှစ်နိုင်ခဲ့ခြင်းက ပြည်တွင်းစီးပွားရေးကဏ္ဍမှာ  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ပေးနိုင်မယ့်အပြင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကိုလည်း လုပ်ငန်းကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာ ကမ္ဘာ့အဆင့်မီ အကောင်းဆုံးလက်တွေ့လုပ်ငန်းတွေနဲ့ မြင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ယူမိပါတယ်”ဟု Capital Automotive ၏ ဥက္ကဋ္ဌ ဦးခင်ထွန်းက ပြောကြားသည်။

အဆိုပါစက်ရုံတွင် ဖို့ဒ်ကားနှစ်မျိုးဖြစ်သည့် 4WD Ranger နှင့် Everest မော်တော်ယာဉ်အသစ်များကို တပ်ဆင်ထုတ်လုပ်မည်ဖြစ်သည်။ စက်ရုံမှ တစ်နှစ်လျှင် မော်တော်ယာဉ် အစီးရေ ၃,၈၀၀ အထိ တပ်ဆင် ထုတ်လုပ်နိုင်သည်ဟု သိရသည်။

ရန်ကုန်ရှိ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်မည့် မော်တော်ယာဉ်များအား ဖို့ဒ်၏ စံချိန်စံညွှန်းများအတိုင်း တပ်ဆင်ထားခြင်းဖြစ်သည်ဟု အာဆီယံဆိုင်ရာ ဖို့ဒ်၏ဥက္ကဋ္ဌ Mr. Mark Kaufman က ပြောကြားသည်။

“အရေးကြီးဆုံးကတော့ ဝယ်ယူသူတွေအနေနဲ့ CML ရဲ့ ပြည်တွင်းမှာတပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေဟာ ကမ္ဘာ့အဆင့်မီ အဆင့်အတန်းမြင့်တဲ့ ဖို့ဒ်ရဲ့စံချိန်စံနှုန်းတွေအတိုင်း တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေဖြစ်တဲ့အကြောင်း သိရှိစေဖို့ပါ” ဟု ၎င်းကပြောကြားသည်။

“ဖို့ဒ်ရဲ့အဆင့်အတန်းမြင့်တဲ့ ကားအရည်အသွေးကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေကို ပြဌာန်းစစ်ဆေးထားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ပဲ စစ်ဆေးမှုတွေအတိုင်း ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဖို့ဒ်ကားတစ်စင်းမှာရှိရမယ့် စံပြအရည်အသွေးကို ကမ္ဘာအနှံ့က ဘယ်နေရာမှာမဆို ဝယ်ယူသူ တွေကို ပေးဆောင်နိုင်သလို၊ ရန်ကုန်က မော်တော်ယာဉ်တစ်စီးချင်းတပ်ဆင်မှုကိုလည်း အဲဒီအတိုင်းပဲ ဖြစ်စေမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်တွင်းရှိ Capital Diamond Star Group နှင့် ထိုင်းနိုင်ငံအခြေစိုက် Automotive Services Limited (ASL) တို့၏ တူညီသော ရင်းနှီးမြှုပ်နှံမှုဖြင့် Capital Motors Limited ကို ၂၀၁၆ ခုနှစ်တွင် တည်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုဖွင့်လှစ်သည့် မော်တော်ယာဉ်တပ်ဆင်သည့် စက်ရုံကို ပိုင်ဆိုင်လည်ပတ်သွားမည်ဖြစ်သည်။

မော်တော်ယာဉ်တပ်ဆင်မှုအပိုင်းတွင် လိုအပ်သည့် အစိတ်အပိုင်းများကို ထိုင်းနိုင်ငံမှ ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှုပေးသည့် RMA မှ ထောက်ပံ့ရယူသွားမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.