တိုယိုတာဟိုင်းလပ် တစ်နှစ်လျှင် အစီး ၂,၅၀၀ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မည်

၂၀၂၁ ခုနှစ်က စတင်ကာ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂,၅၀၀ အား သီလဝါတွင် SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဟု တိုယိုတာမြန်မာက ယနေ့ (မေ ၃၀ ရက်နေ့) တွင် ကြေညာသည်။

တိုယိုတာမော်တေ်ာကော်ပိုရေးရှင်း (တိုယိုတာ) အနေဖြင့်၎င်း၏ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (Toyota Myanmar Co., Ltd, TMY) ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တိုယိုတာမြန်မာ (TMY) စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်သွားမည်ဖြစ်သည်။ ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်းဖြစ်ပြီး လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဟုဆိုသည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စီမံကိန်းအသစ်ကို အသိပေးခွင့်ရတဲ့အတွက် အထူးပင်ဝမ်းသာမိပါတယ်” ဟု တိုယိုတာမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ Mr. Yoshihisa Tonozuka က ပြောကြားသည်။

တိုယိုတာအနေဖြင့် လက်ရှိတွင် Toyota Hilux၊ Vios၊ Rush နှင့် အခြားအမျိုးအစားယာဉ်များတင်သွင်း ရောင်းချနေသည်။ တိုယိုတာမြန်မာ (TMY) ကို လာမည့် ဇွန်လတွင် တည်ထောင်ပြီး လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်သွားရန် ရည်ရွယ်သည်ဟု တိုယိုတာမြန်မာက ပြောကြားသည်။

တိုယိုတာမြန်မာတွင် Toyota Motor Corporation က ၈၅ ရာခိုင်နှုန်းနှင့် Toyota Tsusho Corporation က ၁၅ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် တိုယိုတာဟိုင်းလပ်ယာဉ်များ စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်။

ပြည်တွင်းဈေးကွက်အတွင်း မော်တော်ယာဉ်အသစ် ဝယ်လိုအားမှာ မကြာသေးမီနှစ်များအတွင်း တရှိန်ထိုးမြင့်တက်လာရာ  ၂၀၁၈ ခုနှစ်တွင် မော်တော်ယာဉ်သစ်စီးရေ ၁၈,၀၀၀ ရောင်းချခဲ့ရပြီး ထိုမတိုင်မီနှစ်ကထက် နှစ်ဆကျော်မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

ပြည်တွင်း၌ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေဖို့အတွက် မြန်မာအစိုးရက တွန်းအားပေးနေပြီး လက်ရှိအချိန်တွင် Ford၊ ဆူဇူကီး၊ နစ်ဆန်းနှင့် ဒေဝူးတို့က ပြည်တွင်း၌ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချနေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar