တပ်မတော်က နှစ်စဉ် မော်တော်ယာဉ်အစီး ၁,၀၀၀ ထုတ်လုပ်ရန် စီစဉ်နေ

တပ်မတော်က ၂၀၁၆ ခုနှစ်တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနထံမှ လွှဲပြောင်းရယူခဲ့သည်ဆိုသည့် စက်ရုံမှ မော်တော်ယာဉ် နှစ်စဉ် အစီး ၁,၀၀၀ ထုတ်လုပ်သွားရန် စီမံဆောင်ရွက်နေသည်ဟု တပ်မတော်က ပြောကြားသည်။

အဆိုပါ တပ်မတော်အကြီးစားစက်ရုံ (ထုံးဖို) မှ ယခုဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်မည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်း၌ ဖော်ပြထားသည်။

စက်ရုံ၌ မော်တော်ယာဉ်နှင့် စက်အစိတ်အပိုင်းများ ထုတ်လုပ်နေမှုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့သည်။

“၂၀၁၆ ခုနှစ်တွင် စက်ရုံအား တပ်မတော်မှလွှဲပြောင်းရယူပြီးချိန်၌ ရပ်တန့်နေသော မော်တော်ယာဉ်နှင့် အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ စတင်ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ယခုအခါ အစီး ၁၀၀ မြောက်ထုတ်လုပ်နိုင်ပြီဖြစ်ပြီး “မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ကြစေလိုသည်” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

အဆိုပါစက်ရုံတွင် ယခင်က Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်များအား အမှတ်(၂)စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ခဲ့သည်။ စက်ရုံအလုပ်ရုံအတွင်း အသုံးပြုသည့်စက်များသည် ၁၉၆၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် OSAKA KOSAKUSHO၊ HITACHI SEIKI၊ MITSUBISHI၊ OKUMA၊ SHOUN၊ OKK၊ SEIKOSHA၊ ROKU ROKU SANGVO၊ YOSHIDA၊ TOKUSHU KOKI SEISA KUSHO၊ TSOGAMI နှင့် TOYOKOGVO စသော စက်အဟောင်းများဖြစ်ကာ ပြန်လည်ပြုပြင်၍ မော်တော်ယာဉ်များ၊ အင်ဂျင်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar