ဒေဝူးဘတ်စ်ကားတွေကို ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်မည်

တောင်ကိုရီးယားနဲ့ မြန်မာတို့ ပူးပေါင်းပြီး ဒေဝူးဘတ်စ်ကားတွေကို ရန်ကုန်မြို့မှာ တပ်ဆင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်ပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ငါးသန်းတန် အဲဒီဖက်စပ်လုပ်ငန်းမှာ တောင်ကိုရီးယားက ဒေဝူးမော်တာလို့ လူတွေသိထားတဲ့ Zyle Daewoo Commercial Vehicle က ၂၅ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက Myanmar Trade Center က ၇၅ ရာခိုင်နှုန်း ထည့်ဝင်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက Nikkei Asia Review က ရေးသားထားပါတယ်။

အဲဒီလို ထုတ်လုပ်မှုလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ ဘတ်စ်ကားတွေ တပ်ဆင်ထုတ်လုပ်ဖို့အတွက် မော်တော်ယာဉ်အစိတ်အပိုင်းတွေကို ပြည်ပကနေ တင်သွင်းမှာဖြစ်ပါတယ်။

ဘတ်စ်ကား တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံနေရာအတွက်လည်း စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းကနေ ထောက်ကြံ့အလုပ်ရုံခွဲကို ငှားရမ်းထားပါတယ်။

စက်မှုဝန်ကြီးဌာနကနေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ထုတ်လုပ်မယ့် ဘတ်စ်နဲ့ မီနီဘတ်စ်တွေကို ဥရောပဒီဇိုင်းကို အခြေခံထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ခရီးသည်တင်ဘတ်စ် အမျိုးအစားနှစ်မျိုးနဲ့ ကျောင်းကားအဖြစ် အသုံးပြုနိုင်မယ့် ၂၉ ယောက်စီး မီနီဘတ်စ်တွေကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြုပြင်ထိန်းသိမ်းမှုနဲ့ မော်တော်ယာဉ်စစ်ဆေးမှုလုပ်ငန်းတွေကိုလည်း ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီဖက်စပ်လုပ်ငန်းကနေ အလုပ်အကိုင် ၂၀၀ လောက်ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Nikkei Asia Review ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Myanmar Trade Center ဟာ ဒေဝူးဘတ်စ်ကားတွေကို မြန်မာနိုင်ငံကို တင်သွင်း ရောင်းချနေပါတယ်။

ပြည်တွင်းမှာ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုလုပ်ငန်းတွေ ပေါ်ထွန်းလာစေဖို့အတွက် မြန်မာအစိုးရက တွန်းအားပေးနေပြီး လက်ရှိအချိန်မှာ Ford၊ ဆူဇူကီးနဲ့ နစ်ဆန်းတို့က ပြည်တွင်းမှာပဲ မော်တော်ယာဉ်တွေကို တပ်ဆင်ရောင်းချနေပါတယ်။

မြန်မာနိုင်ငံမှာ မော်တော်ယာဉ်သစ်တွေ ရောင်းချရမှု တစ်နှစ်ထက် တစ်နှစ် များပြားလာရာမှာ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း မော်တော်ယာဉ်သစ် ၆,၈၄၁ စီးရောင်းချခဲ့ရတယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း၊ မော်တော်ယာဉ်အသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်းကာလကထက် နှစ်ဆကျော် တိုးတက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.