ရန်ကုန်မြို့ဘတ်စ်ကားမှတ်တိုင်များ၌ ခေတ်မီနားခိုဆောင် ၁၄၅ ခု တည်ဆောက်ပြီးဖြစ်

ရန်ကုန်မြို့က ဘတ်စ်ကားမှတ်တိုင် ၅၀၀ မှာ ခေတ်မီခရီးသည်နားနေဆောင်တွေ တည်ဆောက်ဖို့ တင်ဒါအောင်မြင်ခဲ့တဲ့ FMIDECAUX Co.,Ltd က နားခိုဆောင် ၁၄၅ ခု တည်ဆောက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင်တွေမှာ နားခိုဆောင်တွေနဲ့ သတင်းအချက်အလက် အသိပေးဆိုင်းဘုတ်တွေ တည်ဆောက်ဖို့အတွက် ပြင်သစ်အခြေစိုက် JCDecaux ရဲ့ ရာနှုန်းပြည့် လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ JCDecaux S.A နဲ့ မြန်မာနိုင်ငံက FMI တို့ ပူးပေါင်း တည်ထောင်ထားတဲ့ FMIDecaux ကုမ္ပဏီလီမိတက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၈ ခုနှစ်လယ်မှာ ခွင့်ပြုပေးခဲ့ပါတယ်။

အဲဒီကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံပြီး ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို အဆင့်မြှင့်တင်မှာဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇွန်လကနေ ၁၈ လအတွင်း မှတ်တိုင် ၃၀၀ ပြီးစီးဖို့ လျာထားပါတယ်။ မှတ်တိုင် ၅၀၀ လုံးကိုတော့ သုံးနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ FMIDecaux က ဆိုပါတယ်။

အဲဒီမှတ်တိုင် နားခိုဆောင်တွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ ပါဝင်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြော်ငြာခရဲ့ ၁၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် ရန်ကုန်မြို့တွင် ကျန်ရှိသည့် ဘတ်စ်ကားမှတ်တိုင် ၂,၀၀၀ ကျော်မှာ နားခိုဆောင်တွေ တည်ဆောက်ဖို့အတွက်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ဒါခေါ်ယူထားပါတယ်။

“ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်များမှာ ခေတ်မီခရီးသည် နားခိုဆောင် (Bus Shelter) များ ဆောက်လုပ်ဖို့အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်တွင်းကုမ္ပဏီများ တင်ဒါခေါ်ယူမှုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့က အသိပေးကြေညာခဲ့ပါတယ်” လို့

တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

“တင်ဒါပုံစံများ ရောင်းချခြင်းများကိုလည်း ကျွန်မတို့ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ တင်ဒါလုပ်ငန်းစဉ်များနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့လည်း သူကပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar