Yoma Micro Power တွင် IFC နှင့် Norfund တို့ ပါဝင်ရင်းနှီးမြှုပ်နှံ

ဆန်းဦး

ဆိုလာစနစ်သုံး အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် Yoma Micro Power တွင် International Finance Corporation (IFC) နှင့် Norfund တို့က ပါဝင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ထိုအဖွဲ့အစည်းသုံးခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းအထိ ရှိလာမည်ဖြစ်သည်။

ထိုရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီးချိန်တွင် Yoma Strategic က ၃၅ ရာခိုင်နှုန်း၊ Norfund နှင့် IFC တို့က ၃၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှိသောရှယ်ယာ ငါးရာခိုင်နှုန်းကို စီမံကိန်းအား ဦးဆောင်သူဖြစ်သည့် Alakesh Chetia က ပိုင်ဆိုင်မည်ဖြစ်သည်။

Yoma Micro Power ၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ Mr. Alakesh Chetia က ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေရန်အတွက် IFC က မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့မှုကို ဂုဏ်ယူကြောင်း ပြောကြားသည်။

“ကျွန်တော်တို့၏ အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် နိုင်ငံနှင့် ဒေသဆိုင်ရာအစိုးရထံမှ အကူအညီများစွာမလိုဘဲ ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ နောင် ၁၀ နှစ်၊ သို့မဟုတ် ၁၀ နှစ်အထက် စောင့်ဆိုင်းမှသာ လျှပ်စစ်ဓာတ်အား ရရှိနိုင်သည့် ကျေးရွာများကို ယခုအခါ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။  

Yoma Micro Power သည် ပြီးခဲ့သည့်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်အားပေးစက်ရုံ ၁၀ ခုအား ကနဦးအနေဖြင့် ဆောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါင်း ၂,၀၀၀ ကျော်အထိ ဆောက်လုပ်သွားရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ စစ်ကိုင်းဒေသကြီးရှိ အဆိုပါ အသေးစား ဓာတ်အားပေးစက်ရုံများသည် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၀ ခု၊ ကျေးရွာပေါင်း လေးရွာနှင့် ပြည်သူပေါင်း ၇၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားပေးနေသည်ဟု သိရသည်။

International Finance Corporation ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr Vikram Kumar က “ထိုစီမံချက်သည် မဖွံ့ဖြိုးသေးသော ကျေးလက်ဒေသရှိ ပြည်သူများ၏ဘဝကို မြှင့်တင်ပေးလိုသည့် IFC ၏ ရည်ရွယ်ချက်နှင့်လည်း ကိုက်ညီမှုရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူများအတွက် သဘာဝလျှပ်စစ်စွမ်းအင်များ ထုတ်လုပ်ဖြန့်ဖြူးပေးသော Yoma Micro Power ၏ လုပ်ငန်းသည် ရေရှည်တွင် ကောင်းမွန်သော အခွင့်အလမ်းများစွာရှိသည်ဟု” ပြောကြားသည်။

Yoma Micro Power သည် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် နေရာများတွင် အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသေးစား ဓာတ်အားလိုင်းများကို ဆိုလာစွမ်းအင်၊ ဒီဇယ်သုံး မီးပေးစက်များနှင့် စွမ်းအင်သိုလှောင်သည့် နည်းပညာများကို အသုံးပြုကာ ကိုယ်တိုင်တည်ဆောင်၍ လုပ်ငန်းများ လုပ်ဆောင်နေသည်။ ဆက်သွယ်ရေးတာဝါတိုင်များကဲ့သို့ အခြေစိုက်ငှားရမ်းသူများသည် အဆိုပါ အသေးစား ဓာတ်အားပေးစက်ရုံမှ ဓာတ်အားများကို လပေးစနစ် (သို့) အသုံးပြုသည့် ကီလိုဝပ်အပေါ် မူတည်၍ ငွေပေးချေရသည်။ ထိုမှတဆင့် ဓာတ်အားလိုင်းများသည် ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ကျောင်းများ နှင့် ဆိုင်များသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည်။ သုံးစွဲခအနေဖြင့် သတ်မှတ်ထားသည့် ဝန်ဆောင်မှုဈေးနှုန်းများအတိုင်း လစဉ် ငွေသားဖြင့်ဖြစ်စေ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်သည့်  Wave Money နှင့်ပင်ဖြစ်စေ ပေးဆောင်နိုင်ကြသည်။

Yoma Strategic Holdings ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr Melvyn Pun က “ယခုကဲ့သို့ IFC က ရင်းနှီးမြှုပ်နှံခြင်းသည် စီမံကိန်း၏ အလားအလာရှိမှုအပေါ် ယုံကြည်ခြင်းပင်ဖြစ်သည်။ ယခုစီမံကိန်းသည် အလားအလာကောင်းသော စီမံကိန်းဖြစ်သည်ကို ကနဦး စမ်းသပ်လေ့လာမှုအနေဖြင့် မကြာသေးမီက စစ်ကိုင်းဒေသကြီးတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သော အသေးစား ဓာတ်အားပေးစက်ရုံ ၁၀ ခုက သက်သေထူလျက် ရှိသည်။ ၎င်းစီမံကိန်းအား နိုင်ငံအဝန်းတွင် လုပ်ဆောင်သွားရန်ကိုလည်း မျှော်မှန်းထားသည်။ Yoma Strategic အနေဖြင့် အကုန်အကျသက်သာသော သဘာဝ လျှပ်စစ်စွမ်းအင်ကို ကျေးလက်ဒေသရှိ ပြည်သူများသို့ ဖြန့်ဝေခြင်းအပေါ် အထူးပင် ဝမ်းမြောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်အား ရရှိမှုသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက် ဖြစ်သောကြောင့်ဖြစ်သည်” ဟု ပြောကြားသည်။

ကနေဒါမှ IFC-Canada Climate Change Program အပေါ် ထောက်ပံ့မှုကြောင့် ယခုရင်းနှီးမြှုပ်နှံမှု ဖြစ်မြောက်လာရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.