ပြည်တွင်းလေကြောင်းလိုင်းများ အခက်ကြုံနေချိန်တွင် FMI Air ရပ်နား

UPDATED: Saturday 21. 7. 2018

ပထမဆုံးခရီးစဉ်ကို စတင်ပြေးဆွဲပြီး ခြောက်နှစ်မပြည့်မီမှာပင် ပြည်တွင်း ခရီးစဉ်ပြေးဆွဲမှုများနှင့် စင်းလုံးငှားခရီးစဉ် ဝန်ဆောင်မှုများကို ရပ်နားတော့မည်ဟု FMI Air လေကြောင်းလိုင်းက ကြေညာလိုက်သည်။

ဇူလိုင် ၂၀ ရက်နေ့ နောက်ပိုင်းက စတင်ကာ ပြေးဆွဲမှုများ ရပ်နားထားမည်ကို ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။

အဆိုပါလေကြောင်းလိုင်းကို မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (ခေါ်) Serge Pun က ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်နှင့် နေပြည်တော်အကြား ခရီးစဉ်များ ပြေးဆွဲရန် စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သံတွဲ၊ မြိတ်နှင့် ကော့သောင်းတို့အပါအဝင် ခရီးသွားဒေသများသို့ တိုးချဲ့ပြေးဆွဲခဲ့သည်။

လေကြောင်းလိုင်း ပြေးဆွဲမှု ရပ်နားရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခြင်းမရှိသော်လည်း အသေးစိတ်အချက်အလက်များကို ဇူလိုင် ၂၀ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟု Frontier ကို ဇူလိုင် ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

ဇူလိုင် ၂၀ ရက်နေ့တွင် လေကြောင်းလိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် FMI လေကြောင်းလိုင်းအနေဖြင့် အလားအလာရှိသော ရွေးချယ်စရာ နည်းလမ်းအသွယ်သွယ်ကို ဆန်းစစ်သုံးသပ်လျက်ရှိပြီး အနာဂတ်တွင် ဈေးကွက်အခြေအနေအရ လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဇူလိုင် ၂၃ ရက်နေ့တွင် လေယာဉ်စင်းလုံးငှားခရီးစဉ်တစ်ခု ပျံသန်းပြေးဆွဲရန်ရှိပြီး ထို့နောက်တွင် လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုကိုလည်း ယာယီရပ်ဆိုင်းသွားမည်ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

“မြန်မာ့လေကြောင်းလိုင်းကဏ္ဍတွင် စီးပွားရေးစိန်ခေါ်မှုများစွာ ရှိနေပြီး အဖန်ဖန် ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ကျွန်တော်တို့သည် FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကိုရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ ယခုလိုပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့သည် လေကြောင်းလိုင်းအတွက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုများနှင့်အတူ အနာဂတ်အတွက် လိုအပ်မည့် လုပ်ငန်းလည်ပတ်မှုပုံစံ တစ်ရပ်ကိုပါ ဖော်ဆောင်သွားနိုင်မည်” ဟု FMI လေကြောင်းလိုင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ (ခေါ်) Serge Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

လေကြောင်းလိုင်း ရပ်ဆိုင်းမှုကြောင့် ဝန်ထမ်းပေါင်း ၁၃၄ ယောက်လည်း အလုပ်မှ ရပ်နားရမည်ဖြစ်ရာ ၎င်းတို့အား လုပ်ငန်းစုအတွင်းရှိ အခြားလုပ်ငန်းဌာနများတွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည့်အပြင် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှုများနှင့် လျော်ကြေး များလည်း ပေးအပ်သွားမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

FMI လေကြောင်းလိုင်းကို First Myanmar Investment Co., Ltd. က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် FMI Air တွင် ပါဝင်ထားသည့် ရှယ်ယာ ၄၀ ရာခိုင်နှုန်းအား Serge Pun and Associates ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Yangon Land သို့ ရောင်းချလိုက်ခြင်းအားဖြင့် First Myanmar Investment က လေကြောင်းလိုင်း၌ ၎င်းတို့ ရှယ်ယာပိုင်ဆိုင်မှုကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ရန်ကုန်စတော့အိတ်ချိန်းသို့ တင်သွင်းခဲ့သည့် ၎င်းတို့၏ စာရွက်စာတမ်းများတွင် ပြည်တွင်း လေကြောင်းဈေးကွက်၌ ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။ သို့သော် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရေးအတွက် လေကြောင်းလုပ်ငန်းအတွင်း ပေါင်းစည်းမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်ဟုလည်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စရိတ်နည်းလေကြောင်းလိုင်းတစ်ခု ထူထောင်ရန်အတွက် AirAsia အုပ်စုနှင့် FMI Air က ဆွေးနွေးခဲ့သည်ဟု ch-aviation.com ဝက်ဘ်ဆိုက်က ယခုလအစောပိုင်းက ရေးသားခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်းဦးစီးဌာနက ကန့်ကွက်သည့်အတွက် ဆွေးနွေးမှု ပျက်ပြားသွားသည်ဟု ဆက်လက်ရေးသားထားသည်။

အဆိုပါ မလေးရှားကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tony Fernandes ကလည်း မြန်မာနိုင်ငံမှ ဖြစ်နိုင်ဖွယ်ရှိသည့် မိတ်ဖက်တစ်ဦးနှင့် ဆွေးနွေးနေသည်ဟု ရိုက်တာသတင်းဌာနကို ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။ သို့သော် ဆွေးနွေးမှုများမှာ ရပ်တန့်သွားပြီဟု မေလတွင်ပြောကြားခဲ့သည်။ FMI Air ၏ ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြောကြားခြင်းမရှိပေ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းခန့်က အဲပုဂံနှင့် Apex လေကြောင်းလိုင်းတို့လည်း မကြာသေးမီနှစ်များက ရပ်တန့်သွားပြီးဖြစ်သည်ဟု Frontier ကို ပြောကြားသည်။

ခရီးသွားလုပ်ငန်း ကျဆင်းမှုက ပြည်တွင်းလေကြောင်းလိုင်းများအပေါ်လည်း ထိခိုက်စေသည်ဟု ၎င်းကပြောသည်။ ပြည်တွင်းမှ ခရီးသွားအများစုက လေကြောင်းဖြင့် သွားလာမှုမရှိခြင်းကြောင့် ကမ္ဘာလှည့် ခရီးသည်အရေအတွက် ကျဆင်းလာပါက လေကြောင်းလိုင်းများအပေါ် ထိခိုက်လာလိမ့်မည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အကြပ်အတည်းကြောင်း မြန်မာနိုင်ငံက လုံခြုံစိတ်ချရမှုမရှိဟု ခရီးသွားများက ယူဆကြသည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအား ထိခိုက်စေသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလေကြောင်းလိုင်းများ ပိတ်သိမ်းကြရမည့် အခြေအနေအား ယခင်ကတည်းက ခန့်မှန်းထားကြပြီးလည်း ဖြစ်သည်။ ခရီးသည်နှစ်သန်းကျော်ခန့်သာရှိသည့် ဈေးကွက်တွင် ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခု လုပ်ကိုင်နေခြင်းက အံ့သြဖွယ်ရာပင်ဖြစ်သည်ဟု လေကြောင်းကဏ္ဍဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် CAPA-Centre for Aviation က ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည်။

ခရီးသည်နည်းပါးနေသည့်အချိန်တွင် လောင်စာဆီဈေး ကြီးမြင့်မှုက လက်မှတ်ဈေးနှုန်းများကို မြင့်မားစေသည်။ အထူးသဖြင့် မိုးရာသီတွင်ဖြစ်ကာ ခရီးစဉ်လမ်းကြောင်း အများစုမှာ အမြတ်အစွန်း ရရှိခြင်းမရှိပေ။

ဈေးကွက်က အလားအလာ အလွန်အမင်း ကောင်းမွန်သည်ဟု CAPA က ပြီးခဲ့သည့် မေလတွင် ပြောကြားခဲ့သည်။ သို့သော် အမြတ်အစွန်း မရရှိခြင်းနှင့် ဈေးကွက်တွင်း ပိုလျှံနေခြင်းတို့ကြောင့် ဆက်လက် ခက်ခဲနေမည်ဖြစ်ကာ လေကြောင်းလိုင်းများ ပေါင်းစည်းရေးအတွက် မလွဲမရှောင်သာ ဆောင်ရွက်ရမည်ဖြစ်သည်ဟု ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.