မဟာဓာတ်အားလိုင်းပေါ်က မှိန်ဖျော့ဖျော့ဘဝများ

တောတောင်တွေပေါ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ မဟာဓာတ်အားလိုင်းတည်ဆောက်ရေး လုပ်ငန်းခွင်က လုပ်သားတွေဟာ အထောက်အကူပြု ပစ္စည်းတွေ မပြည့်မစုံပေမယ့် သူတို့အလုပ်ကို သူတို့ ခုံမင်ပျော်မွေ့နေကြပါတယ်

ဉာဏ်လှိုင်လင်း ရေးသားသည်။

ဓာတ်ပုံများ- တေဇလှိုင်

အမဲရောင် မိုးတိမ်အနိမ့်တွေ အုံ့ဆိုင်းနေတဲ့ ရခိုင်ရိုးမအတွင်း ပေ ၁၀၀ ခန့်နက်တဲ့ ချောက်တစ်ခုရဲ့  နှုတ်ခမ်းပါးအစွန်းမှာ လူ ၁၂ ဦး အလုပ်ရှုပ်နေကြပါတယ်။ တစ်ချက် တစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ်တတ်တဲ့ လေနဲ့အတူ မိုးစက်ကလေးတွေကလည်း တစ်ပေါက်ပေါက်နဲ့ပါ။

အနွေးထည်ကိုယ်စီတောင်မပါတဲ့ သူတို့တစ်တွေဟာ 795 mcm (အလွန်ကြီးမားသည့် ဝါယာကေဘယ်ကြိုးများအား တိုင်းတာသည့် ယူနစ်) လောက်ရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးကို မသူမ၊ ထမ်းသူထမ်းကြရင်း အေးစက်နေတဲ့ ရာသီဥတုကို သတိရပုံတောင် မပေါ်ပါဘူး။ ဒါဟာ ရခိုင်ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းကို အဖျားခတ်ဝင်ရောက်ပြီး ပျက်ပြယ်သွားတဲ့ ရွန်နူ ဆိုင်ကလုန်းဒဏ်က လွန်မြောက်ချိန် ခြောက်နာရီသာသာ အတွင်းလောက်မှာပဲဖြစ်ပါတယ်။

အချို့သူတွေရဲ့ ခါးကြားထဲက စကားပြောစက်မှာတော့ “ရိုက်မိမယ်” “ရိုက်မိမယ်”၊ “လူဖယ်ပေးထား” “လူဖယ်ပေးထား”၊ “ငြိနေလား”၊ “ဆက်ဆွဲလို့ရပြီလား” စတဲ့ အသံတွေဟာ ဆူညံလို့ပေ့ါ။ သူတို့တွေဟာ ချောက်အတွင်းက ဓာတ်အားလိုင်းကြိုးကို ကားလမ်းခြားတဲ့ ပေ ၅၀ လောက်အမြင့်က တောင်ကုန်းပေါ်က တာဝါတိုင်နဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်နေကြတာပါ။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

တောင်ကုန်းပေါ်က ပေ ၁၅၀ နီးပါးရှိတဲ့ တာဝါတိုင်ပေါ်မှာလည်း လူလေးယောက်ဟာ အသင့်အနေအထားနဲ့ ရှိနေကြပြီး စကားပြောစက်ကတစ်ဆင့် ဓာတ်အားလိုင်းကြိုး ချိတ်ဆက်မှုမှာ ပါဝင်နေကြပါတယ်။ ဓာတ်အားလိုင်းကြိုးကြီးကို စက်သီးနဲ့ ချိတ်ဆက်ပြီး ငါးတန် ဝန်ချီစက်နဲ့ မတင်ဖို့ အောက်ကလူတွေက ကြိုးစား၊ တာဝါတိုင်ပေါ်ကလူတွေက ကြွေသီးနဲ့ ဟန်ချက်ညီညီနဲ့ ချိတ်တွဲနိုင်ဖို့ ကြိုးစားနေကြတာပါ။

ဒီလိုနဲ့ ၁၅ လုံးနှစ်တွဲပါတဲ့ ကြွေသီးတန်းကြီးနဲ့ ဓာတ်အားလိုင်းကြိုးကြီး ချိတ်ဆက်မိပါပြီ။ ခဏကြာတော့ ဘောင်းဘီ၊ အင်္ကျီ ခပ်နွမ်းနွမ်းနဲ့ ဆောက်လုပ်ရေးသုံး ဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ဦးဟာ ဓာတ်အားလိုင်းကြိုးပေါ် ဝမ်းလျားမှောက် အနေအထားနဲ့ ဘယ်ဖက်ခြေကို ကြိုးပေါ်ချိတ်ပြီး လျှောခနဲ၊ လျှောခနဲ တွားသွားနေတာ တွေ့လိုက်ရပါတယ်။ တာဝါတိုင်ပေါ် ဓာတ်အားလိုင်းကြိုးတင်တုန်းက အကူအညီယူခဲ့တဲ့ ချိတ်ဆက်ကို ပြန်ဖြုတ်ဖို့ လုပ်နေတာပါပဲ။

လုပ်ငန်းကျွမ်းကျင်ပုံရှိတဲ့ အဲဒီလူဟာ ပေ ၁၂၀ နီးပါးရှိတဲ့အမြင့်မှာ သုံးမိနစ်ခန့်အတွင်း ချိတ်ကို ဖြုတ်လိုက်နိုင်ပြီး လာခဲ့တဲ့ပုံစံအတိုင်း တာဝါတိုင်ဆီကို ပြန်သွားပါတော့တယ်။ ဒါဟာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အကြား ရခိုင်ရိုးမပေါ်ကို ဖြတ်ကျော် တည်ဆောက်နေတဲ့ မဟာဓာတ်အားလိုင်း သွယ်တန်းရေး လုပ်ငန်း စီမံကိန်းအတွင်းက ပတ်ကွေ့စခန်း လုပ်ငန်းခွင်ဖြစ်ပါတယ်။

လူ ၆၀ နီးပါးရှိတဲ့ ပတ်ကွေ့စခန်းဆိုတာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူထားပြီး ၆၅ ဒသမ ၉ မိုင် အရှည်ရှိတဲ့ မင်းဘူး-အမ်း ၂၃၀ ကေဗီအေ မဟာဓာတ်အားလိုင်း စီမံကိန်းဧရိယာအတွင်း အလုပ်လုပ်နေကြတဲ့အဖွဲ့ ကိုးခုထဲက တစ်ခုပေ့ါ။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

ကြိုးပေါ်တွားသွားခဲ့သူက အသက် ၂၀ အရွယ်သာရှိသေးတဲ့ ကိုကျော်သီဟဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကူမဲမြို့ကနေ နေ့စားဝန်ထမ်းအဖြစ် အဲဒီစီမံကိန်းမှာ တာဝန်လာရောက် ထမ်းဆောင်နေတာပါ။ “ဝါသနာပါပါတယ်။ မစိုးရိမ်ဘူး။ လုံခြုံရေးခါးပတ်ကတော့ အသက်ပဲ” လို့ လုပ်သက် လေးနှစ်ရှိပြီဖြစ်တဲ့ ကိုကျော်သီဟက ပြောပါတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ တာဝန်ထမ်းဆောင်နေပေမယ့် သူဟာ အခြေခံပညာ အထက်တန်းအဆင့်တောင် တက်ရောက်နိုင်ခဲ့သူ မဟုတ်ပါဘူး။

မိသားစုဝင်ငါးဦးရှိတဲ့ ကိုကျော်သီဟဟာ ဒီလုပ်ငန်းခွင်မှာ သူ့အဖေ၊ အစ်ကိုတို့နဲ့အတူ လာပြီး တာဝန်ထမ်းဆောင်နေတာပါ။ သူတို့ရတဲ့ဝင်ငွေနဲ့ ကူမဲမှာကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့နေကြတာပေါ့။ မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူ အတော်များများဟာ သူတို့လိုပဲ ဒီလုပ်ငန်းခွင်တွေထဲမှာ နေ့စားဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

သူတို့ရဲ့ လုပ်သက်နဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး လုပ်ငန်းကျွမ်းကျင်မှုအဆင့်နဲ့ ခံစားခွင့်ကို အစိုးရစီမံကိန်း ဝန်ထမ်းတွေက သတ်မှတ်ဆောင်ရွက်စေတာမျိုးပါ။ စားစရိတ်၊ နေစရိတ်၊ ဆေးကုသခွင့်စရိတ် အခမဲ့စနစ်နဲ့ဖြစ်ပါတယ်။ နေ့စားခကတော့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်အကြားရကြတယ်လို့ သိရပါတယ်။ 

နေ့စားဝန်ထမ်း ခေတ်လူငယ်အချို့ရဲ့  အားလပ်ချိန်ကတော့ မြို့ပြက လူငယ်တွေ အမူအကျင့်အတိုင်း ဖုန်းကိုယ်စီကြည့်လျှက်ပါပဲ။ လူတိုင်းမှာတော့ စမတ်ဖုန်တွေ မရှိကြပါဘူး။ ရခိုင်ရိုးမဖြတ်လမ်းပေါ်က ဂုတ်ကြီးရွာအနီး စခန်းတစ်ခုမှာရှိတဲ့ သွပ်မိုးထရံကာ တဲတစ်ခုရဲ့ အဝင်ဝ အလင်းရောင်ရတဲ့နေရာလေးမှာ ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတဲ့ လူငယ်တွေ၊ ဖုန်းတစ်လုံးကို နှစ်ယောက်သုံးယောက် ဝိုင်းကြည့်နေတဲ့ လူငယ်တွေ သူ့အစုနဲ့ သူပေ့ါ။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

အဲဒီစခန်းက မဲမှောင်နေတဲ့ တဲအတွင်းပိုင်းနဲ့ အမြင်အာရုံကျင့်သားရဖို့ မိနစ်အနည်းငယ် အချိန်ယူလိုက်ပြီးတဲ့ နောက်မှာတော့ အနွေးထည်ထူထူဝတ်ပြီး စောင်ခြုံကွေးသူကွေး၊ ငုတ်တုပ်ထိုင်သူထိုင်စတဲ့ အပန်းဖြေနည်းတွေနဲ့ အနားယူနေကြသူတွေကိုလည်း တွေ့ရပါတယ်။ 

စခန်းတာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးနိုင်ဇာစောထွေးကတော့ “ကျွန်တော်တို့က မီးမရှိတဲ့နေရာမှာ နေရတယ်။ မီးရရင် ပြန်ရတယ်” လို့ ရယ်ပွဲဖွဲ့ပြီး ပြောပါတယ်။ ဒီစခန်းမှာ ညနေ ၆နာရီကနေ ည ၁၀ နာရီအထိ မီးစက်နဲ့ လျှပ်စစ်မီးပေးပေမယ့် စကားပြောစက်နဲ့ ဖုန်းတွေအားသွင်းဖို့၊ စာဖတ်လိုသူတွေ ခေတ္တဖတ်နိုင်ဖို့သာ ရည်ရွယ်တယ်လို့ သိရပါတယ်။

အဲဒီအနီးမှာတော့ မီးခိုးငွေ့တွေ လှိမ့်ထွက်နေတဲ့ လေးဖက်ဖွင့် တဲငယ်တစ်ခုရှိပါတယ်။ မိုးတစ်ဖျောက်ဖျောက်ကျနေတဲ့ ဒဏ်ကို တာလပတ်စနဲ့ အုပ်မိုးကာကွယ်ထားတဲ့ အဲဒီတဲထဲမှာ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဖိုကနောက် နှစ်ခုကနေ ထွက်နေတဲ့ မီးခိုးတွေပါ။

ဖိုခနောက်တစ်ခုပေါ်မှာ ပွက်ပွက်ဆူနေတဲ့ ထမင်းအိုးကြီးတစ်လုံးနဲ့ အခြားတစ်ခုပေါ်မှာတော့ မိုးပြဲဒယ်အိုးကြီး တစ်လုံးအတွင်း ဆီနည်းနည်းထည့်ပြီး ကြော်နေတဲ့ ငါးကြော်တစ်အိုး။ ဒါကတော့ သုံးရေအတွက် မိုးနဲ့ တောထဲက ရေထွက်အချို့ကိုသာ အားကိုးနေရတဲ့ ရခိုင်ရိုးမပေါ်က မဟာဓာတ်အားလိုင်း စီမံကိန်းအတွင်း လူ ၆၀ ကျော်ရှိတဲ့ အဖွဲ့ငယ်တစ်ခုရဲ့ နေ့စဉ် နေထိုင်စားသောက်မှု ပုံစံဖြစ်ပါတယ်။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

ဒီစခန်းမှာဆိုရင်လည်း အစိုးရဝန်ထမ်း ခြောက်ဦးနဲ့ နေ့စားဝန်ထမ်း အယောက် ၆၀ နေထိုင်ပါတယ်။ “စီမံကိန်းကများပြီးတော့ ဝန်ထမ်းအင်အားက နည်းတယ်။ ဒါကြောင့် နေ့စားတွေ များနေရတာ” လို့ ဦးနိုင်ဇာစောထွေးက ရှင်းပြတယ်။ ဟုတ်ပါတယ်။ ဒီစီမံကိန်း ဧရိယာထဲက စခန်းကိုးခုလုံးမှာ လူအင်အားစုစုပေါင်းရဲ့  ၁၀ ရာခိုင်နှုန်းခန့်ကသာ အစိုးရဝန်ထမ်းတွေဖြစ်ကြပါတယ်။

နေ့စားဝန်ထမ်းတွေအတွက် လေ့ကျင့်သင်ကြားမှုကိုတော့ လုပ်ငန်းခွင်လက်တွေ့ ပုံစံမျိုးနဲ့သာ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ခေတ်တုန်းကတော့ မိုးတွင်းဆို စီမံကိန်းတွေနားပြီး ရန်ကုန်ကိုခေါ်၊ ကန်တော်ကြီးပတ်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့က စက်မှုလက်မှုကျောင်းမှာ သင်တန်းပေးတယ်။ နောက်တော့ ဘယ်တော့ ပြီးကိုပြီးရမယ်ဆိုတဲ့ စီမံကိန်းတွေကြောင့် သင်တန်းမပေးဖြစ်တာ ကြာပြီ”လို့ အသက် ၅၀ အရွယ် လုပ်ငန်းကျွမ်းကျင်အဆင့်-၄ ဦးခင်မောင်ထွန်းက ဆိုပါတယ်။ 

မျက်မြင်အကဲဖြတ်ရရင်တော့ ဝန်ထမ်းတွေရော၊ နေ့စားတွေပါ သူတို့ တာဝန်ကျတဲ့ လုပ်ငန်းခွင်ထဲမှာ ကျင်ကျင်လည်လည် လုပ်ကိုင်နေကြတာ မြင်သာပါတယ်။ မကြာသေးခင်ကမှ အလုပ်ဝင်တဲ့ နေ့စားအချို့က လွဲလို့ပေ့ါ။ လုပ်ငန်းခွင်သုံး ဘေးအန္တရာယ် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေကလည်း သူတို့ရဲ့ ကိုယ်ခန္ဓာကိုယ်တွေပေါ်မှာ အပြည့်အစုံ ရှိမနေတာကိုလည်း တွေ့ရပါတယ်။

လုပ်ငန်းခွင်သုံး ဦးထုတ်၊ ဖိနပ်၊ ဘောင်းဘီ၊ အင်္ကျီ၊ လက်အိတ်စတာတွေကို အစုံအလင် ဝတ်ဆင်ထားသူ တစ်ဦးဆို တစ်ဦးမှ ရှိမနေဘူးလို့တောင် ဆိုနိုင်ပါတယ်။ သက်သေကတော့ အမ်းမြို့နဲ့နီးတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံနားက တာဝါတိုင်ပေါ် ကီလိုဂရမ် ၃၀၀ နီးပါးလေးတဲ့ ကြွေသီးတွဲတွေ ဆွဲတင်နေတဲ့ လုပ်ငန်းခွင်မှာပါ။ ကြွေသီးတွဲကို မတင်ရာမှာသုံးတဲ့ ဆက်သီးသံကြိုးကို ရေထမ်းတဲ့သဏ္ဍန် ပခုံးပေါ်တင်၊ လက်နှစ်ဖက်ယှက်ကာ ဆွဲနေတဲ့ ဝန်ထမ်းနဲ့ နေ့စား ၂၀ ဦးမှာ လက်အိတ်ဝတ်ထားသူ တစ်ယောက်မှ မပါသလို တာဝါတိုင်ပေါ်က သုံးဦးမှာလည်း တစ်ဦးသာ ဦးထုတ်ဆောင်းထားပါတယ်။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

“လိုအပ်တာတွေရှိပေမယ့် ပေးထားသလောက်နဲ့ ရအောင်လုပ်ပါတယ်။ အသက်ကယ် ခါးပတ်တွေတော့ များများလိုပါတယ်”လို့ မှတ်ချက်ပြုသူကတော့ အဲဒီစီမံကိန်းအတွင်း အမ်းတောင်ကြားလမ်းအနီး တာဝန်ကြတဲ့ အဖွဲ့ငယ်တစ်ခုရဲ့  ဒုတိယတာဝန်ခံ၊ လုပ်ငန်းကျွမ်းကျင်အဆင့်-၁ ဖြစ်သူ ဦးကျော်တင့်ပါ။

ဘုန်းကြီးကျောင်းသားတစ်ဦးသာဖြစ်တဲ့ သူဟာ ၁၉၈၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းလုပ်ငန်းခွင်ထဲကို နေ့စားဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ပြီး သုံးနှစ်အကြာမှာ အမြဲတန်းဝန်ထမ်းအဖြစ် ချီးမြှောက်ခြင်း ခံခဲ့ရပါတယ်။ ဦးကျော်တင့်ကတော့ အထောက်အကူ ပစ္စည်းတွေ ပြည့်စုံတယ်ဆိုပေမယ့်လည်း ပေ့ါပေ့ါဆဆလုပ်မယ်၊ အထပ်ထပ်ပြန်ပြီး မစစ်ဆေးဘူးဆိုရင် အန္တရာယ်ကတော့ ရှိနေမှာပဲလို့ ဆိုပါတယ်။

မြေပြန့် ၄၀ ရာခိုင်နှုန်း၊ တော၊ တောင်နဲ့ ချောက် ၆၀ ရာခိုင်နှုန်းအပေါ် ဖြတ်သန်းတည်ဆောက်နေတဲ့ ဒီစီမံကိန်းမှာ အထောက်အကူပြုပစ္စည်း မပြည့်စုံမှုဟာ စိုးရိမ်စရာလို့ ဆိုနိုင်ပေမယ့် ဝန်ထမ်းနဲ့ နေ့စားတွေကတော့ သူတို့ရဲ့  စေ့စပ်သေချာမှုနဲ့ ကျွမ်းကျင်မှုကို အလွန်ယုံကြည်ထားတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ ၂၀၁၃ ခုနှစ်က စတင်ခဲ့ပြီး ယခု ဇွန်လအတွင်း ပြီးဆုံးဖို့ သတ်မှတ်ထားတဲ့ ဒီစီမံကိန်းကို မိုးရွာထဲမှာတောင် အကောင်အထည် ဖော်နေကြတာပေ့ါ။

“ကြိုးဆွဲဖို့ နည်းနည်းပဲ ကျန်ပါတော့တယ်။ ဝန်ထမ်းနဲ့ နေ့စားတွေ တာဝန်ကျေကြပါတယ်”လို့ စီမံကိန်း အင်ဂျင်နီယာမှူးကြီး ဦးကျော်ကျော်သင်းက ပြောပါတယ်။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

လုပ်သက်ရင့် စီမံကိန်းဝန်ထမ်းကြီး ဦးကျော်တင့်ကတော့ စီမံကိန်းတိုင်းမှာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကျားကုပ်ကျားခဲ ရုန်းကန်ခဲ့ရပေမယ့် နှစ်ပေါင်းအတော်အကြာ အဲဒီနေရာတွေ ပြန်ရောက်ရင် ရတတ်တဲ့ ပီတိကြောင့် ထိုက်တန်တယ်လို့ ယုံကြည်ထားသူပါ။

“မီးတိုင်လေးတွေကို ပြန်မြင်ရတာက ကျွန်တော်တို့အတွက် ပျော်ရွှင်မှုပါ။ ဘယ်တုန်းက ဘယ်သူငယ်ချင်းတွေနဲ့အတူ ငါလုပ်ခဲ့တာ။ အဲဒီလိုပြန်တွေးပြီး ကျေနပ်ပါတယ်” လို့ သူက ပြောပါတယ်။ အသက် ၆၀ တန်းရှိပြီဖြစ်တဲ့ ဦးကျော်တင့်ဟာ နောင်လေးနှစ်အကြာမှာ ပင်စင်ယူရတော့မှာဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေးက ကောင်းနေသေးလို့ နေ့စားအနေနဲ့ပဲဖြစ်ဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်နေသူပါ။

“ဒီအလုပ်နဲ့ ကလေးနှစ်ယောက်ကိုလည်း ဘွဲ့ရပညာတတ်တွေဖြစ်အောင် ထားနိုင်ခဲ့တယ်”လို့ ဦးကျော်တင့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပါသေးတယ်။ ဒီစီမံကိန်းလုပ်ငန်းတွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ နေ့စားဝန်ထမ်းတွေထဲက မေးမြန်းခွင့်ရခဲ့တဲ့ ရှစ်ဦးကတော့ သူတို့ရဲ့ အနာဂတ်ကို ဒီလုပ်ငန်းထဲမှာပဲ မြှပ်နှံထားချင်တယ်လို့ ဆိုကြပါတယ်။

Men work on Myanmar's national electricity grid in Magway Region. (Teza Hlaing / Frontier)

Men work on Myanmar’s national electricity grid in Magway Region. (Teza Hlaing / Frontier)

သူတို့က လက်အိတ်မရှိတာ၊ ဦးထုတ်မပါတာ၊ ဖိနပ်မပါတာ၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အားလပ်ရက်၊ အားလပ်ချိန်၊ ပျော်ရွှင်မှုစတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောဖို့ ဆန္ဒလည်း မရှိကြပါဘူး။ ဦးကျော်တင့်လိုပဲ လွန်ခဲ့တဲ့ ၁၀ နှစ်က နေ့စားအဖြစ်ကနေ လုပ်ငန်းကျွမ်းကျင်အဆင့်-၄ ဖြစ်လာတဲ့ အသက် ၂၅ နှစ်အရွယ် ကိုနေမင်းထွန်းကတော့ “ကျွန်တော့်ဘဝကို ကျေနပ်ပါတယ်” လို့ပြောတယ်။ မိတ္ထီလာနယ်သား သူ့မှာ ဇနီးရှိပြီး သူနေတဲ့ စခန်းမှာပဲ အတူနေထိုင်ကာ ထမင်းချက်အဖြစ် တာဝန်ထမ်းနေပါတယ်။

ပေ ၁၂၀ နီးပါးအမြင့်က လျှပ်စစ်ဓာတ်ကြိုးပေါ် တွားသွားတာကို ဝါသနာထုံသူ ကိုကျော်သီဟတော့ အနာဂတ်အကြောင်း ထွေထွေထူးထူး တွေးမနေဘူးလို့ ပြောပါတယ်။ “ဒီအလုပ်ကို ဝါသနာပါတယ်။ ဘာဖြစ်ချင်တာရယ်လို့ မရှိဘူး။ မစဉ်းစားပါဘူး။ လူကြီးတွေ (အစိုးရဝန်ထမ်းအရာရှိ) စေတနာ ထားလိမ့်မယ်။ ကြည့်ပါလိမ့်မယ်” လို့ သူက ဆိုလိုက်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.