ပုထုဇဉ်တိုင်း ခြောက်ပြစ်ကင်း မဟုတ်ကြပါ

ဂုဏ်ပြုဆုများကို ပြန်လည်ရုပ်သိမ်းမှုများနှင့် ပတ်သက်၍ ငြင်းခုံနေကြမှုများသည် ကျွန်ုပ်တို့ ပုထုဇဉ်များ အပြစ်မကင်း နိုင်ကြပုံကို ထင်ဟပ်ဖော်ပြနေပါသည်။ ကျွန်ုပ်တို့ ချစ်ခင်လေးစားသော သူများ၏ ရုပ်သွင်ကို ချဲ့ကားဖန်တီးလိုသော ကျွန်ုပ်တို့၏ ဆန္ဒနှင့် အလျင်စလို အကဲဖြတ်လိုသော ကျွန်ုပ်တို့၏ စိတ်ဆန္ဒကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

David I Steinberg ရေးသားသည်။

ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာ ပါမောက္ခဟောင်း ဦးမျိုးမင်း၏ ကိုယ်တစ်ပိုင်းရုပ်တုကို ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ် လိုက်ကြောင်း သတင်းတစ်ပုဒ်ကို မကြာမီက ဖတ်လိုက်ရသည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း အာဏာသိမ်းစဉ်ကာလအထိ ကျွန်ုပ်၏ ရင်းနှီးသော မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း သူ့အိမ်သို့ ကျွန်ုပ်သွားလည်ခဲ့ပါသည်။ သူသည် ဦးနုနှင့် အလွန်ရင်းနှီးသူဖြစ်ပြီး ဦးနု၏ မိန့်ခွန်းအတော်များများကို ရေးပေးခဲ့ဖူးသူ ဖြစ်ခြင်းကြောင့် စစ်တပ်ကို သူက အလွန်ကြောက်ရွံ့နေသည်။ ဦးနုမကွယ်လွန်မီအချိန်က ကမ္ဘာအေးဘုရားတွင် ဦးနုထံ ကျွန်ုပ်သွားရောက်လည်ပတ်မည့်အကြောင်း ကျွန်ုပ်က ပြောပြသောအခါ သူ၏ လုံခြုံမှုအတွက် သူအလွန်စိုးရိမ်နေကြောင်း ကျွန်ုပ်ကို ပြောပြခဲ့သည်။ သူ၏ ဂုဏ်သတင်းကို သတိတရ ပြန်လည်ဖော်ထုတ်ခြင်းသည် ကြိုဆိုရမည့်အလုပ်ပင်ဖြစ်သည်။ ဦးမျိုးမင်း ကွယ်လွန်ခဲ့ပြီး ယခုချိန်တွင်မှ သူ့ကို ချစ်ခင်လေးစားသတိတရ ရှိနေကြသည်။

ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များကို အချိန်မတိုင်မီ ချီးကျူးဂုဏ်ပြုမှုပြုကြရာတွင် ပြောင်းပြန်သဘော သက်ရောက်သွားနိုင်ပေသည်။ စံနမူနာပြ လုပ်ဆောင်နိုင်သူများကို ဆုများချီးမြှင့်ကြသည်။ နိုဗယ်ဆုတွေကတော့ သက်ရှိထင်ရှားရှိနေသူများ ကိုသာ ချီးမြှင့်ကြခြင်းဖြစ်သည်။ သိပ္ပံပညာရပ်များတွင်တော့ အရေအတွက်ပမာဏဖြင့် လက်တွေ့ပြနိုင်သဖြင့် မှန်ကန် သင့်မြတ်ကြောင်း ပြသရန် လွယ်ကူသည်။ ယဉ်ကျေးမှုရေးရာကိစ္စများနှင့် လူထုရေးရာ နယ်ပယ်တွင်မူ ပိုမိုရှုတ်ထွေးမှုများ ရှိနေသည်။ အတိတ်ကာလက လုပ်ဆောင်မှုများနှင့် ဆက်နွယ်၍ အနာဂတ်တွင် အလားတူ ဆောင်ရွက်မှုကို ထောက်ခံ အားပေးရန် ဆုများချီးမြှင့်လျှင် ပို၍ ပြဿနာ ဖြစ်နိုင်လေသည်။

ဤသဘောသည် စိတ်ကူးယဉ် ဝတ္ထုစာပေတွင် ပို၍မှန်ကန်သည်။ ယခုအခါ စာသင်ကျောင်းများစွာတွင် ကျောင်းသုံးပြဋ္ဌာန်း လျက်ရှိသော “To kill a Mocking bird” ဝတ္ထုစာအုပ်မှ စံပြသူရဲကောင်း Atticus Finch သည် နောက်ဆက်တွဲ ထွက်လာ သော စာအုပ်တွင် စာဖတ်သူတို့ ပထမမူလစာအုပ်တွင် သူ့အပေါ် ထင်ထားခဲ့သော အဆင့်အောက် များစွာနိမ့်ကျသွား လေသည်။ အကယ်၍သာ ကွယ်လွန်ပြီးမှ ဆုများချီးမြှင့်ခဲ့သည်ရှိသော် လူတစ်ဦးတစ်ယောက်၏ဘဝအပေါ် သူလုပ်ဆောင် ပေးခဲ့သော ကောင်းမှုကုသိုလ်များကို မျှမျှတတ တွက်ချက်ဆုံးဖြတ်နိုင်မည်ဖြစ်ပေသည်။

လူ့အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းအတော်များများက နှစ်လိုဖွယ်၊ လေးစားဖွယ်အဖြစ် မျိုးဆက်တစ်ခုက ယူဆလက်ခံ ထားခဲ့သော အရာတစ်ခုသည် နောက်မျိုးဆက်လက်ထက်တွင် စက်ဆုပ်ရွံရှာဖွယ်၊ မုန်းတီးဖွယ်ဖြစ်နေနိုင်ပေသည်။ အမေရိကန် ပြည်ထောင်စု ပြည်တွင်းစစ်တွင် တောင်ပိုင်းအတွက ်ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ကြသူ (သို့မဟုတ်) ငွေဝယ်ကျွန်စနစ်ကို လက်ခံထိမ်းသိမ်းသူတို့မှာ ထိုအမျိုးအစားတွင် ပါဝင်ခဲ့ကြသည်။ ထိုထဲတွင် သောမတ်စ်ဂျက်ဖာဆန် လည်း ထို့အတူပင်ဖြစ်သည်။

စစ်သည်တော်တစ်ဦး (သို့မဟုတ်) စံပြုစရာတစ်ဦးဦးကို ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုတစ်ခုသည် စံသတ်မှတ်ချက်များ ပြောင်းလဲသွားသောအခါ ရွံမုန်းစရာတစ်ခု ဖြစ်သွားနိုင်သည်။ ထို့အတူပင် ပြောင်းပြန်လည်း ဖြစ်လာနိုင်သည်။ စာရေးဆရာ Oscar Wilde သည် ၁၉ ရာစုတွင် ထောင်ချခံခဲ့ရသည်။ ယနေ့အချိန်တွင် သူ့ကို ဂုဏ်ပြုချီးကျူးနေကြရသည်။ သူ၏ ပြစ်မှု ဆိုသည်များမှာ လူ့ဘဝ၏ သက်တန့်ရောင်စဉ်တန်းများဟုသာ သဘောထားကြသည်။

ဂုဏ်ပြုချီးမွမ်းခံရသူ အများစုမှာ ခင်ဗျားတို့ ကျုပ်တို့လိုပင်ဖြစ်ကာ နတ်ကောင်းများလည်းမဟုတ်၊ နတ်ဆိုးများလည်း မဟုတ်၊ သာမန် ပုထုဇဉ်လူသားများသာ ဖြစ်ကြပါသည်။ သမ္မာကျမ်းစာတွင် သတိတရားရစရာတွေ များစွာပါဝင်ပါသည်။ ‘The Book of Daniel’ တွင် – အခါတစ်ပါး၌ ဘေဘီလုံ ပြည့်ရှင်ဘုရင်ကြီး Nebuchadnezzar သည် အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ဦးခေါင်းက ရွှေ၊ ကိုယ်လုံးက ငွေ၊ ပေါင်တွေက ကြေး၊ ခြေသလုံးတွေက သံနှင့် အောက်ဆုံး ခြေထောက်တွေက ရွံ့ဖြင့် ပြုလုပ်ထားသော လူပုံကြီးတစ်ခုကို အိပ်မက်မြင်မက်ခဲ့သည်။ ဤသို့သော ရုပ်တု (သို့မဟုတ်) ရုပ်ပုံတစ်ခုသည် မည်မျှပင် ဆွဲဆောင်မှုရှိစေ၊ တန်ဖိုးကြီးစေကာမူ ကြာရှည်ခံနိုင်မည် မဟုတ်ချေ။ ယနေ့ အချိန်တွင် ကျွန်ုပ်တို့သည် ခွန်အားကြီးမားသော၊ တန်ဖိုးကြီးမားသော လုပ်ဆောင်ချက်များကို  လုပ်ဆောင်နိုင်သူများအား ရူပါကအလင်္ကာဖြင့် ချီးမွမ်းထောပနာ ပြုကြသည်။ အနှစ်ချုပ်လိုက်ရင်တော့ သူတို့ဟာ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေပါပဲ။ သို့သော် ရေရှည်တွင်မူ ကျွန်ုပ်တို့ မျှော်လင့်ထားသလောက် ဟုတ်ကောင်းမှ ဟုတ်မည်၊ ဖြစ်လာကောင်းမှ ဖြစ်လာပါ လိမ့်မည်။ ကျွန်တော်တို့ အကဲဖြတ် စောလွန်းသည်၊ သဘာဝအတိုင်းပင် သူတို့မှာ အပြစ်အနာအဆာများ ရှိနိုင်ပေသည်။ ချက်ချင်းလက်ငင်းပင် ချဲ့ကားပြီး အကောင်းဆုံးပုံရိပ်များကို ဖန်တီးခဲ့သော ကျွန်ုပ်တို့အဖြစ်ပင် ဖြစ်နိုင်ပေသည်။

ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့်ခံရသူအချို့သည် အရေးကြီးသော စမ်းသပ်မှုတွင် ကျရှုံးခဲ့ကြသည်ဟု ကျွန်ုပ်တို့က ယူဆသော သူတို့ထံမှ ဆုများကို ပြန်လည်ရုပ်သိမ်းရန် ပြောဆိုသံများကြားနေရသည်။ အတိတ်က သူတို့၏ စွမ်းဆောင်အောင်မြင်မှု များကို ဥပက္ခာပြုကြသည်။ ဤသည် မည်မျှ မျှတမှုရှိသည်ဟု မဆိုနိုင်ချေ။

အဓိပ္ပာယ် နှစ်မျိုး ထွက်နေခြင်းကို ကျွန်ုပ်တို့ မကြိုက်ပါ။ သို့သော် မသိမသာ အရောင်အသွေးခြားနားမှုမျိုးကတော့ ဘဝ၏ အနှစ်သာရပင် မဟုတ်ပါလော၊ သို့မဟုတ်ပါမူ ဘုရားရှိခိုးကျောင်းတွင် သူတော်စင် Saints များနဲ့ပင် ပြည့်နေပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အတိတ်ကို လက်ခံနိုင်စွမ်းရှိဖို့လိုသည်။ အပြစ်အနာအဆာလေးများကို အသိအမှတ်ပြုရမည်။ အနာဂတ်အတွက် သတိရှိရမည်။ ကျွန်ုပ်တို့ ချီးကျူးနေသူများကိုလည်း အလေးဂရုပြု သတိထားကြရမည်။ ကွယ်လွန်ပြီးမှ ချီးကျူးခြင်းသည်သာ ပို၍တိကျမှန်ကန်ပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ စိတ်မရှည်တတ်ကြချေ။

ဦးကိုကို ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.