ဒေါ်အောင်ဆန်းစုကြည်၏ နိုဗယ်ငြိမ်းချမ်းရေးဆု ပြန်ရုပ်သိမ်းမည် မဟုတ်

အေအက်ဖ်ပီ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပြန်လည်ရုပ်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ နော်ဝေနိုင်ငံက နိုဗယ်အင်စတီကျူက သြဂုတ် ၂၉ ရက်နေ့က ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုန်းအောင် ပြုလုပ်နေတယ်ဆိုပြီး ကုလသမဂ္ဂအစီရင်ခံစာက ပြစ်တင်ပြီးတဲ့နောက် အဲဒီလို ပြောကြားတာဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးဆုကို နိုဗယ်ကော်မတီအတွက် ပြန်လည်ရုပ်သိမ်းဖို့ဆိုတဲ့ မေးခွန်းမျိုး မရှိပါဘူး” လို့ ညွှန်ကြားရေးမှူး Olav Njolstad က ပြောပါတယ်။

“နိုဗယ်ငြိမ်းချမ်းရေးဆုရဲ့ စည်းမျဉ်းတွေက ဒါမျိုးကို ခွင့်ပြုမထားပါဘူး” လို့ သူက ဆက်လက်ပြောကြားပါတယ်။

ရိုဟင်ဂျာတွေအပေါ် အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အစုလိုက်သတ်ဖြတ်မှုတွေ အပါအဝင် လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးသုန်းအောင် အကြီးအကျယ် ပြုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို သြဂုတ် ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဆွီဒင်တို့အပါအဝင် နိုင်ငံတော်တော်များများက မြန်မာစစ်တပ ်ခေါင်းဆောင်တွေအနေနဲ့ တာဝန်ခံမှုရှိဖို့ သြဂုတ် ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တောင်းဆိုခဲ့ကြပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ထိန်းသိမ်းမှုကို ခံထားရစဉ် ၁၉၉၁ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် နောက် ၂၁ နှစ်အကြာ စစ်တပ်က တိုင်းပြည်အပေါ် သံလက်သီးနဲ့ ထိန်းချုပ်ထားမှုကို ဖြေလျော့လိုက်တဲ့ အချိန်ရောက်မှသာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကနေ ထွက်ခွာပြီး ဆုကို သွားရောက် လက်ခံနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာသိန်းပေါင်းများစွာ အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားခဲ့ပြီး အကြပ်အတည်း ပိုမိုနက်ရှိုင်းလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီကိစ္စကို နှုတ်ဆိပ်နေခဲ့တယ်ဆိုပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပါတယ်။

ဒါပေမယ့် သူမက ဒီကိစ္စနဲ့ ပတ်သက်ပြီး အနည်းငယ်သာ ပြောကြားခဲ့သလို မြန်မာစစ်တပ်ကို ဝေဖန်ဖို့ကိုလည်း သူမက ရှောင်ရှားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာမှုနဲ့ ပတ်သက်ပြီး နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက ပြီးခဲ့တဲ့နှစ်မှာ သတိပေးခဲ့ပြီး လူနည်းစုတွေ ဖိနှိပ်ခွဲခြားဆက်ဆံခံနေရမှု ရပ်တန့်သွားဖို့ ဖြစ်နိုင်သမျှ ပြုလုပ်ကြဖို့ ပါဝင်ပတ်သက်သူ အားလုံးကို တိုက်တွန်းခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar