ဘာသာတရား ကိုင်းရှိုင်းမှုကို ဖော်ညွှန်းသည့် ရှင်ပြုပွဲ

ကလေးသူငယ်များကို သင်္ကန်းဆီးပေးသည့် မင်္ဂလာရှိ၍ အားမာန်ပြည့်ဝသော ဗုဒ္ဓဘာသာ အထွတ်အမြတ်ပွဲတော်အတွက် ထောင်နှင့်ချီသော ရှမ်းတိုင်းရင်းသားများသည် ချင်းမိုင်မြို့တွင် နှစ်စဉ်နှစ်တိုင်း စုဝေးလေ့ရှိကြသည်။

ဆောင်းပါးနှင့် ဓာတ်ပုံ – ဗင်ဆင့်ဇို ဖလိုရာမို

ဧပြီလ ပထမပတ်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ချင်းမိုင်မြို့ရှိ ဘုရားကျောင်း တစ်ကျောင်းတွင် ၎င်းတို့လူမျိုးစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ်များ၏ အရေးပါဆုံး ရိုးရာပွဲတော် တစ်ရပ်အတွက် ရှမ်းတိုင်းရင်းသားများ ထောင်နှင့်ချီ၍ စုဝေးကြလေ့ရှိသည်။

ဝပ်ပါပေါဝ် ဟု လူသိများသော ဘုရားကျောင်းတွင် ကျင်းပသည့် စိတ်လှုပ်ရှားဖွယ်ရာ သုံးရက်ကြာ ပွဲစံလောင်း ပွဲတော်အတွင်း ဒါဇင်နှင့်ချီသော ရှမ်းတိုင်းရင်းသား သူငယ်လေးများအား ရှင်သာမဏေများအဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းပေးကြသည်။

ပိဋကတ်စာပေကျမ်းဂန်များအရ ရှေးကျသော ဤရိုးရာဓလေ့မှာ မြတ်ဗုဒ္ဓသားတော် ရာဟုလာမင်းသားက  မိမိဖခင်ဖြစ်သူ၏ သင်ကြားပြသမှုကို လေ့လာဆည်းပူးရန် စည်းစိမ်ချမ်းသာ ပြည့်ဝသော လူနေမှုဘဝ တစ်ရပ်ကို စွန့်လွှတ်ကာ ပထမဆုံး ဗုဒ္ဓဘာသာဝင် “ရှင်သာမဏေ” အဖြစ် သာသနာ့ဘောင်သို့ ဝင်ရောက်ရာမှ စတင်ခဲ့သည်။

ထိုင်းနိုင်ငံတွင် တိုင်းယိုင်ဟု လူသိများသည့် ရှမ်းရွှေ့ပြောင်းသူများမှာ သုံးရက်ကြာကျင်းပရသော ပွဲတော်တစ်ရပ်ကို မြန်မာနိုင်ငံမှ ဆောင်ကြဉ်းလာခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံတွင်လည်း  လူဦးရေ အများဆုံး ဗမာတိုင်းရင်းသားများပြီးနောက် ဒုတိယမြောက် လူဦးရေ အများဆုံး တိုင်းရင်းသားများ ဖြစ်သည်။ 

ရှင်သာမဏေလောင်း တစ်ပါးအား ဆံချပေးနေသည်ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ - ဗင်ဆင့်ဇို ဖလိုရာမို

ရှင်သာမဏေလောင်း တစ်ပါးအား ဆံချပေးနေသည်ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – ဗင်ဆင့်ဇို ဖလိုရာမို

ကလေးသူငယ်များနှင့် ၎င်းတို့မိဘများသည် ဤသို့သော ဘာသာတရား ကိုင်းရှိုင်းမှုမှတစ်ဆင့် ကောင်းမှုကုသိုလ်များ ရရှိကြသည်။ ဤကာလအတွင်း ရှင်သာမဏေများက ဗုဒ္ဓအဆုံးအမ သြဝါဒများကို လေ့လာသွားကြမည် ဖြစ်သကဲ့သို့ ရှင်သာမဏေဘဝတွင် လိုက်နာကျင့်ကြံရမည့် ရာချီသည့် ဝိနည်းများ၊ စည်းကမ်းများကိုလည်း လေ့လာသင်ကြားကြပေလိမ့်မည်။

ဤနှစ်၏ သုံးရက်တာ ရှင်ပြုမင်္ဂလာပွဲတော်အတွင်း Frontier က အသက် ကိုးနှစ်အရွယ် ရှင်သာမဏေဖြစ်သူ မောင်ပေါ်ဆွန်ကုလ၏ မိသားစုနှင့်အတူ နေထိုင်လေ့လာခဲ့သည်။

ကျောင်းဝင်းအတွင်းရှိ မဏ္ဍပ်ထဲတွင် ပေါ်ဆွန်ကုလ၏ ဆွေမျိုးများမှာ ဤသုံးရက်တာ အချိန်ကာလအတွင်း  ဧည့်သည်များအား ဧည့်ထောက်ခံ ပြောဆိုခြင်း၊ ချက်ပြုတ်ခြင်း၊ အချိုရည်များနှင့် စားဖွယ်သောက်ဖွယ်များ တည်ခင်းကျွေးမွေးခြင်း၊ ရှင်သာမဏေ ပေါ်ဆွန်ကုလအတွက် နေ့စဉ်ဝေယျာဝစ္စများကို ပြင်ဆင်ဆက်ကပ်ခြင်းများဖြင့် ကုန်ဆုံးခဲ့ကြသည်။  

ပေါ်ဆွန်ကုလ၏ မိဘများမှ ရှင်သာမဏေပြုပွဲကို စီစဉ်ကျင်းပရာတွင် အကူအညီ ပေးခဲ့သူအချို့အပါအဝင် ဧည့်ပရိသတ်  ၇၀၀ မျှအား ဖိတ်ကြားခဲ့ကြသည်။ “ကျွန်တော်ကတော့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ပွဲစံလောင်း ပွဲတော်အတွင်းမှာ တစ်နှစ်ကြာကြာလောက်အထိ မဆုံဖြစ်သေးတဲ့ မိသားစုဝင်တွေကို တွေ့ရတော့မှာမို့ပါ” ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနိုင်ငံသို့ လွန်ခဲ့သော ၁၆ နှစ်က ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့သည့် ပေါ်ဆွန်ကုလ၏ ဖခင်ဖြစ်သူ ဦးစိုင်းလွန်က ဆိုသည်။  

Buddhist devotees celebrate the three-day ritual in the northern Thai city of Chiang Mai. (Vincenzo Floramo / Frontier)

Buddhist devotees celebrate the three-day ritual in the northern Thai city of Chiang Mai. (Vincenzo Floramo / Frontier)

ရှင်သာမဏေပြုပွဲ၏ ပထမဆုံးနေ့တွင် ဆံချပြီးသောနောက်၌ ပေါ်ဆွန်ကုလမှာ ရှင်သာမဏေ မဖြစ်မချင်း မြေကြီးပေါ် ခြေချခွင့် မရှိချေ။ ပုံမှန်အားဖြင့် ၎င်းအား သာမဏေပြုပွဲ တတိယမြောက်နေ့အထိ မိသားစုဝင် တစ်ဦးဦးက မချီသယ်ဆောင်ပေးရသည်။

ရှင်သာမဏေလောင်းသည် ထိုင်ခုံပေါ်၌ ထိုင်နေခြင်း မဟုတ်ပါက အပေါ့အပါးသွားရန်ဖြစ်စေ၊ သို့မဟုတ် ရှင်လောင်းလှည့်ရာတွင်ဖြစ်စေ ၎င်းအား တစ်ယောက်ယောက်က ပုခုံးဖြင့်ထမ်းကာ သယ်ဆောင်ပေးသွားရမည် ဖြစ်သည်။ ၎င်းသည် မဏ္ဍပ်ထဲ၌၊ သို့မဟုတ် ဘုန်းကြီးကျောင်းအတွင်း ပြင်ပေးထားသည့် အိပ်ရာပေါ်၌သာ မတ်တပ်ရပ်နိုင်သည်။

ပထမဆုံးနေ့တွင် ရှင်လောင်း ပေါ်ဆွန်ကုလမှာ မိသားစု စားသောက်ပွဲ၏ အာရုံစိုက်ရာ ဆုံချက် ဖြစ်သည်။ ၎င်းအား ဆံချပြီးနောက် မင်းသားတစ်ဦးအလား ဝတ်စားဆင်ယင်ပေးလိုက်သည်။ နံနက်ခင်း၌ ပထမဆုံး ရှင်လောင်းလှည့်ပွဲကို ဓမ္မာရုံတွင် စတင်သည်။

ရှင်လောင်းပေါ်ဆွန်ကုလအား လာရောက်ကူညီသူတစ်ဦးက သယ်ဆောင်ပေးပြီး ထိုသူနောက်တွင် ရှင်လောင်းအား နေဒဏ်မှ ကာကွယ်ရန် ထီးမိုးပေးသူနှင့် ရှင်လောင်း၏ အဆောင်အယောင်များကို သယ်ဆောင်လာသူတို့ လိုက်ပါကြသည်။ ရှင်လောင်းလှည့်ခြင်းကို ပင်မ ဘုရားကျောင်းပတ်လည်တွင် အိုးစည်၊ လင်းကွင်း တီးခတ်သော ဂီတသမားများ ခြံရံကာ လျှောက်လှမ်း ဆင်နွှဲကြသည်။  

နေ့လယ်ခင်းတွင် ရှင်လောင်းလှည့်ခြင်းကို ချင်းမိုင်မြို့မှ အဓိက ဗုဒ္ဓဘာသာ စေတီပုထိုးများသို့ ကားဖြင့်ချီတက်ကာ ဆက်လက်ကျင်းပကြသည်။ ၎င်းတို့က ရောက်ရှိရာ ဘုရားပုထိုးများအား သုံးကြိမ်မျှလှည့်ပတ်ကာ ကျောင်းထိုင်ဆရာတော်အား ဝတ်ပြုရှိခိုး ဦးတင်ကြသည်။

Buddhist devotees celebrate the three-day ritual in the northern Thai city of Chiang Mai. (Vincenzo Floramo / Frontier)

Buddhist devotees celebrate the three-day ritual in the northern Thai city of Chiang Mai. (Vincenzo Floramo / Frontier)

ဒုတိယနေ့ နံနက်တွင် ရှင်လောင်းများမှာ ဝပ်ပါပေါဝ် ကျောင်းသို့ ပြန်မလှည့်မီ သမိုင်းဝင် မြို့မြောက်တံခါးနှင့် လူစည်ကားသည့် ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ တာပေ့ ဂိတ်တံခါး အနီးဝန်းကျင် အပါအဝင် အရောင်အသွေးစုံ၍ ပျော်ရွှင်ဖွယ်ကောင်းသော လမ်းမချီတက်ပွဲ တစ်ခုအဖြစ် ချင်းမိုင်မြို့တော်ဝန်နောက်သို့ လိုက်ပါခဲ့ကြသည်။ ဂီတသမားများ ပါဝင်သည့် ဤချီတက်ပွဲမှာ ချင်းမိုင်မြို့ခံများအတွက် ပျော်ရွှင်မှုများကို ဆောင်ကြဉ်းပေးသကဲ့သို့ လူကြိုက်များသော ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်သည်။

ညနေခင်းတွင် ဘုရားကျောင်းရှိ မိသားစုမဏ္ဍပ်၌ ပေါ်ဆွန်ကုလ က ၎င်းအား ဂါရဝပြုရန်နှင့် လက်ဆောင်ပဏ္ဏာ ပေးလာကြသော မိသားစု ဧည့်ပရိသတ်များအတွက် ဆုတောင်းမေတ္တာ ပို့သပေးခဲ့သည်။ ဒုတိယညမှာ ပေါ်ဆွန်ကုလ၏ မိဘများအတွက် ရှည်လျားပြီး အလုပ်များသော ကာလ ဖြစ်သည်။ ၎င်းတို့၏ ဆွေမျိုး မိတ်သင်္ဂဟ ဧည့်ပရိသတ် ၇၀၀ အား ဧည့်ခံကျွေးမွေးနေရသောကြောင့် ဖြစ်သည်။

ထိုညမှာပင် ကျောင်းပရဝုဏ်အတွင်း အစားအသောက်နှင့် အခြားဈေးဆိုင်များ၊ စင်တင် ဖျော်ဖြေလျက်ရှိသော ရိုးရာအကများ ကြည့်ရှူရန် လာရောက်ကြသော ထိုင်းယိုင်လူမျိုးများ ပါဝင်သည့် လူအုပ်များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။ ဖျော်ဖြေပွဲများကို ညလုံးပေါက် ကျင်းပပေးခြင်း ဖြစ်သည်။

“ကျွန်မရဲ့သားအတွက် ဒီသုံးရက်အတွင်းမှာ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ခုလို မင်္ဂလာရှိတဲ့ နေ့တွေမှာ ကျွန်မတို့မိသားစု စုစုစည်းစည်း ညီညီညွတ်ညွတ် ကျင်းပနိုင်ဖို့ အခွင့်အလမ်း ရစေတဲ့ ဒီဗုဒ္ဓဘာသာ ရိုးရာဓလေ့ကိုလည်း နှစ်သက်မြတ်နိုးမိပါတယ်”ဟု ပေါ်ဆွန်ကုလ၏ မိခင်ဖြစ်သူ ဒေါ်စံကောက ဆိုသည်။

တတိယနှင့် နောက်ဆုံးနေ့ ရှင်သာမဏေ မသွတ်သွင်းမီ ပေါ်ဆွန်ကုလနှင့် အခြားရှင်လောင်းများက ၎င်းတို့၏ မိဘများနှင့်အတူ ဘုရားကျောင်းအတွင်း၌ စုဝေးလိုက်ကြသည်။ ရှင်လောင်းများသည် ဆရာတော်များ၏ ညွှန်ကြားချက်ဖြင့် မိဘများအား ပွေ့ဖက်နှုတ်ဆက်ခြင်း၊ မိဘများ၏ ခြေထောက်များကို သန့်စင်ခြင်းတို့အားဖြင့် ဂါရဝပြုကြသည်။ ညနေခင်း အစောပိုင်းတွင် မိသားစု စားသောက်ပွဲအပြီး ဘုန်းကြီးကျောင်းသို့ ရှင်လောင်းများ ပြန်လည်ရောက်ရှိလာကြကာ မိဘများ ဆက်ကပ်လာသော သင်္ကန်းများကို ကိုယ်တွင် ဝတ်ရုံဆင်မြန်းလိုက်ကြသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမြို့ ချင်းမိုင်တွင် သုံးရက်ကြာ ရှင်ပြုမင်္ဂလာ အခမ်းအနားကို ဆင်နွှဲနေကြသော ဗုဒ္ဓဘာသာဝင်များကို တွေ့ရှိရစဉ်။ ဓာတ်ပုံ - ဗင်ဆင့်ဇို ဖလိုရာမို

ထိုင်းနိုင်ငံ မြောက်ပိုင်းမြို့ ချင်းမိုင်တွင် သုံးရက်ကြာ ရှင်ပြုမင်္ဂလာ အခမ်းအနားကို ဆင်နွှဲနေကြသော ဗုဒ္ဓဘာသာဝင်များကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – ဗင်ဆင့်ဇို ဖလိုရာမို

ဤအခိုက်အတန့်မှာ ရှင်သာမဏေပြုပွဲ၏ စိတ်လှုပ်ရှား ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးသော အခိုက်အတန့်ပင် ဖြစ်တော့သည်။ ကလေးသူငယ်တို့သည် ၎င်းတို့၏ မိဘများနှင့် အချိန်အခိုက်အတန့်ကြာ ခွဲခွာကာ ရှင်သာမဏေများအဖြစ် နေထိုင်ကြရတော့မည် ဖြစ်သောကြောင့်ပင်။

ပွဲစံလောင်း ပွဲတော်အတွင်း သာသနာ့ဘောင်သို့ သွတ်သွင်းပြီးနောက်တွင် ကိုရင်ငယ်များမှာ ပုံမှန်အားဖြင့် သုံးရက်မှ တစ်ပတ်အထိ သင်္ကန်းဆီးလေ့ရှိသည်။ ရံဖန်ရံခါ ထို့ထက်ပို၍ ကြာလေ့ရှိသည်။ ဤရှင်ပြုမင်္ဂလာပွဲတော် အတွေ့အကြုံကို မေးမြန်းကြည့်ရာ ပေါ်ဆွန်ကုလ က “ဒီရှင်သာမဏေပြုပွဲကို သဘောကျခဲ့သလို ပျော်ပွဲရွှင်ပွဲကိုလည်း အရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ ကိုရင်တစ်ပါးရဲ့ဘဝက နည်းနည်း ခက်ခဲတယ်လို့တော့ ကျွန်တော်ထင်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရှင်သာမဏေပြုပြီး နောက်နေ့နံနက်တွင် ကိုရင်ငယ်လေးများမှာ စောစောထ၍ ဝါတော်ရ ဦးပဉ္ဖင်းတစ်ပါးနှင့်အတူ ဗုဒ္ဓဘာသာဝင်များ လောင်းလှူသော ခဲဘွယ်ဘောဇဉ်များကို ခံယူရန် မြို့အနှံ့ ခြေဗလာဖြင့် ဆွမ်းခံထွက်ကြသည်။

မာကြောသော သဲတရှပ်ရှပ် ကတ္တရာလမ်းပေါ်တွင် ဖိနပ်မပါဘဲ ပထမဆုံးအကြိမ် လမ်းလျှောက်ခြင်းမှာ ရှင်သာမဏေများအဖြစ် အချိန်အခိုက်အတန့်မျှ နေထိုင်စဉ်ကာလ၌ ဤသူငယ်ကလေးများ ရရှိလိုက်သည့် အမှတ်ရဖွယ် အဖြစ်ဆုံး အတွေ့အကြုံ တစ်ရပ် ဖြစ်ဖွယ်ရာ ရှိပါသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရှင်သာမဏေတချို့အား ချင်းမိုင်မြို့ လမ်းမတလျှောက် ဆွမ်းခံထွက်ကြွချိန် တွေ့ရစဉ်။ ဓာတ်ပုံ – ဗင်ဆင့်ဇို ဖလိုရာမို

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.