လက်ရက်ထည်ဖြင့် ပြင်သစ်ဖက်ရှင်စီးပွားရေး ထူထောင်ခြင်း

ဖက်ရှင်စွန့်ဦးတီထွင်သူ ပြင်သစ်လူမျိုးတစ်ဦးသည် ရက်ကန်းပညာရှင်တို့ ဖန်တီးသောအဝတ်အထည်များ၊ အဝတ်စဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများသုံးကာ ဒီဇိုင်းထုတ်ရာတွင် အောင်မြင်မှုနှင့် စိတ်တိုင်းကျမှုတို့ကို ရလျက်ရှိသည်။

လောရင်လီးချီစီ ရေးသားသည်။

စမ်းချောင်းမြို့နယ်ရှိ ထုံးခြောက်ဖျော့ရောင်နံရံနှင့် သူ့စတူဒီယိုထဲမှ မစ္စ ဆန်းဒီ ဂီးတတ်၏စတိုင်မှာ လွတ်လပ်ပေါ့ပါးသောပုံစံမျိုးဖြစ်သည်။ သူ့ကိုယ်နှင့်တသားတည်းကျနေသော လက်ပြတ်အင်္ကျီနှင့်  သူ့ကိုယ်ပိုင်ဒီဇိုင်း ခပ်ပွပွဘောင်းဘီအစင်းကို ဝတ်ထားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တစ်ခေါက်ရောက်ခဲ့စဉ်က ရန်ကုန်မြို့ရက်ကန်းရုံတစ်ရုံမှတဆင့် ပါလိုမာယာယာ Paloma Ya Ya ဆိုင်သို့ရောက်ရှိခဲ့သည်။ ထိုနှစ်မှာပင် သူထူထောင်ထားသော အဝတ်အထည်နှင့် တွဲဖက်ပစ္စည်းဆိုင်တစ်ဆိုင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထူးထူးခြားခြား မြန်မာဟန်ဖြင့် ရက်လုပ်ထားသော သဘာဝလက်ရက်ထည်ကြမ်းများကို ပြသထားသည်။

အခြားဖက်ရှင်ဆိုင်များနည်းတူ မစ္စဂီးတတ်၏ဇာတ်လမ်းက ပြင်သစ်မှာ စတင်ခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံရှိ ရှေ့ဆောင်ဖက်ရှင်၊ ဒီဇိုင်းနှင့်ဇိမ်ခံပစ္စည်းပညာသင်ကျောင်းဖြစ်သည့် Institut Français de la Mode တွင် စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ကို လေ့လာခဲ့ပြီး ဥရောပရှိ အဆင့်မြင့် ကုန်အမှတ်တံဆိပ်များအတွက် အဝယ်တော်လုပ်ခဲ့သည်။

သူ၏လေ့လာသင်ယူမှုနှင့် အတွေ့အကြုံက ချည်ထည်များကို ရွေးချယ်ရာတွင် သူ့အရည်အသွေးကို တောက်ပြောင်လာစေသကဲ့သို့ ဈေးကွက်ရှာဖွေမှု၊ ဈေးနှုန်းသတ်မှတ်မှုနှင့် စားသုံးသူများ၏ အသက်အရွယ်အလိုက် အခြေအနေကို သဘောပေါက်နားလည်မှုစသည့် ဖက်ရှင်လုပ်ငန်းမှအပဖြစ်သော ကိစ္စများကိုလည်း ကျွမ်းကျင်မှုရှိစေခဲ့သည်။ မစ္စဂီးတတ် ဆည်းပူးရရှိထားသည့် အတွေ့အကြုံက Paloma Ya Ya ကိုစတင်ထူထောင်ချိန်တွင် အဖိုးမဖြတ်နိုင်အောင်ဖြစ်ခဲ့သည်။

မစ္စဂီးတတ် ခုံမင်နှစ်သက်သည်မှာ ဖက်ရှင်တစ်ခုတည်း မဟုတ်ပေ။ ခရီးသွားလာရသည်ကို အရူးအမူးစွဲလမ်းပြီး အထူးသဖြင့် အာရှဒေသကို သဘောကျကာ လွန်ခဲ့သောလေးနှစ်က ရန်ကုန်မြို့ရှိ ရက်ကန်းရုံတစ်ရုံသို့ ရောက်ရှိခဲ့ခြင်းက အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့သည်။ အလုပ်ရုံမှ အမျိုးသမီးကြီးများက လွန်းကြီးများသုံး၍ လက်ရက်ထည်များ ရက်လုပ်နေပြီး မစ္စဂီးတတ်က သူတို့၏လုံ့လဝိရိယဖြင့် အနုပညာဆန်သောလုပ်ငန်းကို နှစ်သက်စွဲလမ်းကာ သူတို့ထုတ်ကုန်များ၏ အရည်အသွေးနှင့် လက်ရာတို့ကို နှစ်သက်စွဲလမ်းခဲ့သည်။

“သူတို့ရဲ့စွမ်းရည်နဲ့ အနုပညာလက်ရာက ကျွန်မရင်ကို ရိုက်ခတ်စေခဲ့ပါတယ်။ ကျွန်မက ချည်ထည်ရက်နည်းကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကရက်ကန်းသမားတွေရဲ့နည်းလမ်းက အလွန်ထူးခြားဆန်းပြားပြီး စိတ်ထဲမှာ စွဲငြိစေပါတယ်” ဟု မစ္စဂီးတတ်ကပြောသည်။

ရက်ကန်းရုံသွားခရီးစဉ်မှတဆင့် Paloma Ya Ya ထောင်ရန် သူအကြံရလာခြင်း ဖြစ်သည်။ ပလိုမာသည် မစ္စဂီးတတ်၏ ဥရောပအစဉ်အလာအရ “ချိုးငှက်” ဟုအဓိပ္ပာယ်ရပြီး ယာယာမှာ ကုန်အမှတ်တံဆိပ် အခြေစိုက်ရာ ရန်ကုန်ကို ရည်ညွှန်းခြင်းဖြစ်သည်။

မစ္စဂီးတတ်သည် မန္တလေးတိုင်းဒေသကြီးရှိ ရက်ကန်းရုံများအပြင် ရှမ်းနှင့်ရခိုင်ပြည်နယ်တို့မှ ရက်ကန်းရုံများနှင့် အစုစပ်လုပ်ငန်းထူထောင်ပြီး မကွေးတိုင်းဒေသကြီးထွက် ဝါဂွမ်းကို အသုံးပြုထုတ်လုပ်သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တစ်ခေါက်ရောက်ခဲ့စဉ်က ရန်ကုန်မြို့ရက်ကန်းရုံတစ်ရုံမှတဆင့် ပါလိုမာယာယာ ဆိုင်ဖွင့်ဖို့ ဖြစ်လာခဲ့သည်။ ဓာတ်ပုံ - ပံ့ပိုး

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တစ်ခေါက်ရောက်ခဲ့စဉ်က ရန်ကုန်မြို့ရက်ကန်းရုံတစ်ရုံမှတဆင့် ပါလိုမာယာယာ ဆိုင်ဖွင့်ဖို့ ဖြစ်လာခဲ့သည်။ ဓာတ်ပုံ – ပံ့ပိုး

သူ့ဒီဇိုင်းများကို ချင်းလူမျိုးစုငယ်များဖြစ်ကြသော အသျှိုနှင့် ဆုံတူ၊ ရခိုင်လူမျိုးစုများဖြစ်သည့် မြို စသည့် တိုင်းရင်းသားလူမျိုးများ၏ နက်နဲသောအထည်ပုံစံများနှင့် ရောယှက်ကာ မကြာခဏဆိုသလို ပေါင်းစပ်ထုတ်လုပ်လေ့ရှိသည်။

မစ္စဂီးတတ်သည် အဓိကအားဖြင့် ဝါဂွမ်း၊ ပိုးနှင့်ကြာတို့မှ ထုတ်လုပ်သော သဘာဝချည်များကို အသုံးပြုသည်။ အမျိုးသမီးဝတ် ချပ်ချပ်ရပ်ရပ်ထမီကို သူမြတ်နိုးသော်လည်း မြန်မာချည်ထည်နှင့်လိုက်ဖက်သည်ဟု သူပြောလေ့ရှိသော လွတ်လွတ်လပ်လပ်ရှိသည့် ဥရောပဒီဇိုင်းများကို ပိုမိုသဘောကျတတ်သည်။

“ကျွန်မက တခြားဒီဇိုင်နာအများစုနဲ့ မတူဘူး။ သူတို့က အဝတ်အထည်ကို ပထမကြည့်ပြီးမှ ပုံစံနဲ့ဒီဇိုင်းကို စဉ်းစားတယ်။ ပြီးတော့မှ ဒီဇိုင်းပုံဖော်လို့ရမယ့်ချည်ကို ရှာကြတယ်။ ကျွန်မကတော့ ချည်ကိုအရင်စဉ်းစားပြီးမှ ချည်ထည်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းတွေကိုဖန်တီးတယ်” ဟု မစ္စဂီးတတ်ကပြောသည်။

ကုန်အမှတ်တံဆိပ်၏ အရေးပါသောအချက်မှာ မစ္စဂီးတတ်၏ဒီဇိုင်းများ၌ သဘာဝဝန်းကျင်နှင့် ညီညွတ်မှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော ချည်များကို အသုံးပြုရေးဖြစ်သည်။

 “ထုတ်လုပ်မှုနဲ့ စွန့်ပစ်မှုတွေ ဆောင်ရွက်တဲ့အခါ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ဓာတုဆိုးဆေးတွေသုံးတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဒီရန်ကုန်မှာက အဲဒီလိုဆောင်ရွက်နိုင်တဲ့ ရေထုတ်မြောင်းစနစ် မရှိပါဘူး။ ဆိုးဆေးတွေကထွက်တဲ့ ဓာတုဗေဒပစ္စည်းတွေအားလုံး မြစ်တွေနဲ့ကန်တွေထဲ ပြန်ရောက်သွားပြီး လူတွေနဲ့ဂေဟစနစ်ကို အန္တရာယ်ပေးနိုင်ပါတယ်” ဟု သူကပြောသည်။

မစ္စဂီးတတ်သည် သဘာဝဆိုးဆေး၊ သို့မဟုတ် သစ်ပင်အခြေပြုဆိုးဆေးကို အသုံးပြုထားသောချည်ထည်ကို အသုံးပြုသည်။ သို့မဟုတ်ပါက သူ့ဒီဇိုင်း၏ အခြေခံလက္ခဏာတစ်ရပ်အဖြစ် မပြုမပြင် ပင်ကိုယ်သဘာဝအတိုင်း ထုတ်လုပ်ထားသောအထည်များကို အသုံးပြုသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ တာဝန်သိတတ်မှုအတွက် လွန်ခဲ့သည့်ဒီဇင်ဘာက တရုတ်နိုင်ငံ၌ ကျင်းပသည့်အခမ်းအနားတစ်ခုတွင် သူဆုချီးမြှင့်ခံရသည်။ ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ ဂေဟစနစ် ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတွင် Paloma Ya Ya သည် “Best Value” ဆုကို ရရှိခဲ့သည်။

သူ့စွဲလမ်းနှစ်သက်မှုမှာ အဝတ်အထည်ဒီဇိုင်းဖြစ်သော်လည်း မစ္စဂီးတတ်သည် သူ့စီးပွားလုပ်ငန်းကို အိမ်အသုံးအဆောင်နှင့် အိမ်တွင်းအလှဆင်ပစ္စည်းများအထိပါ ချဲ့ထွင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများမှာ ပြည်တွင်းဖြစ်အဝတ်အထည်များကို မရနိုင်သဖြင့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ မှာယူနေရကြောင်း သူတို့နှင့်တွေ့ဆုံရာ၌ သူ့ကိုပြောပြသဖြင့်သိခဲ့ရရာ ယခုစိတ်ကူးကို ရရှိလာခဲ့ခြင်းဖြစ်ကြောင်း မစ္စဂီးတတ်ကပြောသည်။

“အခုတော့ ဒီလုပ်ငန်းက ကျွန်မအဓိက အာရုံစိုက်တဲ့ လုပ်ငန်းဖြစ်လာပါပြီ” ဟု သူကပြောသည်။

မစ္စဂီးတတ်သည် ဆေးရုံများတွင် အသုံးပြုသည့် ဝတ်စုံများ၊ အိပ်ရာခင်းများ၊ ကူရှင်များနှင့် အခြားအိမ်တွင်းအလှဆင် တွဲဖက်ပစ္စည်းများအတွက် ဒီဇိုင်းများဖန်တီးလျက်ရှိသည်။ ဟိုတယ်များတွင် အသုံးပြုနေသော အဝတ်လျှော်စက်ကြီးများ၏ ဒဏ်ကိုခံနိုင်စေရန် ပုံမှန်ထက်နှစ်ဆ ပိုမိုခံနိုင်ရည်ရှိသော ပြည်တွင်းဖြစ်အထည်များကိုသာ သူ့ပရိုဂျက်အတွက်သုံးသည်။ ပရိုဂျက်က အထည်ရက်လုပ်မှုဆိုင်ရာ သူ၏အသိပညာ ဗဟုသုတကို ပိုမိုချဲ့ထွင်ပေးကြောင်း မစ္စဂီးတတ်ကပြောသည်။ သူ့လုပ်ငန်းကို အလွန်စိတ်ကျေနပ်မှုရှိသော်လည်း စိန်ခေါ်မှုများကို ရင်ဆိုင်ရကြောင်းကိုမူ သူကပြောသည်။

“ဒီကုန်အမှတ်တံဆိပ်မှာ ရှိသမျှအားလုံးကို ကျွန်မဒီဇိုင်းဆွဲခဲ့ပေမဲ့ လက်ရာနဲ့ ကုန်ကြမ်းပစ္စည်းအားလုံးက မြန်မာဖြစ်တွေချည်းပါပဲ” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

မစ္စဂီးတတ်၏ လက်ရာများကို www.palomayaya.com တွင် လေ့လာနိုင်သည်။ စမ်းချောင်းရှိ သူ၏လက်လီအရောင်းဆိုင်ကို ကြိုတင်ချိတ်ဆက်၍ သွားရောက်နိုင်သည့်ပြင် [email protected] မှတဆင့်လည်း အီးမေးဖြင့်ဆက်သွယ်စီစဉ်နိုင်သည်။

ခေါင်းစီးဓာတ်ပုံ – ပံ့ပိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.